(က)-ဖြောင့်မတ်မှန်ကန်သည့် တရားသူကြီးများရေရှည် တည်တံ့ ခိုင်မြဲစွာ ရပ်တည်နိုင်ရေးနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈.၈.၂၀၁၃)

ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ)ဤမေးခွန်း၏ ရည်ရွယ်ချက်မှာ စိတ်ရင်းစေတနာ ကောင်းဖြင့် ပြည်သူကို ဗဟိုပြုသော ပြည်သူ့ကို မှန်ကန်သော ဥပဒေများနှင့် လာဘ်ပေး လာဘ်ယူကင်းရှင်းစွာဖြင့် ပြည်သူကို ကာကွယ်စောင့်ရှောက်လိုခြင်း၊ ကာကွယ်စောင့်ရှောက်သည့် နေရာတွင် ဖြောင့်မတ် မှန်ကန်သော တရားသူကြီးများ ရေရှည်ခိုင်မာစွာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်လိုစေသော ရည်ရွယ်ချက် ဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ဒုတိယတရားသူကြီး ဦးမင်းသော်ထွေးနှင့် ဒီပဲယင်းမြို့နယ် ဒုတိယတရားသူကြီး ဒေါ်စန္ဒာဝင်း တို့သည် အောက်ဖော်ပြပါ အချက်များနှင့် ယာယီတာဝန်မှ နေရပ်ဆိုင်းခြင်း ခံခဲ့ရပါကြောင်း၊ ထိုကဲ့သို့ ရပ်ဆိုင်းခံရသည့်အတွက် ၎င်းတို့ ၂ ဦးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးကို အကြိမ်ကြိမ် စာပို့ခြင်း၊ အကူအညီတောင်းခံခြင်း၊ ဖုန်းများဆက်သွယ်ပြီး မေတ္တာရပ်ခံခြင်းများနှင့်ပတ်သက်၍ ၂ နှစ်တာ ကာလအတွင်း စဉ်းစားချင့်ချိန်ပြီး ဒီမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးမှ တရားသူကြီးချုပ် ဦးစန်းကိုသည် အရာတော်မြို့နယ် တရားသူကြီး ဦးမင်းသော်ထွေးအား လည်းကောင်း၊ ဒီပဲယင်းမြို့နယ်မှ ဒုတိယတရားသူကြီး ဒေါ်စန္ဒာဝင်းအား လည်းကောင်း အောက်ပါပြစ်ချက်များဖြင့် စွဲချက်တင်ပြီး တာဝန်မှရပ်ဆိုင်းခဲ့ပါသည်။ ထို့အတွက်ကြောင့် မိမိအနေဖြင့် အောက်ပါမေးခွန်းများ ကို မေးမြန်းလိုပါကြောင်း-

အရာတော်မြို့နယ် တရားသူကြီး ဦးမင်းသော်ထွေးသည် (၁) အမှုစစ်သည့်အခါ ခေါင်းပေါင်း မပေါင်းဘဲ အမှုစစ်ခြင်း၊ (၂) စာရေးကအမှုစစ်နေခြင်း၊ (၃) အမှုသည်များအားလုံးကို အိမ်ခေါ်ပြီး ငွေတောင်းခံ နေခြင်း၊ (၄) NLD ပါတီနှင့် နိုင်ငံရေးလုပ်သည်ဟု ကျော်ဇောသတင်းများဖြင့် စွဲချက်တင်ပြီး ၁၂-၁၁-၂၀၁၂ ရက်နေ့တွင် လက်ရှိ တာဝန်မှ အဆင့်ချထားခြင်းမှာ မှန်ပါသလား။ အထက်ဖေါ်ပြပါ အချက် ၄ ချက်မှာ ခုံရုံးဖွဲ့စစ်ဆေးသည့်နေရာမှ ရရှိ လာသောရလဒ်များဖြင့် မေးမြန်းခြင်းဖြစ်ပါကြောင်း။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် အဆင့်ဆင့်သောတရားသူကြီးများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစေရ မည်ဟုပြဋ္ဌာန်းထားပါသည်။ သို့ရာတွင် တရားသူကြီး တစ်ဦးဦးအနေဖြင့် တရားရုံးပြင်ပ၌ သော်လည်းကောင်း၊ တရားရုံး အတွင်း၌ သော်လည်းကောင်း ပါတီဝင်တစ်ဦးဦးနှင့်ဖြစ်စေ၊ ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဦးနှင့်ဖြစ်စေ စကားပြောဆိုခြင်း မပြုရဟု ပြဋ္ဌာန်းခြင်းများ ရှိပါသလား။ ရှိပါက ယင်းဥပဒေပုဒ်မကို သိရှိလိုပြီးပြစ်ဒဏ် မည်မျှရှိပါသနည်း။

