မိမိ ယနေ့ မေးမြန်းမည့်မေးခွန်းသည် တပ်မတော်၏ကျေးဇူးနှင့် ဆက်နွယ်ပြီး နိုင်ငံတစ်ဝန်းရှိ စက်မှုထမ်းဟောင်း များ အတွက်ဖြစ်ပါကြောင်း၊ စစ်သားဘဝသည် ရရန် မလွယ်သကဲ့သို့ ရရှိပါက ပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ စွန့်လွှတ်ခြင်းများစွာနှင့် မည်သည့်နိုင်ငံရေးမှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကို အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ရည်ရွယ်ပြီး ရှေ့တန်းစစ်မြေပြင်တွင် ဒုက္ခပေါင်းများစွာနှင့် ကာလရှည်စွာ မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး များကို မစောင့်ရှောက်နိုင်သော ဖခင်များအနေဖြင့် ပို၍ ပင်ပန်းဆင်းရဲ သည့်ဘဝကို ဖြတ်ကျော်ခဲ့ရပါကြောင်း၊ စစ်သည်များ သာမက ၎င်းတို့၏ ဇနီး၊ သားသမီးများပါ နယ်စွန်နယ်ဖျားတွင် ကြီးပြင်းလာရသောကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ဘက်စုံချို့တဲ့ခဲ့ရသည့်အပြင် အကြောင်းအမျိုး မျိုးကြောင့် တပ်မတော်မှ အငြိမ်းစားယူကြသည့် အခါတွင်လည်း စားဝတ်နေရေးနှင့် အလုပ်အကိုင်အခက်အခဲများ ကြုံတွေ့ခဲ့ရပါကြောင်း၊ စစ်မှုထမ်းဟောင်း ဘဝ ရောက်သည့်အခါတွင် စီးပွားရေး အတွေ့အကြုံများ၊ အရင်းအနှီးများ မရှိသည့်အပြင် ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရပါက အလုပ်အကိုင်အတွက် အခက်အခဲများ ကြုံတွေ့ရပါကြောင်း၊ ယနေ့ အချိန်တွင် မြို့နယ်အသီးသီး၌ စစ်မှုထမ်းဟောင်း အဖွဲ့ချုပ်များရှိပြီး ဌာနချုပ်မှ အသက် ၇၅ နှစ်ပြည့်ပြီးသော စစ်မှုထမ်းဟောင်းများကို ငွေကျပ် ၂၀၀၀၀ နှင့် စစ်မှုထမ်းဟောင်းများကွယ်လွန်လျှင် ဆုကြေးငွေ ၁၀၀၀၀ ကျပ်၊ သားသမီးများဂုဏ်ထူးရပါက ၁၀၀၀၀ ကျပ် ချီးမြှင့်ထောက်ပံ့ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစပြီး မူလတန်း ၁၀၀၀၀ ကျပ်၊ အလယ်တန်း ၁၅၀၀၀ ကျပ်၊ အထက်တန်း ၂၀၀၀၀ ကျပ် ချီးမြှင့်သည် ကိုတွေ့ရှိရသည့်အပြင် ယခုခေတ်ကာလတွင် ထူးခြားမှုတစ်ခုအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများကို လွယ်ကူစွာ ဆေးရုံတက်၍ ကုသရနိုင်ပါကြောင်း၊ သို့သော်စစ်မှုထမ်းဟောင်းများ၏ စားဝတ်နေရေးမပြေလည်မှု အခက်အခဲများကို တွေ့မြင်နေရသောကြောင့် နောက်အနာဂတ်တွင် တပ်မတော်ထဲသို့ ဝင်ရောက်မည့် နောင် လာနောက်သားများအတွက် အဟန့်အတားဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် တပ်မတော်သားများ အတွက် အာမခံချက်တစ်ခုနှင့် တပ်မတော်ထဲဝင်မည့်အဆင့်ကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်သည်ကို အကြံပြုတင်ပြလိုပါကြောင်း၊ စစ်မှုထမ်းဟောင်းများ၏ ဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်နည်းတူ တာဝန်ပေးအပ်သည့်အပိုင်းများကို ပြန်လည်သုံးသပ်ကာ နိုင်ငံတော်အကျိုးအတွက် လက်တွေ့ကျကျ သယ်ပိုးပြီး နေထိုင်စားသောက်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရန်နှင့် ပြည်သူချစ်သော စစ်မှုထမ်းဟောင်း များဖြစ်စေရန်အတွက် မိမိမေးမြန်းလိုသည်မှာ
(၁) မိမိတို့နိုင်ငံတော်တွင် တပ်မတော်မှ အငြိမ်းစားယူပြီး စစ်မှုထမ်းဟောင်းဦးရေ မည်မျှရှိပါသနည်း။
(၂) စစ်မှုထမ်းဟောင်းများကို နိုင်ငံတော်အကျိုးအတွက် ရည်ရွယ်ပြီး လက်တွေ့ကျသည့် မည်သည့်တာဝန်များပေးအပ်ရန် အစီစဉ်ရှိပါသနည်း။
