(ဂ)-မြန်မာ့မီးရထားလုပ်ငန်းမှ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိသောကြေးနန်းကြိုးများနှင့်တိုင်များ ကိုပြုပြင်ထိန်းသိမ်းပေးနိုင်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၂၆.၈.၂၀၁၃)

ဦးတင်ထွေး (အုတ်ဖို) ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်အတွင်းသို့ ဖြတ်သန်း ခုတ်မောင်းအသုံးပြု လျက်ရှိသော ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန မြန်မာ့မီးရထားလုပ်ငန်း၏ မီးရထားဘူတာရုံများအချင်းချင်း ဆက်သွယ်ရေးအတွက် သွယ်တန်းထားသော မြို့နယ်အတွင်းရှိ မိုင်တိုင်အမှတ် ၉၄/၇ မှ ၁၀၅/၅ အထိ အရှည်အားဖြင့် ၉.၅ မိုင်ရှည်လျားသော ကြေးနန်းကြိုးများ၊ သံတိုင်များသည် သစ်ပင်ကြီးများ သဘာဝဘေးများကြောင့် ယိုင်လဲခြင်း၊ ကြိုးများ ပြုတ်ကျနေခြင်းများဖြစ်ပေါ်လျက် ရှိနေပါကြောင်း၊ အဆိုပါမီးရထားလမ်းမကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ရန်ကုန်-ပြည် မီးရထားလမ်းကြီးဖြစ်ပြီး နှစ်ပေါင်း ၁၃၀ ကျော် ကြာမြင့်သည့် အတွက် ကြိုးများပြုတ်ကျနေခြင်း၊ သံတိုင်များလဲနေခြင်းတို့ကြောင့် နိုင်ငံပိုင် ပစ္စည်းများဖြစ်သော ကြေးနန်းကြိုးများကို အလွယ်တကူ ဖြတ်တောက် ရယူနေခြင်းများ ရှိနေပါကြောင်း၊ တာဝန်သိ ပြည်သူတို့၏ သတင်းပေးမှုအရ ဖမ်းမိသော လူများ ကို ဥပဒေအရ အရေးယူခြင်းများ တွေ့မြင်သိရှိနေရသော်လည်း မဖမ်းမိဘဲ ပျောက်ဆုံး ဆုံးရှုံးနေသော နိုင်ငံပိုင်ပစ္စည်းများ မည်မျှရှိနေမည်ဆိုသည်ကို မသိရှိနိုင်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူ များကလည်း ၎င်းကြိုးများ၊ တိုင်များ ကို ပြန်လည်စိစစ်သင့်ပါကြောင်း၊

ယနေ့အချိန်တွင် ဘူတာရုံများသည် အဆင့်မြင့် ဆက်သွယ်ရေးစကားပြောစက်များနှင့် ဆက်သွယ်အသုံးပြုနေပြီဖြစ်ပါ၍ ရေရှည်အသုံးပြုနိုင်ရန် မြန်မာ့မီးရထားလုပ်ငန်းမှ ဆက်သွယ်ရေးအတွက် အသုံးပြုလျက်ရှိသော ကြေးနန်းကြိုးများနှင့် တိုင် များကို စနစ်တကျ ပြုပြင်ထိန်းသိမ်းပေးနိုင်ခြင်း ရှိ/မရှိနှင့် နိုင်ငံပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် အမြန် ဆုံး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်း မီးရထားလုပ်ငန်း၏ မီးရထားဘူတာရုံ အချင်းချင်းဆက်သွယ်သော မိုင်တိုင် အမှတ် ၉၄/၇ ဖာလုံမှ ၁၀၅/၅ ဖာလုံအထိ ၉ မိုင်ခွဲရှည်လျားသည့် တယ်လီဖုန်းလိုင်းများသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင်ဖြစ်ပါကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် မွန်းမံထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လက်ရှိ တိုင်များပေါ်တွင် မီးရထားအတွက် တစ်ဖက်နှင့်တစ်ဖက်အသုံးပြုနိုင်သော ကွန်ထရိုင်းလိုင်း ၂ ပင်နှင့် လိုင်းကြိုး ၁ ပင်ပါ သော ဘလောက်လိုင်းကြိုးများနှင့် ကြို့ပင်ကောက်-အုတ်ဖို-မင်းလှ အရန် ဖိုက်ဘာဆက်ကြောင်းကို ဆောင်ရွက်ထား ပါကြောင်း၊ ယခုအခါ မီးရထားအတွက် တစ်ဖက်နှင့်တစ်ဖက်အသုံးပြုနိုင်သော ဘလောက်လိုင်း များ၊ မဂ္ဂနက်တို တယ်လီဖုန်း များသည်လည်း ဟောင်းနွမ်းပြီး သုံးစွဲ၍မရသော အနေအထားတွင်ရှိသည့်အတွက် ဆက်သွယ်ရေး I-com စက်များနှင့်သာ သုံးစွဲနေရပါကြောင်း၊ လိုင်းများတွင် တပ်ဆင်ထားသော တိုင်များ၊ ကြိုးများကိုပြန်လည်စစ်ဆေးပြီး ဆက်သွယ်ရေး လုပ်ငန်း အတွက် လက်ရှိအသုံးပြုနေသော ကြိုးများနှင့် တိုင်များ ကို ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် အသုံး မပြုသော လိုင်းကြိုးများကိုလည်း စနစ်တကျဖြုတ်သိမ်းနိုင်ရန် စီစဉ်ဆောင်ရွက် ထားပြီးဖြစ် ပါကြောင်း ဖြေကြားပါသည်။