ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၃၉၀) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးနေစိုးအောင်၊ ဝန်းသိုမဲဆန္ဒနယ်မှ မေးမြန်းသော ဝန်းသိုမြို့နယ်၊ ကျိုင်းခွင်ကျေးလက် ကျန်းမာရေးဌာနအား စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီးဖြစ်၍ မကြာမီတွင် အဆောက်အဦ ပြီးစီးပြီး ဝန်ထမ်းအိမ်ရာ ရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးအောင်စိုး၊ ယင်းမာပင်မဲဆန္ဒနယ်မှ မေးမြန်းသော ယင်းမာပင်မြို့နယ်၊ ညောင်ကိုင်း ကျေးရွာတိုက်နယ်ဆေးရုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခွင့်ချထား ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဦးစိုးမိုးသူ၊ မြောင်းမြမဲဆန္ဒနယ်မှ မေးမြန်းသော မြောင်းမြမြို့နယ်တွင် မြောင်းမြမြို့သူ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်အား ဂုဏ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မဒေါ်ခင်ကြည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအား ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနပိုင်မြေမိန့်ကို လျှောက်ထားဆဲဖြစ်ပြီး ရရှိပါက ချက်ချင်းဆောက်လုပ်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်မှ မေးမြန်းသော တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြ ကျေးရွာတွင် တိုက်နယ်ဆေးရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လောလောဆယ် အခြေအနေတွင် တိုက်နယ်ဆေးရုံအဖြစ် မစဉ်းစားသေးဘဲ နောင်လိုအပ်သောအချိန်မှသာ စဉ်းစားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဦးအာမိုးဆီ၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ မေးမြန်းသော ခေါင်လန်ဖူးမြို့နယ်ရှိ ရှီးလန်ဒမ်း အုပ်စုတွင် ကျေးလက်ကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ အောက်တိုဘာလတွင် စသောဘဏ္ဍာရေးနှစ်တွင် သက်ဆိုင်ရာဌာနများသို့ တင်ပြပြီး ပထမဦးစားပေး အနေဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၆) ဦးဦးထွန်းဝင်း၊ ကျောက်တော်မဲဆန္ဒနယ်မှ မေးမြန်းသော ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရှိ ဝန်ထမ်းများ ခန့်ထားခြင်းနှင့်ပက်သက်၍ လက်ထောက်ကျန်းမာရေးမှူးများကို မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) (HA-1) အစား မြို့နယ်ကျန်းမာရေးမှူး (THA) အဖြစ် ရာထူးတိုးပေးရန်၊ မြို့နယ်ကျန်းမာရေးမှူး (THA) များကို မြို့နယ်အဆင့်တွင် ခန့်အပ်ရန်နှင့် လက်ထောက် ကျန်းမာရေးမှူးများကို မည်သည့်အဆင့်အထိ ရာထူးတိုးပေးမည်၊ ရာထူးတက်လမ်း ရှိသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြို့နယ်ကျန်းမာရေးမှူး အဖြစ်ရာထူးတိုးပေးရန် ဖွဲ့စည်းပုံအသစ်ကို ပြင်ဆင်နေပြီဖြစ်သဖြင့် မကြာခင်မှာ အဆင်ပြေလာမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်တွင် ခန့်အပ်ရန်အတွက် အရည်အချင်းနှင့်လုပ်သက် သတ်မှတ်ချက်ပေါ် မူတည်ပြီး သင့်လျော်သော ဦးစီးအရာရှိနေရာတွင် ခန့်ထားပေးမည်ဖြစ်ကြောင်းနှင့် လက်ထောက်ကျန်းမာရေးမှူး ရာထူးများကို ဒုတိယညွှန်ကြားရေးမှူးရာထူးအထိ တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို (၁) ခုကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဦးအောင်ခင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ နိုင်ငံသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် ဒေသဆရာဝန်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် mobile medical team ဖွဲ့ပြီး ကျေးရွာများသို့ အလှည့်ကျကွင်းဆင်း၍ Rural Community Health မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ် (၁၃) ဦးမှ ဆွေးနွေးပြီး အဆိုအားမှတ်တမ်းတင်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
(ဂ) ဥပဒေကြမ်း (၁) ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၈.၂.၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ (၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နေ့လယ် (၁၂) နာရီ (၂၅) မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၇.၂.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
