(ဈ)-ဝေးလံ ခေါင်သီသော ဒေသများတွင် အခြေပြု ထားသောတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သား များနှင့် မသန်စွမ်း စစ်သည် (အငြိမ်းစား) များ အတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့မှုများ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈.၈.၂၀၁၃)

ဦးစိုင်းသန်းနိုင် (ဖာပွန်) ဖာပွန်ဒေသကဲ့သို့ ဝေးလံခေါင်သီသော ဒေသများတွင်ရှိကြ သည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် နယ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းများသည် ယခုအခါ ဒေသရှားပါး စရိတ် ရရှိခံစားကြနေပြီဖြစ်သည့်အတွက် စားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေနေကြပြီဟုဆိုနိုင်သော်လည်း ဝေးလံခေါင်သီသော  ဒေသတွင်ရှိသော ကာကွယ်ရေး ဝန်ကြီးဌာန၏ လက်အောက် ရှိ တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် တပ်မတော်သားများသည် ဒေသစရိတ်၊ ရှားပါးစရိတ်ကို ခံစား ခွင့်မရရှိ ခဲ့ကြပါ ကြောင်း၊  ၂၀၀၃ ခုနှစ် မတိုင်မီ အဆိုပါဒေသမျိုးတွင်ရှိသော တပ်မတော် သားများ၏ မှီခိုသူမိသားစုဝင်များကို  ဆန်၊ ဆီ၊ ပဲ၊ ဆား အစရှိသော မိသားစုရိက္ခာ၊ ယူနစ်ရိက္ခာအဖြစ် ထုတ်ပေးခဲ့သော်လည်း ၂၀၀၃ ခုနှစ်ခန့်ကနေစတင်ကာ ထုတ်ပေးခြင်း မပြုတော့ကြောင်း၊ ထို့အပြင် မသန်စွမ်းစစ်သည်ဆိုသည်မှာလည်း တိုင်းပြည်နှင့် နိုင်ငံအတွက် မိမိ၏ခန္ဓာကိုယ်ကို စွန့်လှူ ထားခဲ့ကြသူများဖြစ်ပြီး မသန်စွမ်းစစ်သည်များသည် အများနည်းတူ စစ်ရေးတာဝန် ထမ်းဆောင်နိုင် စွမ်းမရှိခြင်း၊ အငြိမ်းစား ဘဝနှင့် ရပ်တည်ရန်လည်း မသန်စွမ်းဘဝဖြင့် ပြင်ပလောကတွင် အလုပ်အကိုင် ရှာဖွေရရှိရန် မလွယ်ကူလှသည့်အတွက် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ မိသားစုစားဝတ်နေရေးကို အနိုင်နိုင်ရင်ဆိုင်ဖြေရှင်းနေကြရပါကြောင်း၊ ယခုအခါ တပ်မတော်က အငြိမ်းစားတွေအတွက် စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ရန် နေရာချထားပေးနေသောကြောင့် ဖာပွန်မြို့တွင် စစ်မှုထမ်းဟောင်းအိမ်ရာ ၁၀ လုံးဆောက်လုပ် ပေးထားခြင်းကို တွေ့ရှိရသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ဖာပွန်ကဲ့သို့ ဝေးလံခေါင်သီသော ဒေသများတွင် အခြေစိုက်၊ အခြေပြုထားကြသော တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၏ မိသားစုများအား မိသားစုရိက္ခာများပြန်လည်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက  မည်သည့် အချိန်တွင် စတင်ထုတ် ပေးနိုင်မည်နှင့် အစီအစဉ် မရှိလျှင်မည်သို့သော အကြောင်းများကြောင့် ထုတ်မ ပေးနိုင် သည်ကို သိရှိလိုပါကြောင်း၊ (၂) မသန်စွမ်းစစ်သည်အငြိမ်းစားများအတွက် နိုင်ငံတော်မှ မည်သို့သော ထောက်ပံ့ ကူညီမှုများ ပေးနေကြောင်းနှင့် မသန်စွမ်း စစ်သည်အငြိမ်းစားအားလုံးအတွက် အိမ်ရာများဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့် နယ်မြေဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား၏ စစ်ဆင်ရေးတာဝန် အပြည့်အဝ ထမ်းဆောင်နိုင်ရေးအတွက် ရိက္ခာများကို သတ် မှတ်နှုန်း