ဝန်းသိုမြို့နယ်ရှိ ကျိုင်းခွင်ကျေးလက်ကျန်းမာရေးဌာနကို ၁၉၆၈ ခုနှစ်ကတည်းက စတင်တည်ဆောက် ခဲ့ခြင်းဖြစ်သည့်အတွက် နှစ်ပေါင်း ၅၀ ကြာခဲ့ပြီဖြစ်ပြီး နှစ်ပေါင်းကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းနေပြီး ဥပဓိရုပ်မကောင်းခြင်း၊ အုတ်ချပ်များအကန့်လိုက်ကွာကျခြင်း၊ ပြတင်းတံခါးများ ခိုင်ခံ့မှုမရှိခြင်း စသည်တို့ ဖြစ်ပေါ်နေပြီး အန္တရာယ်ရှိအဆောက်အဦအဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အခက်အခဲ များ ဖြစ်ပေါ်နေသည့်အပြင် ၎င်းအဆောက်အဦတည်ဆောက်ခဲ့စဉ်အခါက ကျန်းမာရေးဌာန၏ သတ်မှတ် ထားသည့် စံချိန်စံညွှန်းနှင့်အညီ စံကိုက်အဆောက်အဦဆောက်လုပ်ခဲ့ခြင်းမဟုတ်သည့်အတွက် ဝန်ထမ်း အိမ်ရာများလည်း ပါဝင်ခြင်းမရှိခဲ့ပါကြောင်း၊ ထို့အပြင် အဆောက်အဦတည်ရှိသည့် မြေသည်လည်း ဌာနပိုင်မြေမဟုတ်ဘဲ သာသနိကပိုင်မြေ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တည်ရှိနေသည့်အတွက် ပြောင်းရွှေ့ပြီး အသစ်တည်ဆောက်ပေးသင့်သည့်အနေအထား ဖြစ်ပါကြောင်း၊ ၎င်းကျေးလက်ကျန်းမာရေး ဌာနအောက်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ခုနစ်ခုရှိပြီး ကျေးရွာ ၇၈ ရွာ၊ အိမ်ခြေ ၄၂၄၄ အိမ်၊ လူဦးရေစုစုပေါင်း ၂၁၅၈၃ ဦးအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနေသည့်အတွက် အလွန်အရေးပါ လာပါကြောင်း၊
ကျိုင်းခွင်ကျေးလက်ကျန်းမာရေးဌာန မြေနေရာပြောင်းရွှေ့ပေးရန်နှင့် စံကိုက်အဆောက်အဦ အသစ် ပြန်လည်ဆောက်လုပ်ပေးရန်အတွက် ယခင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကလည်း ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ရက်စွဲပါစာဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြခဲ့ပါကြောင်း၊ အဆိုပါ တင်ပြချက်အရ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ ရက်စွဲပါစာဖြင့် မြို့နယ်ကျန်းမာရေးဌာနကို အင်ဂျင်နီယာအသေးစိတ်တွက်ချက်မှုဖြင့် အမြန်ဆုံးပြန်လည်တင်ပြပါရန် အကြောင်းကြားခဲ့သည့်အတွက် ဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်အထိ အသစ်တည်ဆောက်ပေးခဲ့ခြင်းမရှိပါကြောင်း၊ ယခုအခါ ကျိုင်းခွင်ကျေးလက်ကျန်းမာရေးဌာန ပြောင်းရွှေ့ဖွင့်လှစ်ရန် လိုအပ်သည့်မြေနေရာရရှိရေးအတွက် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်းသိုမြို့နယ်၊ ကျိုင်းခွင်ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၎င်းအဆောက်အဦသည် ၁၉၆၈ ခုနှစ်ကစပြီး တည်ဆောက်ခဲ့ပါကြောင်း၊ ကိုယ်ထူကိုယ်ထ တည်ဆောက် သည့်အတွက် စံကိုက်နှင့်လုံးဝမကိုက်ညီသည်မှာ မှန်ပါကြောင်း၊ သာသနာပိုင်မြေဖြစ်သည့်အတွက် အိမ်လည်းတည်ဆောက်၍ မရပါကြောင်း၊ မြေမပိုင်ဆိုင်ပါက မိမိတို့ မတည်ဆောက်ပါကြောင်း၊ ထို့ကြောင့် ကြာမြင့်နေခြင်း ဖြစ်ပါကြောင်း၊ သို့သော် ၂၀၁၄ ခုနှစ်ကတည်းက ကျေးရွာမှ ၁၅၀ ပေပတ်လည် မြေလှူ ဒါန်းထားပါကြောင်း၊ သုံးနှစ်အကြာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှ မြေပိုင်ဆိုင်မှုရရှိပါကြောင်း၊ မိမိတို့ ရရချင်း လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၂၆ သန်းဖြင့် တည်ဆောက်ရန်အတွက် မိမိတို့ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းထားပါကြောင်း၊ ပင်မဆောင်တစ်ဆောင်၊ နှစ်ခန်းတွဲအမှုထမ်းအိမ်ရာ တစ်လုံး ရရှိမည် ဖြစ်ပါကြောင်း၊ သုံးခန်းတွဲအမှုထမ်းအိမ်ရာတစ်လုံး၊ နှစ်လက်မ အဝီစိတွင်း၊ အုတ်ရေစက် အိမ်၊ ခြံတို့ အားလုံးရရှိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မကြာခင် ၎င်းအဆောက်အဦ ပြီးစီးပြီး ဝန်ထမ်း အိမ်ရာလည်း ရရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
