ချင်းတိုင်းရင်းသားများသည် ဘိုးဘွားအစဉ်အဆက် တောင်ယာကို အဓိကစိုက်ပျိုးလုပ်ကိုင်နေ လျက်ရှိရာ နှစ် စဉ် တောင်ယာခုတ် ရာတွင် ကျေးရွာ အုပ်စု တစ်ခုနှင့် တစ်ခုဖြစ်စေ၊ ကျေးရွာအတွင်း ရှိ ကျေးရွာတစ်ရွာနှင့် တစ်ရွာဖြစ်စေ နယ်နိမိတ်အပေါ် ပြဿနာများ မကြာခဏဖြစ်ပေါ် လျက်ရှိ ပါကြောင်း၊ ယခင်အင်္ဂလိပ်လက်ထက်တွင် ချင်းတောင်တန်း စည်းမျဉ်းဥပဒေ ၁၈၉၂ ပြဋ္ဌာန်းကာ ရှေးအစဉ် အဆက်ရှိခဲ့သော ကျေးရွာများ၏ နယ်နိမိတ် ကို ပြန်လည် သတ်မှတ်ခဲ့ပြီး ကျေးရွာအကြီးအကဲများ ခန့်အပ်တာဝန်ပေး ရာတွင် ကျေးရွာအကြီး အကဲခန့်အပ်သော အမည်၌ ၎င်းတို့စီရင်အုပ်ချုပ်ရ မည့် ကျေးရွာ နယ်နိမိတ်များကို ဖော်ပြထားပြီး သူကြီးခန့်အပ်သည့် မှတ်ပုံတင် စာအုပ်မှ မှတ်တမ်းရေးသွင်းထားသည်ကို တွေ့ရှိခဲ့ပါကြောင်း၊
ချင်းပြည်နယ်အတွင်း ကျေးရွာနယ်နိမိတ်များကို ၁၉၃၅ ခုနှစ်၊ ၁၉၄၈ ခုနှစ်၊ ၁၉၇၃ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရန် ချင်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး အဆင့် နယ်နိမိတ်များကို ယခင်ရှိပြီး နယ်နိမိတ်မှတ်တိုင်များနှင့် ပြန်လည်စိစစ်ပြီး အတည်ပြုခဲ့ သည်ဟု လေ့လာ သိရှိခဲ့ရပါကြောင်း၊ သို့သော် နောက်ပိုင်း အစိုးရလက်ထက်တွင် နယ်နိမိတ်မှတ်တိုင် များကို ရွေ့ပြောင်းခြင်း များကြောင့် မှတ်တိုင်များ အတိအကျမရှိ၍ ပြဿနာများဖြစ်ပေါ်လာပြီး ချင်းပြည်နယ်သည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းများနှင့် နယ်နိမိတ်ပြဿနာများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဤသို့ဖြစ်ပေါ်ရခြင်း၏ အဓိကအားနည်းချက်မှာ
(၁) ရပ်ကွက်/ ကျေးရွာအုပ်စု အကြီးအကဲ ရွေးချယ်ခန့်ထားရာတွင် ၎င်းတို့စီရင်အုပ်ချုပ်ရမည့် နယ်နိမိတ် အတိအကျ သတ်မှတ်ဖော်ပြချက် မရှိခြင်း။
(၂) ရပ်ကွက်/ ကျေးရွာအုပ်စု၏ နယ်နိမိတ်ဖော်ပြချက် မှတ်တမ်းမြေပုံ များကို ကျေးရွာတွင် လည်းကောင်း၊ မြို့နယ်ဦးစီး ဌာနတွင်လည်းကောင်း တိတိကျကျ မရှိခြင်း။
(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်လွှဲပြောင်းချိန်တွင် မြို့နယ်မြေစာရင်း ဦးစီးဌာနမှ မြေပြင် ကွင်းဆင်းပြသမှု အစဉ်အလာ မရှိခြင်း။
(၄) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိမိတာဝန်ကျသည့် ရပ်ကွက်/ ကျေးရွာအုပ်စု များကို ခွဲဝေ ထားခြင်းနှင့် ယခင် အင်္ဂလိပ်အစိုးရကဲ့သို့ လစဉ်ပုံမှန်ကွင်းဆင်း၍ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ခြင်းမရှိခြင်းတို့ကြောင့် နယ်နိမိတ်ပြဿနာ များ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ (၁) ကျေးရွာ/အုပ်စုနယ်နိမိတ်မှတ်တိုင်များကို ယခင်ကဲ့သို့ သေသေ ချာချာစိစစ်ပေးပြီး တိုင်များ ပြန်လည်စိုက်ထူပေးရန်၊
(၂) ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်ထားရာတွင် စီရင်အုပ်ချုပ်ရမည့် နယ်နိမိတ်ဖော်ပြပြီး အုပ်ချုပ် ရေးမှူး ခန့်အပ်မှုမှတ်ပုံတင်စာအုပ် ပြန်လည် ထားရှိပေးရန်၊
(၃)မြို့နယ်မြေစာရင်းဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ မြေပြင်ကွင်းဆင်း ပြသနိုင်ရန်၊
