(က)-နိုင်ငံတကာရှိ မြန်မာသံရုံးများမှ Visa ထုတ်ပေးရာ တွင်ကောက်ခံရရှိငွေများနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၂၆.၈.၂၀၁၃)

ဦးဝင်းဦး (ရေဖြူ) ပထမမေးခွန်းအနေဖြင့် နိုင်ငံတကာရှိ မြန်မာနိုင်ငံသံရုံးများက VISA ထုတ်ပေးခြင်း အပေါ်တွင် ရရှိသော အခွန်ငွေများကို မည်သို့ စိစစ်သုံးစွဲ သည်ကို မေးမြန်းမည်ဖြစ်ပါကြောင်း၊  ယနေ့ကာလတွင် မိမိတို့နိုင်ငံ သို့ နိုင်ငံခြား သားများ၊ Diplomatများ၊ လုပ်ငန်းနှင့် ပတ်သက်သူများ၊ Touristများ လာရောက် လည်ပတ်ခြင်းမှာ ပိုမိုများပြားလာပါကြောင်း၊ Diplomat များသည် VISA ကင်းလွတ်ခွင့် ရထားသော်လည်း နိုင်ငံခြားသားများ၊ အလုပ်နှင့်ပတ်သက်သူများ၊ Touristများ က VISA ယူသည့်အခါတွင် VISA Fees များပေးရသည့် အတွက် နိုင်ငံတကာမှ လာကြသောနိုင်ငံခြားသားများနှင့် Tourist များအပေါ်တွင် ခန့်မှန်း၍ တစ်နှစ်လျှင်နိုင်ငံခြားဝင်ငွေမည်မျှရနိုင်သည်ကို ခန့်မှန်းကြည့် ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရသုံး ဘတ်ဂျက်ကိုကြည့်ရာတွင် ၎င်းဝင်ငွေများ ဖော်ပြထားခြင်းကိုမတွေ့ရပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနကို စုံစမ်းသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနသို့ လွှဲပေးသည်ဟုသိရသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ရသုံး ဘတ်ဂျက်တွင်လည်း အဆိုပါဝင်ငွေများကို သီးခြားဖော်ပြထားခြင်း မတွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါဝင်ငွေများကို နိုင်ငံတော်ဘတ်ဂျက်( သို့ ) မိမိတို့ နိုင်ငံ၏ Foreign Exchange Resultတို့အနက် မည်သည့်ထဲသို့ ထည့်သွင်းသည်ကို သိရှိလိုကြောင်း။

ဒုတိယမေးခွန်းအနေဖြင့်  မိမိတို့နိုင်ငံသည် ASEAN Member မဖြစ်ခင်က အိမ်နီးနားချင်းနိုင်ငံများ (ဥပမာ - ထိုင်း၊ မလေးရှား၊စင်္ကာပူ)သို့ သွားသည့်အခါ VISA မလိုဘဲ ၂ ပတ်ဝင်ခွင့်ရသော်လည်း ASEAN Member ဖြစ် လာပြီးသည့် နောက်ပိုင်းတွင် VISA ယူပြီးမှ ဝင်ခွင့်ရပါကြောင်း၊ ပြီးခဲ့သော World Economic Forum တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးက ၂၀၁၄-၁၅ တွင်  အာဆီယံနိုင်ငံ တချို့နှင့် VISA မလိုဘဲ အပြန်အလှန်သွားလာနိုင် ရန်အစီအစဉ်များ ရှိသည်ဟုသိရဖြင့် ယင်းအစီအစဉ်နှင့်ပတ်သက်ပြီး မည်သို့စီစဉ်ထား သည်၊ မည်သည့်အချိန်တွင် လုပ်နိုင်ပါ မည်ကို သိရှိလိုကြောင်း၊