ထားအတိုင်း ခွင့်ပြုကျွေးမွေးလျက်ရှိပြီး စစ်ဆင်ရေး၊ နယ်မြေ စိုးမိုးရေး၊ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော တပ်များကို ၂၀၁၀ ခုနှစ် ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လအထိ ကျပ်သန်းပေါင်း ၁၀၉၀ သန်းနှင့် တပ်မတော်ဆေးရုံများတွင် တက်ရောက်ကုသလျက်ရှိသော မှီခိုသူ လူနာစောင့်များ အတွက် ရိက္ခာ ၄ မယ်အပါအဝင် (၉/၂၀၁၂) လမှ (၇/၂၀၁၃) လအထိ ကျပ်သန်းပေါင်း ၆၂ သန်း ထောက်ပံ့ခဲ့ပါကြောင်း၊  စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီးပါကလည်း အင်အားဖြည့်ရိက္ခာများကို ဆရာဝန်လက်မှတ်ဖြင့် ထုတ်ပေး ကျွေးမွေးလျက် ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း တို့ကြောင့် ဝယ်ယူရန်ခက်ခဲသော  နယ်စပ်ဒေသများရှိ တပ်မတော်သားများ၏ မိသားစုဝင်များအတွက် အိမ်ထောင်စုဝင်ရိက္ခာ(ယူနစ်ရိက္ခာ)များကို ၁-၆-၁၉၅၆ ရက်နေ့မှ ၃၁-၁၂-၂၀၀၃ ရက်နေ့ အထိသာ ငွေနောင်ပေးစနစ်နှင့် ထုတ်ပေးခဲ့ပြီး ကျသင့်ရိက္ခာ တန်ဘိုးငွေကို ကာကွယ်ရေး ရငွေစာရင်းသို့ ပြန်လည်ပေးသွင်းစေခဲ့ပါကြောင်း၊  ၁-၁-၂၀၀၄ ရက်နေ့မှစပြီး အိမ်ထောင်စုဝင်ရိက္ခာ (ယူနစ် ရိက္ခာ)များကို ဆက်လက်ထုတ်ပေးခြင်း မပြုတော့ဘဲ အိမ်ထောင်စုဝင်များအနေဖြင့် တပ်မတော်မှ ထုတ်ပေးရောင်းချမှု အပေါ်တွင် မှီခို အားထားမှု မရှိစေဘဲ မိသားစုအပိုဝင်ငွေ ရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူခြင်း၊ တပ်တွင်း ကုန်စုံဆိုင်မှ စားကုန်/လူသုံးကုန်များအား သက် သာသောဈေးနှုန်းဖြင့် ရောင်း ချပေးခြင်း၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိ သော ဆန်နှင့်အခြားစားသုံးသီးနှံများကို သက် သာသောဈေးနှုန်းဖြင့် မိသားစုများသို့ ထုတ်ပေး/ ရောင်းချစေခြင်းဖြင့် မိသား စုဝင်များ စားသောက်ရေး အဆင်ပြေစေရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ယူနစ်ရိက္ခာများ ထပ်မံ ထုတ်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် ပတ်သက်၍  နောက်တစ်ချိန်တွင် နိုင်ငံတော်မှ ဘဏ္ဍာငွေကြေးခွင့်ပြုပေး လာနိုင်မည် ဆိုပါက ဝေးလံခေါင်သီသောဒေသများအတွက် အိမ်ထောင်စုဝင်ရိက္ခာ၊ ယူနစ်ရိက္ခာများရရှိရန် စီမံဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော (သို့) ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအတွက် ထောက်ပံ့စောင့်ရှောက်ရေး ဥပဒေကို  ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေအမှတ် (၈) ဖြင့် ၃၀-၃-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် အဆိုပါ ဥပဒေအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် နည်း ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရေး ဥပဒေမူကြမ်းအား ၂၇-၁၁-၂၀ ၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးဖြစ်သည့် အပြင်  ဦးမောင်းဆွေ ဦးစီးသော လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့လည်း ရောက်ရှိပြီး မကြာခင် အချိန်တွင် နည်းဥပဒေကို အတည်ပြုသွားမည်ဟု သိရှိရပါကြောင်း ဖြေကြားပါသည်။