မိမိအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မေယုကျွန်း ခေါ် Oyster Island ကျွန်းနှင့်ပတ်သက်သော အကြောင်းအရာအချို့ကို မေးမြန်း သွားမည်ဖြစ် ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာစံနှုန်းများအရ ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရာ တွင် အခြေခံမျဉ်းမှ ပင်လယ်ဘက် ၁၂ မိုင်အကွာကို မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နယ်မြေစည်းအဖြစ် သတ်မှတ်ပြီး စည်းအပြင်ဘက်တွင်လည်း ဆက်စပ်ဇုန်အနေဖြင့် ၁၂ မိုင်ရှိသည့်အပြင် နိုင်ငံတော်အနေနှင့် စီးပွားရေးဇုန်ကို မိုင် ၂၀၀ သတ်မှတ်ထားပါကြောင်း၊ အဆိုပါ မိုင် ၂၂၄ မိုင်အတွင်းရှိသော သဘာဝသယံဇာတများကို ဆက်စပ်သည့် နိုင်ငံတော်ကသာလျှင် ထုတ်ယူသုံးစွဲခွင့်ရှိပါကြောင်း၊ အခြေခံမျဉ်းရေးဆွဲရာတွင်လည်း ပင်လယ် ကမ်းရိုး တန်း တစ်လျှောက်ရှိ အခြေခံရေစစ်မျဉ်းကို ရေးဆွဲပြီး ပင်လယ်ဘက်သို့ ထွက်ရှိနေသော ကျွန်းရှိလျှင် ၎င်းကျွန်းမှ အခြေခံရေစစ်မျဉ်းကို သတ်မှတ်ကာ အထက်ဖော်ပြပါ မိုင်အကွာအဝေးအတိုင်း အကျိုးသက်ရောက်ခံစား ခွင့်ကို နိုင်ငံတော်က ရရှိမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ကလည်း အသိအမှတ်ပြုသော ကျွန်းများဖြစ်ရန် အရေးကြီး ပါကြောင်းနှင့် ပင်လယ်ပြင်တွင် ကျွန်းများ ပါက အခြေခံသတ်မှတ်သော ပင်လယ်ပိုင်နက်သည် ကျယ်ပြန့်ပြီး ကျွန်းမရှိလျှင် ပင်လယ်ပိုင်နက် ကျဉ်းမြောင်း သွားမည်ဖြစ်ပါကြောင်း၊ ကျွန်းတွေပိုင်ဆိုင်ခွင့်ပြုခဲ့ရာတွင် သမိုင်းကြောင်း အရ ကျွန်းများတွင် နေထိုင်သော အခြေခံမူကို မူတည်ပြီး ပိုင်ဆိုင်ခွင့်ပြုခဲ့သောကြောင့် Amdaman ကျွန်းသည် မြန်မာနိုင်ငံနှင့် နီးကပ်သော်လည်း အိန္ဒိယလူမျိုးများသာ အများစုနေထိုင်သည့်အတွက် Amdaman ကျွန်းကို အိန္ဒိယက ရရှိသွားပါကြောင်း၊ ယခု မေယုကျွန်းသည်လည်း မောင်းတောမြို့နယ်နှင့် အလွန် တစ်ရာနီးကပ်လျက်ရှိသောကြောင့် မေယုကျွန်းအပါအဝင် အခြားကျွန်းများကို အခြား လူမျိုးများက ဥပဒေမဲ့ တက်ရောက်ပြီး အခြေချနေထိုင်ခြင်းမရှိစေရန် တပ်မတော်(ကြည်း) ပင်လယ်ပြင် စိုးမိုးရေးတပ်များနှင့် တပ်မတော်(ရေ)တို့က ပင်လယ်ပြင်ကျွန်းများကို ဥပဒေမဲ့ အခြေချနေထိုင်ခြင်းမပြုနိုင်ရန် ကာကွယ်စောင့်ရှောက်ပေး လျက် ရှိသည်ကို သိရပါကြောင်း၊ မေယုကျွန်းသည် မြန်မာနိုင်ငံ၏ အခြေခံမျဉ်းများ ရေးဆွဲရာ တွင် မြောက်ဘက် စွန်းအဖြစ် ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ မေယုကျွန်းသည် ပင်လယ်ပြင်ရေမျက်နှာပြင်အထက် များစွာမမြင့်သော