(၃) တပ်မတော်တွင် အသက်သွေးချွေးပေးဆပ်၍ တာဝန်ထမ်းဆောင်ခဲ့သော်လည်း စစ်မှုထမ်းဟောင်းဘဝတွင် စားဝတ်နေရေး ချို့တဲ့စွာ နေထိုင်ရခြင်းအပြင် ၎င်းတို့၏ သားသမီးများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခက်အခဲများ ကြုံတွေ့နေရသောကြောင့် နိုင်ငံတော်အနေနှင့် ယခုဆောင်ရွက်နေသည်ထက် ပိုမို ကောင်းမွန်သောအစီအစဉ်ဖြင့် စစ်မှုထမ်းဟောင်းများ၏ ဘဝကိုမြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၏ လက်ရှိစစ်မှုထမ်းဟောင်း အဖွဲ့ဝင်အင်အားသည် အမာခံ ၇၆၉၇ ဦး၊ အခြားအဆင့် ၉၃၅၅၃ ဦး ၊အရန်တပ်ဖွဲ့အင်အား ၁၂၅၆၆၈ ဦး စုစုပေါင်း ၂၂၆၆၉၁၈ ဦးရှိပါသည်။ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ပြောင်းလဲ လာသော ခေတ်စနစ်နှင့် အညီ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၂၆/၂၀၁၂) ဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့သည် တို့တာဝန် အရေးသုံးပါးကို အမျိုးသားနိုင်ငံရေးလမ်းစဉ် အဖြစ်ခံယူကာ အောက်ဖော်ပြပါ ရည်ရွယ်ချက် ၃ ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို တပ်မတော်၏ ဦးဆောင်မှုဖြင့် အစဉ်မပြတ်ခံယူဆောင်ရွက်သွားရန်၊ စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်အချင်းချင်းနှင့် မိသားစုများကို ကူညီဆောင်ရွက်ပေးနိုင် ရန်၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် အခြားသော မိတ်ဖက် အဖွဲ့ အစည်းများနှင့်အတူ ပါဝင်ကူညီ ဆောင်ရွက်သွားရန်တို့ဖြစ်သည်။ အထက်ပါရည်ရွယ်ချက်များနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါလုပ်ငန်းတာဝန်ကြီး ၅ ရပ်ဖြစ်သော အမျိုးသားနိုင်ငံရေးရာ လုပ်ငန်း တာဝန်များ၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးရာလုပ်ငန်းတာဝန်များ၊ စီးပွားရေးရာ လုပ်ငန်း တာဝန်များ၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်နှင့် လူမှုရေးနှင့်သက်သာချောင်ချိရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါကြောင်း၊ ယခုအချိန်တွင် အင်အားကြီးနိုင်ငံများမှ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ သံတမန်ရေး နည်းလမ်းများဖြင့် မိမိတို့နိုင်ငံကို သွေးခွဲ၍ အချုပ်အခြာအာဏာကို ကျူးကျော် စော်ကားပြီး အန္တရာယ်များကျရောက်လာလျှင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့သည် တပ်မတော်၏ ဦးဆောင် လမ်းညွှန်မှုနှင့် အညီ ကျရောက်လာသော အန္တရာယ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် နိုင်ငံရေးတာဝန်များကို ကျေပွန်စွာ ထမ်း ဆောင်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်မှအနား ယူခဲ့သည့် အငြိမ်းစားစစ်မှုထမ်းများ ကျဆုံး၊ သေဆုံးသော စစ်မှုထမ်းများ၏ မှီခိုသူမိသားစုဝင်များ ဘဝရပ်တည်မှု အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ထုံးလုပ်နည်း များနှင့်အညီ အလေးထားဆောင်ရွက်ပေးလျက်ရှိရာ စစ်ဆင်ရေးတွင် ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရရှိပြီး ဆေးအဆင့်နိမ့်သတ်မှတ် ခြင်းခံရသော အရာရှိစစ်သည်များအား ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ အထိ ငွေကျပ်သန်းပေါင်း ၂၂၀၆၃.