တရားသူကြီးတစ်ဦး၏ ဝတ်စားဆင်ယင်မှု အဆောင်အယောင်နှင့်ပတ်သက်၍ တရားခွင် အမှုစစ်ဆေးသည့် နေရာတွင် တာဝန်ရှိ တရားသူကြီးသည် ခေါင်းပေါင်းခြင်း/မပေါင်းမိခြင်း၊ ကျန်းမာရေးအရ ခေတ္တချွတ်ထားမှုနှင့် ပတ်သက်၍ မည်ကဲ့သို့သော အရေးယူသည့် ပြဋ္ဌာန်းချက်များ ရှိပါသနည်း။ ရှိပါက မည်သည့်ပုဒ်မဖြင့် အရေးယူပါသနည်း။ ပြစ်ဒဏ်မည်မျှရှိပါသနည်း။

ဤအချက် ၄ ချက်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း တရားသူကြီးချုပ် ဦးစန်းကိုသည် အရာတော် ဒုတိယတရားသူကြီး ဦးမင်းသော်ထွေးအား ရာထူးမှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဦးမင်းသော်ထွေးမှ အထက်ပါ စွဲချက်များအပေါ် တရားသူကြီးများက တာဝန်ရပ်ဆိုင်း ခြင်းအပေါ် မည်သည့်အတွက်၊ မည်သည့်ပြစ်မှုများနှင့် ရပ်ဆိုင်းပါသနည်း။ အကယ်၍ ဤအမှုသည် ပြန်လည်ပေးအပ်ဖို့ရှိပါက မည်သည့်အချိန်တွင် အရာတော် ဒုတိယတရားသူကြီး ဦးမင်းသော်ထွေးကို တာဝန်အမြန်ဆုံးပေးအပ်မည်နည်း။ အကယ်၍ တာဝန်ပေးအပ်ရန်မရှိပါကလည်း ၎င်းစစ်ဆေးထား သောစစ်ဆေးချက်များမှ မည်သည့်အချက်များကြောင့် ဖြစ်ပါသနည်း။

ထို့အတူ ဒီပဲယင်းဆန္ဒနယ်မှ ဒုတိယမြို့နယ် တရားသူကြီးဒေါ်စန္ဒာဝင်းအား လွန်ခဲ့သော ၂ နှစ်ခန့်က ၎င်း လက်အောက်ရှိ စာရေးမကြီး ဒေါ်စိန်မှ အမှုသည်တစ်ဦးထံမှငွေ ၁၀၀၀၀ ကောက်ခံခြင်းဖြင့် ထိန်းချုပ်ကွပ်ကဲမှု ညံ့ဖျင်းသော အမှုဖြင့် တရားသူကြီးချုပ်တာဝန်မှ ရပ်ဆိုင်းခဲ့ပါသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဒေါ်စန္ဒာဝင်းမှာ မိမိအားမတွေ့ဘူးသော်လည်း ဖုန်းဖြင့် အကြိမ်ကြိမ် အကူအညီတောင်းခံပါကြောင်း၊ ဒေါ်စန္ဒာဝင်းအနေဖြင့် သူ၏လုပ်သက်များဖြစ်သော ကျောင်းဆရာမ လုပ်သက် ၈ နှစ်၊ တရားသူကြီး လုပ်သက် ၅ နှစ် စုစုပေါင်း ၁၃ နှစ်အပေါ် အမျိုးသမီး တစ်ဦးအနေဖြင့် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ပြီး အခွင့်အရေးများ ဆုံးရှုံးခဲ့မှုအပေါ် နိုင်ငံတော်သမ္မတကြီးထံလည်းကောင်း၊ တရားသူကြီးချုပ်ထံ လည်းကောင်း၊ တိုင်းတရားသူကြီးထံ လည်းကောင်း အကြိမ်ကြိမ်အသနားခံစာတင်ပြခဲ့သော်လည်း ယနေ့အချိန်ထိ ထူးခြားပြောင်းလဲမှုမရှိပဲ ဘဝတစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့ရ ပါကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ချေဝန်ထမ်းများအနေဖြင့် လာဘ်စားခြင်း၊ အထက်အရာရှိ အုပ်ချုပ်မှုညံ့ဖျင်းခြင်းများကြောင့် အလုပ်ဖြုတ်ပစ်သည့် အမှုမှာဖြစ်သင့်ပါသလား။ တစ်နည်းအားဖြင့် ဘလက်ကာယအမှုတစ်ခုကို ကျူးလွန်သော အမျိုးသားတစ်ဦးကို ကျူးလွန်ကြောင်း သက်သေအထောက် အထား ခိုင်လုံစွာဖြင့် တရားသူကြီးတစ်ဦးမှ သေဒဏ်ပေးပါက ၎င်းကိုမွေးမြူ အုပ်ချုပ်ထားသော မိဘနှစ်ပါးသည်လည်း သေဒဏ်ထဲတွင် တစ်ခါတည်း အပါအဝင် ပြစ်မှုပြစ်ဒဏ်ခံရရန် မရှိနိုင်ပါကြောင်း။