ကျွန်းဖြစ်ခြင်း၊ ကျွန်းဧရိယာ သေးငယ်ခြင်း၊ တောင်ကုန်းတောင်တန်း မရှိဘဲ ပြင်ညီဖြစ်ခြင်းစသည့် အချက်များကြောင့် ရာသီဥတုဒဏ်ကို ပြင်းထန်စွာ ခံရသောကျွန်းဖြစ်ပါကြောင်း၊ မီးပြတိုက်တည်ဆောက်သော ၁၈၈၅ ခုနှစ်တွင် မီးပြတိုက်ဝန်ထမ်းများသာ နေထိုင်ရန် ရည်ရွယ်တည်ဆောက်ထားခဲ့ခြင်းကြောင့် မုန်တိုင်းများ ကျရောက်လာပါက ဝန်ထမ်းများသည် မီးပြတိုက်အပေါ်တွင်သာ ရာသီဥတုဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်းနှင့် ယခုအခါ လှိုင်းကာရံများ အလွန်အမင်း ပျက်စီးယိုယွင်းလျက်ရှိသည့်အပြင် လှိုင်းရိုက်ခတ်မှုဒဏ်ကြောင့် ကျွန်းပေါ်ရှိ အဆောက်အဦများ ပျက်စီးသွားခြင်း၊ လှိုင်းဒဏ်ကြောင့် သဲသောင်များ ရွေ့လျားမှုဖြစ်ပေါ်ခြင်း၊ မုန်တိုင်းလှိုင်းရိုက်ခတ်မှုဒဏ်ကြောင့် သောက်ရေချိုသိုလှောင်သော အုတ်ရေကန်တစ်ခုသည် ၃၀ ဒီဂရီခန့် တိမ်းစောင်းသွားခဲ့သည်ဟု သိရှိရပါကြောင်း၊
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အရေးကြီး အခြေခံအမှတ်အသားတစ်ခုဖြစ်သော မေယုကျွန်းတွင် အကြီးစား ပြုပြင် ထိန်းသိမ်းရန် လိုအပ်ချက်ရှိလာပြီး အဆိုပါကျွန်းပျက်စီးပျောက်ကွယ်သွားပါ က ပြည်ထောင် စု မြန်မာနိုင်ငံတော်ကြီး၏ အခြေခံမျဉ်းသတ်မှတ်မှုအပေါ် ထိခိုက်မှုများ ရှိလာနိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မေယုကျွန်း ခေါ် Oyster Island ကျွန်းအား ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျကွင်းဆင်းလေ့လာ တွက်ချက်ပြီး ခေတ်မီ နည်းပညာများဖြင့် ကာကွယ်ပြင်ဆင်ထိန်းသိမ်းသွားရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ပြင်ဆင်ထိန်းသိမ်း သွားနိုင်မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
မေယုကျွန်းသည် ရခိုင်ပြည်နယ်၏ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၁.၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃.၃ မိနစ်တွင် တည်ရှိကာ ဘင်္ဂလား ပင်လယ်အော်အတွင်း ကာလကတ္တားမြစ်၊ စစ်တကောင်းမြစ်၊ မေ ယုမြစ်၊ လေး မြို့မြစ်နှင့် ကုလားတန်မြစ်တို့ ဆုံတွေ့ရာမှ ဖြစ်တည်ခဲ့သော သီးခြား ကျွန်းဖြစ်ပြီး စစ်တွေမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၂၁ မိုင် အကွာအဝေးခန့်တွင် တည်ရှိပါသည်။ မြစ်များပေါင်းစုံရာမှ ဖြစ်ပေါ်လာခြင်းကြောင့် ကျွန်းပတ်ဝန်းကျင် တွင် မြေမျက်နှာပြင် တည်ငြိမ်မှုနည်းပါးပြီး ဘေးလှိုင်းများ အမြဲဖြစ်ပေါ်လေ့ရှိပြီး ကျွန်းပုံသဏ္ဍာန်သည် အနောက်မြောက်မှ အရှေ့တောင်သို့ သွယ်တန်းလျက် ရှိသော မြေဧရိယာ ၂ ဧကခန့် သဲဖြူကျွန်းဖြစ်သောကြောင့် မိုးကာလတွင် ရေ စီးကြောင်း အရ ကျွန်း၏ အရှေ့တောင်ဘက်၌ သဲသောင်ဖြစ်ထွန်းမှု များပြီး ဆောင်းနှင့်နွေကာလများတွင် ကျွန်း၏အရှေ့မြောက်ဘက် သို့ ပြောင်းရွှေ့ သောင်ထွန်းလေ့ ရှိပါကြောင်း၊ မေယုကျွန်းသည် ရေကြောင်း သွားလာရေးကို အထောက်အကူပြုနိုင်သည့် နေရာဖြစ်သည့် အတွက် ၁၈၈၅ ခုနှစ်တွင် မီးပြတိုက်တည်ဆောက်ကာ ရေကြောင်းလမ်းပြလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မေယု မီးပြတိုက်သည် သံကျွတ်ပုံလောင်း အမျိုးအစားဖြစ်ပြီး အမြင့် ၁၃၅ ပေနှင့် ပင်လယ်ရေမျက်နှာပြင်အထက် စုစုပေါင်း ၁၄၁ ပေ အမြင့်တွင်ရှိပြီး နေ့အချိန် အမှတ်အသားအဖြစ် မီးပြတာဝါတိုင်ကို အဖြူတစ်ရစ်၊ အနက်တစ်ရစ် ဆေးရောင် သုတ်ထားပါ ကြောင်း၊ ယခင်က ရေနံဆီသုံးမီးအိမ်အသုံးပြု၍ မီးအချက်ပြသခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် မီးစက်နှင့် လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် ပိုမိုခေတ်မီသော LED Solar Lantern မီးအိမ်ကို လည်းကောင်း ပြောင်းလဲ တပ်ဆင်ခဲ့ပါကြောင်း၊
မေယုကျွန်းတွင် မီးပြတိုက်စောင့်ဝန်ထမ်းများထားရှိပြီး လူနေအဆောက်အဦ ၂ လုံး၊ မီးစက်ထားရန် အဆောက်အဦ ၁ လုံး၊ စုစုပေါင်း အဆောက်အဦ ၃ လုံးနှင့် ရေချိုစုဆောင်းရန် လေးထောင့်အုတ်ရေကန် ၂ လုံး၊ အဝိုင်းပုံအုတ်ရေကန် ၄ လုံး၊ စုစုပေါင်း ၆ လုံးတို့ကို ကျွန်းမကြီးပေါ်တွင် ဆောက်လုပ်ခဲ့သည်အပြင် နယ်မြေလုံခြုံရေးအရ ရဲတပ်ဖွဲ့ဝင်များကို ၁၉၈၀ ခုနှစ်ခန့်အထိ တာဝန်ချထားခဲ့ပြီး ၁၉၈၁ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်(ရေ)မှ အရာရှိဦးစီးလုံခြုံရေးတပ်ဖွဲ့ ၁ ဖွဲ့တာဝန် ချထားခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ကမ်းရိုးတန်း လုံခြုံရေးအတွက် စစ်ဗျူဟာ အရေးကြီး နယ်မြေဖြစ် လာသောကြောင့် နယ်မြေခံခြေလျင်တပ်ရင်းမှ အရာရှိ ဦးစီးတပ်ခွဲ ၁ ခွဲ၊ အမြောက်တပ်ခွဲ ၁ ခွဲ၊ စုစုပေါင်း တပ်ခွဲ ၂ ခွဲကို လုံခြုံရေးတာဝန် ပေးအပ်ခဲ့ပြီး ပတ်လည် ခံစစ်စခန်းအဖြစ် ခြံစည်းရိုးကာရံခြင်း၊ ဘန်ကာနှင့် ကတုတ်ကျင်းများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးမြောင်း များပြုလုပ်ခြင်း၊ စစ်သည်များအတွက် ရေချိုကန်များ ထပ်မံတည်ဆောက်ခြင်း များ ဆောင် ရွက်ခဲ့ပါကြောင်း၊ မီးပြလုပ်ငန်းအနေဖြင့် မေယုမီးပြတိုက်ကို ၁၇-၄-၂၀၀၉ ရက်နေ့တွင် နေရောင်ခြည်စွမ်းအင်သုံး LED Solar မီးအိမ်ပြောင်းလဲတပ်ဆင်ခဲ့ပြီးနောက် လုပ်ငန်းသဘောအရ အမြဲစောင့်ကြပ်ကြည့်ရှုဖို့ မလိုအပ်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့နှင့် သာမန်အရပ်သားဝန်ထမ်းများ ကြာရှည်ပူးတွဲတာဝန်ပေးအပ်ရန် မသင့်လျော်ခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ်တွင် မီးပြ အစောင့်ဝန်ထမ်းများအား ပြန်လည်ရုတ်သိမ်းခဲ့ပါကြောင်း၊ မီးစက်နှင့် မီးကရိယာများ အား ပြင်ဆင်ခြင်း လုပ်ငန်းများကို တစ်နှစ် ၁ ကြိမ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မီးပြဌာနခွဲက ကျွန်းပတ် ခရီးစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၁၃ ခုနှစ် ဇွန်လအတွင်းတွင် လှိုင်းလေ ပြင်းထန်မှုကြောင့် ရေလှိုင်းများ မြှင့်တက်လာပြီး ခံစစ်စခန်း ခြံစည်းရိုးများ ကျိုးပဲ့ပျက်စီးခြင်း၊ ဘန်ကာများပြိုလဲခြင်းအပြင် အဝိုင်းပုံအုတ်ရေကန်တစ်လုံး အောက်ခြေသဲများ ကျွံမှုကြောင့် တိမ်းစောင်း သွားခြင်းဖြစ်ပြီး မူလအတိုင်းပြန်လည်ပြုပြင်ပါက စုစုပေါင်းကျပ် ၆၇၁၀၁၀ ကုန်ကျမှာဖြစ်သည့်နည်းတူ ကမ်းပြိုခြင်းအား ကာကွယ်ရန် ကျွန်းအနောက်ဘက် မျက်နှာစာ ခန့်မှန်း ၅၀၀ ပေ၊ ကျွန်း၏ အရှေ့ဘက်မျက်နှာစာ ပေ ၆၀၀ နှင့် မြောက်ဘက်နှင့်တောင်ဘက် မျက်နှာစာ ခန့်မှန်း ၄၀၀ ပေ၊ စုစုပေါင်းခန့်မှန်း အလျား ၁၅၀၀ ပေ × အနံ ၁၀ ပေ × ထု ၃ ပေ ရှိသော လှိုင်းကာနံရံအား ဆောင်ရွက်မည်ဆိုပါက သန်းပေါင်း ၅၂၀ ခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊ မေယုကျွန်း စခန်းတွင်ရှိသော မီးပြတိုက်အနီးတွင် လေမုန်တိုင်းဒဏ်ခံ အဆောက်အဦ Cyclone Shelter တစ်လုံး တည်ဆောက်ရန် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးက စီစဉ်လျက်ရှိပြီး ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ကန့်သတ်ချက် ရှိ/မရှိနှင့် ရှိပါက မည်သို့ ကန့်သတ်ချက်များ ရှိသည်ကို ပြန်ကြားပေးရန် ညှိနှိုင်းလာသောကြောင့် ကန့်ကွက်ရန် မရှိကြောင်း ပြန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေယုကျွန်းတွင်ရှိသော လှိုင်းကာနံရံနှင့် ရေချို သိုလှောင်သည့် အုတ်ရေကန်များ ပြုပြင်ရေး ကိစ္စအား မေယုကျွန်းမှာ လေမုန်တိုင်းဒဏ်ခံ အဆောက်အဦ Cyclone Shelter ဆောက်လုပ်မည့် စစ်အင်ဂျင် နီယာ ညွှန်ကြားရေးမှူးရုံးနှင့်ညှိနှိုင်းပြီး စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက ပြင်ဆင်ရန်နှင့် သို့မဟုတ်ပါ က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရန်ပုံငွေတွက်ချက်တောင်းခံပြီး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
