(ဆ)-တရားဝင်ခွင့်ပြုထားသည့် ပိုးသတ်ဆေး များကို အသက်အန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေး နှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈.၈.၂၀၁၃)

ဦးစိုင်းဝင်းခိုင် (သိန္နီ) မိမိမဲဆန္ဒနယ်မြေအတွင်းရှိ တောင်သူလယ်သမားများသည် ပိုးသတ်ဆေး ၏ ကောင်းကျိုး၊ ဆိုးကျိုးများ ကို ဆွေးနွေးရာတွင် ပိုးသတ်ဆေးသုံးစွဲပုံ နည်းစနစ်များကို ကျကျနနနားမလည်ခြင်း၊ ဗဟုသုတမရှိခြင်း၊ အသုံးပြုပုံ နည်းစနစ် ပညာပေး တရုတ်စာများ၊ မြန်မာစာများ မဖတ်တတ်ခြင်းတို့ကြောင့် ပိုးသတ်ဆေးများကို အတိုင်း အတာမဲ့၊ ပညာမဲ့၊ နည်းစနစ်မဲ့၊ နမော် နမဲ့များဖြစ်၍ အသုံးပြုနေကြောင်း သိရှိခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် ပိုး သတ်ဆေးကြောင့် သေဆုံးမှု များစွာရှိသည် သာမက နိုင်ငံခြားတိုင်းပြည်များတွင် လည်း ပိုးသတ်ဆေးနှင့် ပတ်သက်ပြီး သေဆုံးမှုများ မကြာမကြာ ဖတ်ကြား သိရှိခဲ့ရ ပါကြောင်း၊ ဤကဲ့သို့အဖြစ်မျိုး မိမိတို့နိုင်ငံတွင်လည်း မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ရန် မိမိတို့ အားလုံးတွင် တာဝန် ရှိကြပါပြီး ပိုးသတ်ဆေးနှင့် ပတ်သက် ၍ ပြည်သူလူထုများ သိသင့်သည်များရှိပါကြောင်း၊ ပထမဦးဆုံးအနေဖြင့် ပိုးသတ်ဆေး ဆိုသည် သေနိုင်၍ သေဆေး တစ်မျိုး ဖြစ်ခြင်း၊ ဒုတိယအနေဖြင့် သုံးပြီး ပိုးသတ်ဆေးဘူး၊ ဆေးပုလင်း၊ ပုံး များကိုပြန်သုံးလျှင် အန္တရာယ်အင်မတန်မှ ကြီးခြင်း၊ ထို့အပြင် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ စိုက်ခင်းများတွင် အသုံးပြုနေသော ပိုးသတ်ဆေးများကို မည်ကဲ့သို့ သုံးစွဲရမည်နည်းစသည့် နည်းပညာများ၊ စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လိုအပ်ပါကြောင်း။ထို့ကြောင့် (က) မြန်မာနိုင်ငံအတွင်း ပြည်သူများနှင့် တောင်သူ လယ်သမားများ သုံးစွဲနေသော တရားဝင် ခွင့်ပြုထားသည့် ပိုးသတ်ဆေးအမျိုးအစား မည်မျှရှိပါသနည်းနှင့် တရားမဝင် ပိုးသတ်ဆေးများကို ဥပဒေ တားမြစ်ဆောင်ရွက် ရန် အစီအစဉ်ရှိ/မရှိ။ (ခ) ပိုးသတ်ဆေးများကို အသက်အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေးအတွက် သုံးစွဲနည်း၊ နည်းစနစ်များကို ပြည်သူလူထုသို့ ထိရောက်စွာ အသိပေးခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်မှုရှိ/မရှိ။ ပိုးသတ်ဆေး၏ သုံးစွဲသော နည်းစနစ်များကို နားမလည်သောကြောင့် သေဆုံးနေရသော တောင်သူ လယ်သမား များစွာ ရှိနေသည်ကို ပြည်ထောင်စု အစိုးရက သိရခြင်းရှိ/မရှိနှင့် ပိုးသတ်ဆေးကို အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရန် အတွက် ကြိုတင်ဆောင်ရွက်မှုများ မည်ကဲ့သို့ စီမံဆောင်ရွက်ထားပါသနည်း။ (ဂ) ပြည်နယ်ဒေသသို့ တင်ပို့ ရောင်းချသော ပိုးသတ်ဆေးများအား အန္တရာယ် ကင်းစွာ သုံးစွဲသော နည်းစနစ်၊ နည်းပညာပေးစာများ၊ မှတ်တမ်း စာစောင် များကို မြန်မာစာ (သို့) တိုင်းရင်းသား ကချင် စာပေ စသည်ဖြင့် ဖော်ပြ ထုတ်ဝေ ပညာပေးခြင်း ပြုလုပ်ရန် ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိသိလို ပါကြောင်းမေးမြန်း ပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနှင့် ပိုးသတ်ဆေး ဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၀ ခုနှစ် မတ်လ ၅ ရက်နေ့တွင်  ထုတ်ပြန်ထားပြီး ပိုးသတ်ဆေးဥပဒေပါ စည်းမျဉ်း စည်းကမ်း များနှင့် အညီ ပိုးသတ်ဆေး အုပ်စု ၆ အုပ်စု ဖြစ်သော အော် ဂဲနိုဖော့စဖိတ်၊ အော်ဂဲနိုကလိုရိုဒ်၊ ပိုင်ရီသရိုက်၊ နီကို တီနွိုက်၊ ကာဘာမိတ်အုပ်စုနှင့် အခြား အုပ်စုဝင် (ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပဋိဇီဝဆေး၊ ဟော်မုန်းများ) ပိုးသတ်ဆေးများအား တရားဝင်ခွင့်ပြုထားခဲ့ပါကြောင်း၊