နောက်ဆုံးမေးခွန်းအနေဖြင့် ယခင်က မြန်မာနိုင်ငံသားများ သွားရောက်အလုပ်လုပ်ကိုင်နေသော နိုင်ငံများရှိမြန်မာ သံရုံးများတွင် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရပြီး ၂၀၁၁ နောက်ပိုင်း အခွန်မဆောင်ရတော့သော်လည်း ပတ်စ်ပို့များ သက်တမ်းတိုးခြင်း၊ အသစ်လဲခြင်းနှင့် အခြားထောက်ခံချက်များအတွက် သံရုံးက ရရှိသော ဝင်ငွေများကို မည်သို့စိစစ်သုံးစွဲပါ သနည်းနှင့် အဆိုပါ ဝင်ငွေများမှ သက်ဆိုင်ရာသံရုံးများကို အရေးပေါ် သုံးစွဲခွင့်များပေးထားခြင်း ရှိ/မရှိနှင့်  မပေးထားရသေး ပါက ပေးသင့်ပါကြောင်းကို တင်ပြမေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးတင်ဦးလွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးတင်ဦးလွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးများမှကောက်ခံရရှိသော VISA ထုတ်ပေးခြင်းမှရရှိသည့် နိုင်ငံခြားငွေမျိုးစုံအား သက်ဆိုင်ရာရုံး များ မှ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)သို့ ၃ လ ၁ ကြိမ် ယူရိုငွေကြေးဖြင့် လွှဲပြောင်းပေးပို့ရပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သို့ ရောက်ရှိလာသည့် ယူရိုငွေကြေးပမာဏနှင့်ညီမျှသည့်ကျပ်ငွေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ငွေစာရင်းသို့ ဆက်လက်လွှဲပြောင်းပေးသွား ပါကြောင်း၊ မြန်မာ သံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံး၊ မြန်မာ ကောင်စစ် ဝန်ချုပ်ရုံးများ၏ VISA ထုတ်ပေးခြင်း မှ ကောက်ခံရရှိငွေ အနေဖြင့် ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် မတ်လအထိ VISA ခ ယူရိုငွေ ၈၅၂၅၄၂၅ (အမေရိကန်ဒေါ်လာအားဖြင့် ၁၁၇၀၀၀၅၇ ဒေါ်လာ)၊ ၂၀၁၂ ခုနှစ် ဧပြီလမှ ၂၀၁၃ ခုနှစ် မတ်လအထိ VISA ခ ယူရိုငွေ ၁၃၄၀၅၅၂၁ (အမေရိကန်ဒေါ်လာအားဖြင့် ၁၄၅၀၄၀၇၀)၊ ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၃ ခုနှစ်မေလအထိ VISA ခ ယူရိုငွေ ၂၂၉၂,၅၄၈ (အမေရိကန်ဒေါ်လာအားဖြင့် ၃၀၁၇၆၇၇)ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၃ ခုနှစ်မေလအထိ VISA ထုတ်ပေးခြင်းမှကောက်ခံရရှိငွေမှာ ယူရိုငွေ ၂၄၂၂၃၄၉၄ (အမေရိကန် ဒေါ်လာအားဖြင့် ၂၉၂၂၁၈၀၄) ဖြစ်၍ တစ်နှစ်လျှင် ပျှမ်းမျှယူရိုငွေ ၁၁၁၇၉၉၀၂ (အမေရိကန်ဒေါ်လာအားဖြင့် ၁၃ ၄၈၆ ၇၇၉) ခန့်ဖြစ်ပါကြောင်း၊  လာမည့်ဘဏ္ဍာနှစ်များတွင် အာဆီယံနိုင်ငံများနှင့် ကူးသန်းသွားလာရာ၌ အာဆီယံနိုင်ငံ အချင်းချင်း နိုင်ငံသားများအား VISA ကင်းလွတ်ခွင့်အပြန်အလှန် Reciprocal ပေးအပ်ရန် အစီအစဉ်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်စေရန်ရည်ရွယ်၍ သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူး နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် အပြန်အလှန် VISA ကင်းလွတ်ခွင့် သဘော တူညီချက်ကို အာဆီယံနိုင်ငံ များအားလုံးနှင့် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ အကြားတွင် သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ၁၄ ရက်အပြန်အလှန် VISA ကင်းလွတ်ခွင့် သဘောတူညီချက်ကို ၂၀၀၆ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး မကြာမီကာလတွင် ဗီယက်နမ်နိုင်ငံနှင့် လက်မှတ် ရေးထိုးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ကျန်အာဆီယံနိုင်ငံများနှင့်လည်း သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအတွက် အပြန်အလှန် VISA ကင်းလွတ်ခွင့်သဘောတူညီချက်ကို လာမည့် ဘဏ္ဍာရေးနှစ် အတွင်း လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊  နိုင်ငံတကာရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံး များတွင် နိုင်ငံတကာ၌အလုပ်လုပ်နေရသော မြန်မာလူမျိုးများမှ ယခင်ကာလက ပေးသွင်းရသော ၁၀ ရာခိုင်နှုန်းဝင်ငွေခွန်များ၊ ထောက်ခံစာထုတ်ပေးခြင်းမှ ကောက်ခံရရှိသောဝင်ငွေများ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခြင်းနှင့် နိုင်ငံကူးလက်မှတ်အသစ်များ ထုတ်ပေးရာတွင် ကောက်ခံရရှိသော ဝင်ငွေများ အား သက်ဆိုင်ရာနိုင်ငံ ရှိ မြန်မာသံရုံး၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးများ၏ လိုအပ်ချက် များတွင် သုံးစွဲခွင်‌့မရှိပါကြောင်းနှင့် အထက်တင်ပြပါ VISA ထုတ်ပေးခြင်းမှကောက်ခံ ရရှိသည့် ငွေများကဲ့သို့ပင် ကောက်ခံရရှိ ငွေများကို သက်ဆိုင်ရာရုံးများမှ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)သို့ ၃ လ ၁ ကြိမ် ယူရို ငွေကြေးဖြင့် ပုံမှန်လွှဲပြောင်းပေးပို့ပြီး မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် လက်ခံရရှိပါက ညီမျှသည့်ကျပ်ငွေအား ဝင်ငွေခွန်မှ ကောက်ခံ ရရှိငွေအတွက် ဘဏ္ဍာရေးဝန်ကြီး ဌာန ငွေစာရင်းသို့ လည်းကောင်း ထောက်ခံစာ ထုတ်ပေးခြင်းမှ ကောက်ခံရရှိငွေ အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ငွေစာရင်းသို့လည်းကောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခြင်းနှင့် အသစ်ထုတ် ပေးခြင်းမှ ကောက်ခံရရှိငွေ အတွက် ပြည်ထဲရေးဝန်ကြီး ဌာန ငွေစာရင်းသို့ လည်းကောင်း ဆက်လက်လွှဲပြောင်းပေး သွားလျက်ရှိပါကြောင်း ဖြေကြားပါသည်။