ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၉ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ်မှ မေးမြန်းသော နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေး၊ လုပ်သားအင်အား၊ လူမှုရေးဖွံ့ဖြိုးမှု၊ စီးပွားရေးဖွံ့ဖြိုးမှုများကို စဉ်းစားခြုံငုံ သုံးသပ်ပြီး အမျိုးသားလူဦးရေမူဝါဒ ချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမျိုးသားလူဦးရေမူဝါဒကို ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်အေးအေးမူ၊ ကလေးမဲဆန္ဒနယ်မှ မေးမြန်းသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနနှင့်ပညာရေးဌာနများတွင် လူနည်းစုတိုင်းရင်းသားများ၏ ကိုယ်ရေး အချက်အလက်များ ဖြည့်သွင်းရာ၌ မြန်မာအက္ခရာအပြင် သက်ဆိုင်ရာ တိုင်းရင်းသား အလိုက် အက္ခရာ သို့မဟုတ် နိုင်ငံတကာသုံး အင်္ဂလိပ်အက္ခရာနှင့်ပါ ဖြည့်စွက်ရေးသွင်း ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တိုင်းရင်းသား ဘာသာဖြင့် အမည်များကို ဖြည့်သွင်းရေးဆွဲနိုင်ပါကြောင်း တိကျစွာ ပြဋ္ဌာန်းထား သည့်အတွက် မြန်မာအသံထွက်နှင့်မြန်မာစကား အသံထွက်မှန်အောင် ရေး၍မရသည့် တိုင်းရင်းသားအမည်များကို မြန်မာဘာသာအပြင် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာဖြင့်လည်း ရေးဆွဲဖော်ပြနိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်မှ မေးမြန်းသော တိုင်းရင်းသား မျိုးနွယ်စုများတွင် ရိုဟင်ဂျာ လူမျိုးမရှိကြောင်းအား မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂိကထုတ်ဝေသည့် မီဒီယာများမှာ ရိုဟင်ဂျာဆိုသည့် လူမျိုးအမည်ကို ထည့်သွင်းအသုံးမပြုကြောင်းနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစာရင်းတွင် မပါဝင်ကြောင်း ကြိမ်ဖန်များစွာ ဖော်ပြပြီး ဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းမှ ထုတ်ယူရရှိသည့် လူမျိုးစုစာရင်း များတွင် အငြင်းပွားဖွယ်ရာရှိနေသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးတော့မှ ညှိနှိုင်းသဘော တူညီချက်ရရှိချိန်တွင် တိုင်းရင်းသားလူမျိုးများစာရင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်မှ မေးမြန်းသော ဆောက်လုပ်ရေးလုပ်ငန်းများ၊ သင်္ဘောကျင်းများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Safety Course သင်တန်းများ ပို့ချပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဆိုပါ သင်တန်းများကို ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်း ကျောင်း(သုဝဏ္ဏ)တွင် ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းဆင်းလက်မှတ်များလည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် တိုင်းနှင့်ပြည်နယ်အလိုက်ပို့ချ၍ သင်တန်းဆင်းလက်မှတ် များရရှိအောင် ဆောင်ရွက်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးစိုင်းအောင်ကျော်၊ ကျေးသီးမဲဆန္ဒနယ်မှ မေးမြန်းသော ကျေးသီးမြို့နယ်တွင် လဝက ဦးစီးအရာရှိ တစ်ဦးနှင့် မိုင်းနောင်မြို့တွင် လဝကမှူး တစ်ဦးအား အစားထိုးခန့်ထား ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အရာထမ်းဝန်ထမ်း ဦးစီးအရာရှိတစ်ဦးနှင့် အမှုထမ်းဝန်ထမ်း လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးတစ်ဦးတို့၏ အင်အားဖြည့်တင်းပေးနိုင်ရေးကိုလည်း ဦးစားပေးပြီးတော့မှ အမြန်ဆုံး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးနိုင်နိုင်ဝင်း၊ တစ်မူးမဲဆန္ဒနယ်မှ မေးမြန်းသော တစ်မူးမြို့မှ တစ်ဖက်နိုင်ငံနယ်စပ်မြို့သို့ ခုနှစ်ရက်ပတ်စပို့ သို့မဟုတ် နေ့ချင်းပြန် ပတ်စပို့ဖြင့် တရားဝင် ကူးသန်းသွားလာခွင့် ရရှိရန် မည်သို့စီမံဆောင်ရွက်ပေးသွားမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက မြန်မာနှင့်အိန္ဒိယနိုင်ငံကြား နယ်စပ်ဖြတ်သန်းသွားလာရေး ဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ စာချုပ်ချုပ်ဆိုပြီးပါက နယ်စပ်ဝင်ထွက် ပေါက်များမှတစ်ဆင့် တရားဝင်သတ်မှတ်ပြီးတော့မှ နှစ်နိုင်ငံ နိုင်ငံသားများအား နယ်စပ် ဖြတ်သန်းသွားလာခွင့် လက်မှတ်များဖြင့် တရားဝင်ကူးသန်းသွားလာခွင့်ရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုကိုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးစိုင်းသီဟကျော်၊ မိုးရယ်မဲဆန္ဒနယ်မှ တင်သွင်းသည့် အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံပြင်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရသော မြန်မာနိုင်ငံသားများသည် ပြည်ပနိုင်ငံများ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မူဝါဒများနှင့် အခြားသော အကြောင်း ရပ်တို့ကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိနေသဖြင့် ၎င်းတို့ဆက်လက် ရပ်တည်နိုင်ရေးနှင့် နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာကြပါက ထိရောက်သော ကူညီ စောင့်ရှောက်မှုပေးနိုင်ရေးအတွက် သင့်လျော်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ် (၇)ဦးမှ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ အဆိုအား ကန့်ကွက်ဆန္ဒမဲများသဖြင့် လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဂ) အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းပြီး ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းပြီး ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥ့ပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို ပြင်ဆင်ချက်မရှိ အတည်ပြုသည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ( ၄၉ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၆.၂.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာ ရီ တွင် လျာထားပါသည်။