၃ သန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကိုလည်း စနစ်တကျ ဖွဲ့စည်းထားရှိပြီး အငြိမ်းစားစစ်မှုထမ်းများနှင့် မှီခိုသူ မိသားစုဝင်များ ၏ နေရေးထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကို ဖြည့်ဆည်းပေးရန်နှင့် စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များအား ပိုမိုထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်စစ်မှုထမ်းဟောင်း၊ တိုင်းဒေသကြီး /ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များသို့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ အစုရှယ်ယာများ ထည့်သွင်းပေးရာ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် အစုရှယ်ယာထည့်ဝင်ပြီး ဖြစ်လာမည့် ငွေမှာ ကျပ်သန်းပေါင်း ၅၂၇၁.၃ သန်းဖြစ်ပါကြောင်း၊ ထို့အပြင် ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးအစီအစဉ်ဖြင့် တိုင်း စစ်ဌာနချုပ် နယ်မြေအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာများ တည်ဆောက်ပြီး နေရာချထားပေးလျက်ရှိရာ အိမ်ရာဆောက်လုပ်မည့်အရေအတွက် ၃၄၄၄ တွင် ဆောက်လုပ်ပြီး အရေအတွက် ၂၆၄၇ လုံး၊ ဆောက်လုပ်ဆဲ အရေအတွက် ၁၈၄ လုံးနှင့် ဆောက်လုပ်ရန် ၆၁၃ လုံး ကျန်ရှိပြီး ဆောက်လုပ်ပြီးသည့်အနက် ၂၅၃၄ လုံး ကို နေရာချထားပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အရေအတွက်မှာ ၁၁၃ လုံးဖြစ်ပါကြောင်း၊ ထိုစစ်မှုထမ်းဟောင်းအိမ်ရာများအတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ လစဉ်ငွေကျပ် သိန်း ၁၀၀ နှင့် ဘိလပ်မြေအိတ် ၁၀၀၀ ကို တိုင်းစစ်ဌာနချုပ်အလိုက် အလှည့်ကျ ခွဲဝေ ထောက်ပံ့ပေးလျက်ရှိပြီး ၎င်းအိမ်များတွင် နေထိုင်ခြင်းမရှိဘဲ မိမိကိုယ်ပိုင် အိမ်ခြံမြေတွင် နေထိုင်သူများအတွက် အိမ်ပြင်စရိတ် တစ်ဦးလျှင် ကျပ် ၅ သိန်းနှုန်း ထောက်ပံ့လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်ဖြစ်ပါက အောက်ပါအတိုင်း ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အသက် ၇၅ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စစ်မှုထမ်းဟောင်း ဗဟိုမှစိစစ်၍ နှစ်စဉ် တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်း တစ်ကြိမ်ထောက်ပံ့ခြင်း၊ စစ်မှုထမ်းဟောင်းညီလာခံကျင်းပချိန်တွင် မသန်မစွမ်း အဖွဲ့ဝင်များအတွက် ၃၀၀၀၀ ကျပ်နှုန်း တစ်ကြိမ်ထောက်ပံ့ခြင်း၊ နာရေးထောက်ပံ့ခြင်းအား တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းထောက်ပံ့ခြင်း၊ ခြေတုတပ်ဆင်ခြင်းအား ဒူးအောက် ၁၅၀၀၀၀ နှုန်း၊ ဒူးအထက် ၄၀၀၀၀၀ ကျပ်နှုန်းဖြင့် ပြည်နယ်/တိုင်း စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များမှတစ်ဆင့် အမည်စာရင်းတောင်းခံစိစစ်၍ အလှည့်ကျ လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး တက္ကသိုလ် ကောလိပ်ပညာသင်ထောက်ပံ့ကြေးမှာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သားသမီးအရန်အဖွဲ့ဝင်များတစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းအား လျှောက်ထားပါက တစ်နှစ် တစ်ကြိမ် စိစစ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တပ်မတော်တာဝန် ထမ်းဆောင်ခဲ့ကြပြီး