တရားမဝင်တင်သွင်းလာသော ပိုးသတ်ဆေးများကို ပိုးသတ်ဆေးဥပဒေ အခန်း ၁၃ တားမြစ်ချက်များ ပုဒ်မ ၃၀ မှ ၄၀ တွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် သတ်မှတ်ထားပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် စစ်ဆေးရေးမှူးများ တာဝန်ပေးအပ်ပြီး တရားမဝင် ပိုးသတ်ဆေး များအား ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊

ပိုးသတ်ဆေးဥပဒေကို International Code of Conduct on the Distribution and use of Pesticides  အရ ပိုးသတ်ဆေးဥပဒေကို ရေးဆွဲထားခဲ့ပြီး၊ FAO စံချိန်စံညွှန်းများနှင့်အညီ ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးလျက်၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ကို စိစစ်တင်ပြ၍ ယနေ့အထိ ပိုးသတ်ဆေး အမျိုးအစားပေါင်း ၁၇၁၆ ခု တရားဝင်ခွင့်ပြုခဲ့ပါကြောင်း၊ ထို့အပြင်အဖွဲ့အနေဖြင့် ကန့်သတ်ထားသော ပိုးသတ်ဆေး ၇ မျိုး၊ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ ကျင်းပပြုလုပ်သော ၂၂ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပိုးသတ်ဆေး ၁၇ မျိုးကိုလည်းကောင်း၊ ပိုးသတ်‌ဆေးမှတ်ပုံတင်အဖွဲ့ ကျင်းပ ပြုလုပ်သော၂၃ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် အရ ပိုးသတ်ဆေး ၂၂ မျိုးကိုလည်းကောင်း ပိတ်ပင်ခြင်းများကို ဆုံးဖြတ်ခဲ့သဖြင့်  စုစုပေါင်း ပိုးသတ်ဆေး ၃၉ မျိုးကို ပိတ်ပင်ထားခဲ့ပါကြောင်း၊

ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ပိုးသတ်ဆေး ဥပဒေ အခန်း ၈၊ အခန်း ၁၀နှင့် အခန်း ၁၃ တို့တွင် ပိုးသတ်ဆေးဖော်ထုတ်ရောင်းချခွင့်လိုင်စင် ရရှိသူ၏ တာဝန်နှင့် ဆောင်ရွက်နိုင်ခွင့်များ၊ ပိုးသတ်ဆေး သုံးစွဲသူများအား လိုက်နာရမည့် စည်းကမ်းများနှင့် တားမြစ်ချက် များကို အတိအလင်းဖော်ပြထားပြီး ပိုးသတ်ဆေး ဥပဒေများနှင့်အညီ အသက်အန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် ပြည်နယ် /တိုင်းဒေသကြီးနဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးများ၊ ပိုးသတ်ဆေးလုပ်ငန်းများ ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား ပညာပေးဆွေးနွေးမှု လုပ်ငန်းများကို ၂၀၁၂-၁၃ ခုနှစ်တွင် တိုင်းဒေသကြီး /ပြည် နယ် ၇ ခုသို့ ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၂၁၉၈ ဦး တက်ရောက်ခဲ့ပါကြောင်း။