ထို့ကြောင့် ဤအမှုများနှင့် ပတ်သက်ပြီး ပြည်သူကို ခန့်ခန့်ညားညား သစ္စာရှိ အလုပ် အကျွေးပြုနိုင်ရန် အတွက် ကောင်းမွန်သော တရားသူကြီးများအား ပြန်လည်ခန့်အပ်ရန် စိစစ်ပြီးတာဝန်ပေးနိုင်မည် ဆိုပါက မိမိအနေဖြင့် အကျိုးရှိမည် ဟု ယုံကြည်ပါကြောင်း။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးရှိ နန္ဒဝန်နယ်မြေ အမှတ် (၂) (၁၀) လမ်းတွင် နေထိုင်သော ဒေါ်သန်းသန်းအေး သည် (၂၆/၂၀၁၂) တရားမမှုကြီးကိုရင်ဆိုင်ခဲ့ရသည်မှာ ၁၀ နှစ်ကျော်ကြာပီး အနိုင်ရရှိခဲ့ပါကြောင်း၊ သို့သော်လည်း ယနေ့အချိန်အထိ တရားသူကြီးချုပ်မှ မြေခွဲဝေပေးခြင်း မရှိမှုအပေါ် အကြိမ်ကြိမ်မေတ္တာရပ်ခံ တောင်းပန်လာသည့် အတွက် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုထဲ ဖြစ်ပေါ်သော အမှုများအပေါ်မှာ ပူးတွဲပြီး ဤမေးခွန်းများကို မေးမြန်း ရခြင်း ဖြစ်ပါကြောင်း။

မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပကတိမြေပြင်အခြေအနေကို သုံးသပ်ပြီး တရားမျှတမှုနှင့် လူ့အခွင့်အရေးတို့ကို များစွာလိုလားပါကြောင်း၊ အဆိုပါအမျိုးသမီးမှာ မြန်မာနိုင်ငံသားကောင်း တစ်ဦးလည်း ဖြစ်သည့်အပြင် သူ၏ နစ်နာမှုများမှာ တိုင်းပြည်တစ်ပြည် လုံးအတွက်ပါ ဆုံးရှုံးသွားနိုင်ပါကြောင်း၊ ထို့ပြင် အရာတော် ဒုတိယတရားသူကြီး ဦးမင်သော်ထွေးမှာလည်း ၎င်း၏နစ်နာမှုများကို အကြိမ်ကြိမ် တင်ပြတောင်းခံလာမှု အပေါ် မိမိအနေဖြင့် အထက်ဖေါ်ပြပါ မေးခွန်အားမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ပြည်သူများအတွက် တရားဥပဒေမဏ္ဍိုင်ကောင်းမွန်စွာ ရပ်တည်နိုင်ရန် အတွက် လေးစားစွာ မေးမြန်း လိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွှန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွှန့်အရာတော်မြို့နယ်မှ တရားသူကြီး ဦးမင်းသော်ထွေးကို လက်ရှိတာဝန်မှ အဆင့်ချထားခြင်းဆိုသည်မှာ မှန်ကန်ခြင်းမရှိပါကြောင်း ရှေးဦးစွာဖြေကြား အပ်ပါသည်။ ၎င်းနှင့်ပတ်သက်၍ တရားစီရင်ရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက်နွယ်ပြီးရရှိသော သတင်းအချက်အလက်များ အပေါ် စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေစဉ်အတွင်း  စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဒုတိယ ဦးစီးမှူးအဖြစ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အမိန့်ကြော်ငြာစာ အရ ပြောင်းရွှေ့ နေရာချထားခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ ဦးမင်းသော်ထွေးအပေါ် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်က ဖွဲ့စည်းပေးသော စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဦးမင်းသော်ထွေးသည် တရားခွင်တွင် ခေါင်းပေါင်းမ‌ပေါင်းဘဲ အမှုစစ်ဆေးခြင်း၊ တရားခွင်တွင် အချိန်ပြည့် ရုံးထိုင်စစ်ဆေးမှုမရှိဘဲ လက်အောက်ဖြင့်လွှဲအပ်ထားခြင်း၊ ပြင်ပပုဂ္ဂိုလ်များအား မိမိရုံးသတင်းကို ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည့်အတွက် ထိုသို့ပြုလုပ်ပြောဆိုခြင်းသည် တရားသူကြီး တစ်ဦး၏ ဂုဏ်သိက္ခာနှင့် ညီညွတ်မှုမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၎င်းအား သတိပေးသည့် အနေဖြင့် ဝန်ထမ်း ဆိုင်ရာပြစ်ဒဏ်သာ ချမှတ်ခဲ့ခြင်းဖြစ်ပါကြောင်း မေးခွန်းအမှတ် ၁ နှင်‌့ ပတ်သက်ပြီး၍ ရှင်းလင်း ဖြေကြားပါသည်။