(၄) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဒုတိယဦးစီးမှူးများကို မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု အပိုင်းလိုက်တာဝန်ခွဲပြီး လစဉ်ကွင်း ဆင်းစေ ကာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ်များ စိစစ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းများ ပြုလုပ်ရန် တို့ကိုမေးမြန်းပါသည်။
ချင်းပြည်နယ်ကို ခရိုင် ၃ ခရိုင်၊ မြို့နယ် ၉ မြို့နယ်၊ မြို့နယ်ခွဲ ၄ ခု၊ မြို့ ၁၃ မြို့၊ ရပ်ကွက် ၄၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၇၀ အုပ်စုနှင့် ကျေးရွာ ၁၃၄၆ ရွာ ကို ဖွဲ့စည်းထားရှိပါသည်။ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုနှင့် ကျေးရွာများ၏ အကျယ်အဝန်းဧရိယာ ဧကနှင့် နယ်နိမိတ်အလားအလာ သတ်မှတ်ချက်များသည် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား ရှိသော အမိန့်ကြော်ငြာစာအရ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှုတွဲများ၌ ပါရှိသည့်အတိုင်း အတည်ပြုထားရှိပါကြောင်း၊ ချင်းပြည်နယ်၏ တိုးတက်ဖွံ့ဖြိုးလာသော လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများအရ အချို့ကျေးရွာများသည် မူလနေရာမှ ပိုမိုကောင်း မွန်သော နေရာသို့ ပြောင်းရွှေ့အခြေချမှု များရှိနေသောကြောင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ အတည်ပြုစာရင်းနှင့် မြေပြင်ပေါ်ရှိ ကျေးရွာများ၏ တည်နေရာနှင့် အရေအတွက် ကွဲလွဲနိုင်မှုရှိပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေး မှူးများက ဦးဆောင်ကြီးကြပ်ကာ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် ပူးပေါင်းပြီး မြေပြင် ကွင်းဆင်းစစ်ဆေးစိစစ် ဆောင်ရွက်ခဲ့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုသည့် အမည်စာရင်းတွင် ပါဝင်ပြီး မြေပြင်တွင် တည်ရှိမှုမရှိသော ကျေးရွာ ၁၂၁ ရွာ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အတည်ပြုစာရင်းတွင် မပါဝင်သော်လည်း မြေပြင်တွင် တည်ရှိနေသော ကျေးရွာသစ် ၁၆၅ ရွာ၊ သစ်တောကြိုးဝိုင်းအတွင်း ကာလကြာရှည်စွာ အခြေကျနေထိုင်ခဲ့သောကြောင့် ကျေးရွာအဖြစ် သတ်မှတ်သင့်သည့် ကျေးရွာ ၃၂ ရွာရှိပါကြောင်း၊ ကျေးရွာသစ်များ၏ နယ်နိမိတ်သတ်မှတ်ရာတွင် မြန်မာနိုင်ငံ မြေစာရင်းလက်စွဲဥပဒေ ပုဒ်မ ၉၉၅ တွင်ပါရှိသော သဘာဝအပိုင်းအခြား အမှတ်အသားများ တိုင်းတာထားသော အမြဲ မြေစာရင်းအမှတ်အသားများဖြင့် သတ်မှတ်နိုင်ရန် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဦးဆောင် ကြီးကြပ်၍ ပြုစုဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိကျေးရွာများတွင် နယ်နိမိတ်အငြင်းပွားမှုဖြစ်ပေါ်ပါက ယခင်က ရှိခဲ့သော သူကြီးမှတ်ပုံတင်စာအုပ်တွင်ပါသည့် ကျေးရွာနယ်နိမိတ်ကို စိစစ်ခြင်း၊ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရှိ အမှုတွဲပါအတိုင်း မြေပုံနယ်နိမိတ်တို့ကို စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများ၏ ထွက်ဆိုချက်များ၊ အငြင်းပွားသော ကျေးရွာများမှ ရှေ့မီနောက်မီရပ်မိရပ်ဖများ၏ ထွက်ဆိုချက်များ၊ အခြားသက်သေ အထောက်အထား စာရွက်စာတမ်းများကို ရယူစိစစ်ကာ ဖြေရှင်းဆောင်ရွက် လျက်ရှိ ပါကြောင်းနှင့် ကျေးရွာများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းကိစ္စရပ်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ မှ နိုင်ငံတော်သမ္မတရုံးသို့ အမှုတွဲများနှင့်အတူ ထောက်ခံတင်ပြဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊
မေးခွန်း (၂)နှင့်ပတ်သက်၍ ရပ်ကွက် (သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးခန့်အပ်သည့် မှတ်ပုံတင်စာအုပ်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် ရပ်ကွက် (သို့) ကျေးရွာအုပ်စုစာရင်းချုပ်အဖြစ်လည်းကောင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်အလိုက် စာရင်းချုပ်အဖြစ်လည်းကောင်း၊ သီးခြားဖိုင်များဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ သည့်နည်းတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်တွင်လည်း ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကိုယ်ရေးမှတ်တမ်းကတ်ပြားများကို ထိန်းသိမ်းထားရှိပြီး ပြောင်းလဲလာသော အုပ်ချုပ်မှုပုံစံစနစ်နှင့်အညီ မှတ်တမ်းများ ပိုမို စနစ်တကျဖြစ်စေရန် ရပ်ကွက် (သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မှတ်ပုံတင်စာအုပ်များကို ပြန်လည်ထားရှိလျက်ရှိကြောင်း။
မေးခွန်း (၃)နှင့်ပတ်သက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တာဝန်လွှဲပြောင်းလက်ခံပြီးသည့်အချိန်တွင် တာဝန်ကျ မြေတိုင်းစာရေးသည် အုပ်ချုပ်ရေးမှူးနှင့်အတူ မြေပြင်ကွင်းဆင်းပြသ၍ အပ်နှံမှုကို ယခင်ကရှိခဲ့သော်လည်း ပြောင်းလဲ လာသော အုပ်ချုပ်မှုပုံစံများကြောင့် ယခုအခါ ဆောင်ရွက်မှု မရှိတော့သည် ကို တွေ့ရှိရ ပါကြောင်း၊ လိုအပ်ချက်များအရ ကွင်းဆင်းသည့်အခါ လိုက်လံပြသမှု များ ဆောင်ရွက်လျက်ရှိေ သာကြောင့် မြေစာရင်းလက်စွဲ ဥပဒေပုဒ်မ ၉၉၇ ပါအတိုင်း ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြန်လည် ဆောင်ရွက်ပေးသင့်ပါကြောင်း၊
မေးခွန်း (၄)နှင့်ပတ်သက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးစီမံ-၁ များကို ရပ်ကွက် (သို့) ကျေးရွာအုပ်စုများ၌ နယ်မြေပိုင်းခြားတာဝန်ပေးအပ်ပြီး လစဉ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်စေလျက်ရှိရာ စစ်ဆေးသည့် နေရာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်ထားရှိရမည့် ပုံစံ ၂၇ မျိုးထားရှိခြင်းရှိ/ မရှိ၊ မှတ်ချက်အတိုင်း ဖြည့်စွက် ထားခြင်းရှိ/မရှိ၊ ရုံးလုပ်ငန်းနှင့်ပတ်သက်သည့်ကိစ္စများ စစ်ဆေးခြင်း၊ ရပ်မိရပ်ဖများမှ ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသခံ များ၏တင်ပြချက်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိကြောင်း ဖြေကြားပါသည်။
ဒေါ်ဇာတလဲမ်း(ထန်တလန်) က ဆက်စပ်မေးခွန်းကို ဆက်လက်မေးမြန်းပါသည်။
မြေစာရင်းဦးစီးဌာနနှင့်ပူးပေါင်းမှသာ မိမိလိုအပ်သော မေးခွန်း၏အဖြေကို ရရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် အုပ်ချုပ်ရေး ကဏ္ဍတွင် အထောက်အကူပြုကော်မတီများ ဖွဲ့စည်းသည့်အခါ အုပ်ချုပ်ရေးမှူး (သို့) ပြည်သူတွင် မည်သူက ရွေးမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း
ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာ အုပ်စုများမှ ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