ပိုးသတ်ဆေးများကို ပြည်သူများအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်မှုများအနေဖြင့် စိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း သင်တန်းများကို လည်း နှစ်စဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ၂၀၁၂-၁၃ ခုနှစ်အတွင်း ပြည်နယ်/တိုင်းဒေသကြီးအားလုံး တွင် တောင် သူပေါင်း (၄၇၇,၂၀၂ ) ဦးအား ပညာပေး ဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ တောင်သူပညာပေးသင်တန်းကျောင်း  Free School များကိုလည်း ၂၀၀၀ ပြည့်နှစ်မှစပြီးတော့ ၂၀၁၃ ခုနှစ်အတွင်း ဖွင့်လှစ်၍ တောင်သူဦးရေ ၅၁၈၄ ဦးကို ပညာပေးခဲ့ပါကြောင်း၊ ပိုးသတ်ဆေး အရောင်းဆိုင်များ စစ်ဆေးဆောင်ရွက်ပြီးစီးမှုကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု တို့တွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပိုးသတ်ဆေးဆိုင်ပေါင်း ၂၄၆၅ ဆိုင်ကို ၆၆၃ ကြိမ် စစ်ဆေးခဲ့ပြီး ဖြစ်သည့်အပြင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပညာရှင်အဖွဲ့များကို ဖွဲ့စည်းလျက် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် တာဝန်ပေးအပ်၍ ပိုးသတ်ဆေး ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ ပိုးသတ်ဆေးစနစ်တကျသုံးစွဲရေး နည်းပညာများကို သင်တန်းဖွင့်လှစ်ပို့ချ ခြင်း၊ ပိုးသတ်ဆေးရောင်း ဝယ်ဖောက်ကားသော ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ စိတ်ပါဝင်စားသူ တောင်သူ များကိုလည်း လက်မှတ်ရ ပိုးသတ် ဆေးသုံးစွဲသူ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြင့် ၂၀၁၃ ခုနှစ်အထိ စုစုပေါင်း ၁၂၅၈၄ ဦး အား အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးနိုင်ခဲ့ပါကြောင်း။

ထို့ပြင် ပိုးသတ်ဆေးများ၏ အရည်အသွေး မှန်ကန်စေရေးရန် ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အခန်း ၄၊ ပုဒ်မ ၃၀ တွင် ပိုးသတ်ဆေးတင်သွင်းသူများ လိုက်နာရမည့် အချက်များနှင့် အခန်း ၅၊ ပုဒ်မ ၃၁ တွင် ရောင်းဝယ် ဖောက်ကားသူများက လိုက်နာရမည့် အချက်များတွင် ဖော်ပြထားသည့်အတိုင်း အရည်အသွေး စစ်ဆေးရန် နမူနာများအား စနစ်တကျ ကောက်ယူလျက် ဓာတ်ခွဲခန်းများမှာ အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း။

ယနေ့ နိုင်ငံတော်အစိုးရသစ်ကာလတွင် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့အသီးသီးသို့   အာဏာခွဲဝေအပ်နှင်း ထားပြီး ဖြစ်ပါ သဖြင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိသော တရားမဝင် ပိုးသတ်ဆေးများ အပေါ် ပြည်နယ်/ တိုင်း ဒေသကြီး အစိုးရအဖွဲ့များမှ တိုက်ရိုက် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်နယ်/တိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချသော ပိုးသတ်ဆေးများအား ဘေးအန္တရာယ် ကင်းရှင်းစွာ ကိုင်တွယ်သုံးစွဲရ မည့် နည်းစနစ်များ၊ လက်ကမ်းစာစောင်များ၊ သုံးစွဲရမည့် အညွှန်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းပြီး၊ ပိုးသတ်ဆေးသုံးစွဲနည်းပညာများ အား ရှမ်း၊ ပအို့ဝ်ဘာသာဖြင့် ရေးသား ပြုစုဖြန့်ဝေလျက်ရှိခြင်း၊ ချယ်ရီ ရေဒီယိုအစီအစဉ်မှ ပညာပေး အသံလွှင့်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပိုးသတ် ဆေးဥပဒေအား ၁၉၉၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့သော ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြည်သူ့ လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနဲ့ ပူးပေါင်းပြီး ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်းများ ပြုလုပ်လျက် လွှတ်တော်သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။