သက်ပြည့်အငြိမ်းစား ယူ နှုတ် ထွက်ကြသည့် အရာရှိစစ်သည်များ၊ စစ်ဆင်ရေးတွင် ကျဆုံးသည့် အရာရှိ စစ်သည်များ၏ မှတ်တမ်းဝင် အမွေခံ မိသားစုဝင်များ၊ ဒဏ်ရာ ရရှိပြီး ဆေးအဆင့်နိမ့်သတ်မှတ်ခြင်းခံရလျက် အငြိမ်းစားယူ နှုတ်ထွက်ခဲ့ရသော အရာရှိ စစ်သည်များအား စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်၍ ကာယကံရှင်မှ ထိုက်သင့်သော ငွေကြေး ကျခံခြင်းနှင့် တပ်မတော် အထွေထွေသက်သာ ချောင်ချိရေး ရန်ပုံငွေမှ ထိုက်သင့်သလိုကျခံခြင်း နည်းလမ်းဖြင့် ယာယီအိမ်ရာစီမံကိန်းကိုလည်း ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၁-၁၂ ပညာသင်နှစ်နှင့် ၂၀၁၂-၁၃ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဂုဏ်ထူး ၃ ဘာသာအထက်ရရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် သားသမီး ၂၀၂ ဦးအပါအဝင် စစ်သည်မိသားစုများ၏ သားသမီးစုစုပေါင်း ၁၂၂၉ ဦးကို ရွှေတံဆိပ်ဆု အပါအဝင် ချီးမြှင်ငွေများပေးအပ်ခဲ့ပါကြောင်း။
တပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများ၏ သားသမီးများ၊ အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများအတွက် အဆင့်မြင့် ပညာအဆင့်၊ အသက်မွေးဝမ်းကြောင်း တက္ကသိုလ် ပညာသင်ဆု ချီးမြှင့်ရေးနှင့်ပတ်သက်၍ စစ်မှုထမ်းဟောင်းများ၏ သားသမီးများ ပညာရေးဆုံး ခန်းတိုင်အောင် ပြည့်စုံစွာ သင်ကြားနိုင်ရေးကိုဦးတည်ပြီး တက္ကသိုလ်ပညာသင်ဆု ချီးမြှင့်ရေး အစီအစဉ် ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါအစီအစဉ်တွင် တပ်မတော်သက်သာချောင်ချိရေး ရန်ပုံငွေမှ စစ်မှု ထမ်းဆောင်ဆဲ စစ်မှုထမ်းနှင့် အရပ်သားဝန်ထမ်းသားသမီးများထဲမှာ ပညာရေးထူးချွန်သူ ၃၀ ဦးနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းဗဟိုဌာနချုပ် အစီအစဉ်ဖြင့် ကျောင်းသား ၃၀ ဦးတို့အား တက္ကသိုလ်ပညာသင်ဆုကို ယခုနှစ်မှစ၍ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ရာတွင် အကျုံးဝင်သော တက္ကသိုလ်များသည် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုက်ဘာစီးတီး၊ စီးပွားရေးတက္ကသိုလ်များ၊ ပညာရေး တက္ကသိုလ် များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)စသော တက္ကသိုလ်များသို့ တက်ရောက်သော ကျောင်းသား တစ်ဦးကို တစ်နှစ်ပညာသင် စရိတ်အဖြစ် ကြိုတင်ပြင်ဆင်စရိတ်အပါအဝင် ၅၄၀၀၀၀ ချီးမြှင့်သွားပြီး နှစ်စဉ်နှစ်စဉ် ဆက်လက် ချီးမြှင့် သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့နှစ်စဉ်ချီးမြှင့်သွားပါက သတ္တမနှစ်ထိ ချီးမြှင့်ပြီးချိန်တွင် တစ်နှစ်လျှင် ကျောင်းသား ၂၁၀ ဦးအထိ ထောက်ပံ့သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့သို့ထောက်ပံ့ရာတွင် စစ်မှုထမ်းဟောင်း ဗဟိုအဖွဲ့ဝင် ဗဟိုဦးစီးကော်မတီမှ ၂၁၀ ဦး တပ်မတော်ပိုင်းဆိုင်ရာမှ ၂၁၀ဦး ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အင်အားတောင့်တင်းပြီး ခေတ်မီမျိုးချစ် တပ်မတော်အဖြစ်အစဉ် ရပ်တည်နိုင်ရေးအတွက် တပ်မတော်အကြီးအကဲအနေဖြင့် လက်ရှိတပ်မတော်သားများ၏ အကျိုးစီးပွားသာမက အငြိမ်းစား စစ်မှုထမ်းဟောင်းများ၏ အကျိုးစီးပွားကိုလည်း အစဉ်ထာဝရကြိုးပမ်း ဆောင်ရွက်နေ မည် ဖြစ် ပါကြောင်း ဖြေကြားပါသည်။
