(ဃ)-မိုင်းယန်းမြို့နယ်ရှိဓာတ်အားဖြန့်ဖြူးပေးနေသော ၃၀၀ KVA ဓာတ်အားပေးစက်အား ၅၀၀ KVA သို့ ပြောင်းလဲတပ်ဆင်ပေးရန် နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈.၈.၂၀၁၃)

ဦးတင်ဝင်း (မိုင်းယန်း) မိုင်းယန်းမြို့ပေါ်ကို ၁၁ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည့်အနက် ရပ်ကွက် ၈ ရပ်ကွက်သည် ၃၀၀ ကေဗွီအေ ဓာတ်အားပေး စက်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲ ခွင့်ရရှိကြပါကြောင်း၊ ဘာမိုင်ရပ်ကွက်၊ ဟော်ကိုင်ရပ်ကွက် နှင့် မွန်ကိတ်ရပ်ကွက် စသည့် ရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အားလိုင်းအရွယ်အစားသေးငယ်သဖြင့် လျှပ်စစ်ဓာတ်အားစက် အနေဖြင့်  ဝန်နှင့်အား နိုင်နင်းမှုမရှိသေးခြင်းတို့ကြောင့် ယနေ့တိုင်လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် မရရှိခဲ့ကြောင်း၊ သို့ပါ၍ မိုင်းယန်းမြို့နယ် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့် မြို့နယ်လူထုများ တစ်ပြေးညီတန်းတူ အခွင့်အရေးများ ခံစားခွင့်ရရှိနိုင် စေရေးအတွက် မိုင်းယန်းမြို့နယ်တွင် လက်ရှိဓာတ်အားပေးဖြန့်ဖြူးပေးနေသော ၃၀၀ 300 KVA ဓာတ်အားပေးစက်အား 500 KVA သို့ ပြောင်းလဲတပ်ဆင်ပေးမည်‌့အစီအစဉ်ရှိ/ မရှိနှင့်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဆောင် ရွက်ပေးနိုင်မည်ကို သိရှိ လိုပါမေးမြန်း ပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး မိုင်းယန်းမြို့နယ်သည် ၂.၅ စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး ရပ်ကွက် ၁၁ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားရှိသည့်အနက် ရပ်ကွက် ၈ ရပ်ကွက်တွင် အိမ်ခြေ ၄၁၀၊ မီးသုံးသူ ၃၂၂ ဦးကို ဌာနပိုင် ဒီဇယ်ဓာတ်အားပေးစက် ၃၀၀ ကေဗွီအေဖြင့် နေ့စဉ် ၂း၃၀ နာရီ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ကျန် ၃ ရပ်ကွက်သည် ဓာတ်အားပေးစက် မနိုင်နင်းခြင်းနှင့် ဓာတ်အားလိုင်း ကွာဝေးခြင်းများ ကြောင့် ဓာတ်အား မပေးနိုင်သေးခြင်းဖြစ်ပါကြောင်း၊ ဒီဇယ်ဓာတ်အားပေးစက်မြို့များတွင် ယခင်က မီးသုံးသူ ဝန်အားနှင့် ကိုက်ညီသော မီးစက်၊ စက်သုံးဆီ၊ ဓာတ်အားလိုင်းများရှိပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော်လည်း ဓာတ်အားဖြန့်ဖြူးမှု အတွက် လစဉ်စက် သုံးဆီဖိုး ကုန်ကျမှုများပြားခြင်း၊ ရပ်ကွက်တိုးချဲ့လာခြင်း၊ မီးသုံးသူတိုးတက်များပြား လာခြင်းတို့နှင့်အညီ မီးစက်၊ စက်သုံးဆီနှင့် ဓာတ်အားလိုင်း များတိုးချဲ့ရန် အချိန်နှင့်တပြေးညီ မဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊။ ယခု မိုင်းယန်းမြို့နယ် တွင်ရှိသော ဓာတ်အားမရရှိသေးသော  ရပ်ကွက် ၃ ခုကို ဓာတ်အား တိုးချဲ့ပေးရန်အတွက် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂ မိုင်နှင့် ၃၀၀ ကေဗွီအေ မီးစက်တစ်လုံး ထပ်မံဖြည့်ဆည်းပေးရ မည်ဖြစ်ပြီး လစဉ် ဒီဇယ်ဆီ ၉၅၀ ဂါလန် အတွက် ငွေ ၃၈၀၀၀၀၀ ကျပ်ခန့်သုံးစွဲရမည်ဖြစ်ပါကြောင်း၊ ၎င်းရပ်ကွက် ၃ ခုကို ဓာတ်အားပေးနိုင်ရေးအတွက် ဝန်အား ဗဟိုကျသောနေရာတွင် မြေနေရာရရှိမှုပေါ်မူတည်၍ နောက်ထပ် ဓာတ်အားပေးစက် တစ်လုံးတပ်ဆင်ခြင်းနှင့် ဓာတ်အား လိုင်းတည်ဆောက်ခြင်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။