ဆက်လက်၍ တရားသူကြီး ဦးမင်းသော်ထွေးကို စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဒုတိယဦးစီးမှူးအဖြစ် ပြောင်းရွှေ့နေရာချထားပြီး နောက်ပိုင်းတွင် အရာတော်မြို့နယ်၊  အမှတ်(၂)ရပ်ကွက်ရှိ ဦးကျော်ဝင်း၊ အထက်တန်းရှေ့နေ ဦးလင်းလင်းသန့်နှင့် ဦးတင်ညွန့်တို့က ၎င်းအပေါ် တိုင်ကြားချက်များပြုလုပ်ခဲ့ပါကြောင်း၊ တစ်ခါ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်တရားရုံးရှိ ဦးမင်းသော်ထွေးသည် ဒုတိယဦးစီးမှူး တာဝန်ထမ်းဆောင်စဉ် ကလည်း ကျမ်းကျိန်လွှာတွင် လက်မှတ်ရေးထိုးရန် ကိစ္စအတွက် ၎င်းကိုအရေးယူပေးရန်၊ ထို့ပြင် တာချီလိတ်မြို့နယ်မှ ဒေါ်နန်းစံဟွမ်၏ တိုင်ကြား ချက်များနှင့် ရုံးစိုက်ရာဒေသမှ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသည့် ကိစ္စရပ်များ ထပ်မံပေါ်ပေါက်လာသဖြင့် ယင်းကိစ္စရပ်များအပေါ် ဌာနဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ၎င်းကို ၁၅-၅-၂၀၁၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ဦးမင်းသော်ထွေးသည် အရာတော်မြို့နယ်တရားရုံး တာဝန်ထမ်းဆောင်စဉ် အမှုနှင့် သက်ဆိုင်ခြင်းမရှိသော စကားများကို တရာခံရှေ့နေနှင့် မလိုအပ်ဘဲ ပြောဆိုခဲ့ခြင်း၊ အမှုသည်နှင့် ဆွေမျိုးတော်စပ်သူတို့က ၎င်း၏နေအိမ်ဝင်းအတွင်း လာရောက် နေထိုင်သည်ကို လက်ခံခွင့်ပြုခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဒုတိယဦးစီးမှူး တာဝန်ထမ်းဆောင်စဉ် ဌာနဆိုင်ရာအကြီးအကဲ၏ ခွင်‌့ပြုချက်မရဘဲ ရုံးစိုက်ရာဒေသမှ ထွက်ခွာခြင်းမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း စသည့်အတွက် တရားသူကြီးတစ်ဦး အနေဖြင့် မပြုသင့်မပြုအပ်သော ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၎င်းကိုရာထူးတိုးမြှင့်ရန် အလှည့်ကျရောက်သည့် နေ့မှစ၍ ရာထူး တိုးမြှင့်ခြင်းကို ၁ နှစ်ရပ်ဆိုင်းသည့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်ခဲ့ပါကြောင်း၊ ထို့ပြင် တာချီလိတ် ခရိုင်တရားရုံးတွင် တာဝန်ထမ်းဆောင်စဉ်က ကျမ်းသစ္စာပြုရန် အရာရှိအဖြစ် ခန့်အပ်ခြင်း မခံရသေးမီ အချုပ်တရားခံတစ်ဦးဖြစ်သော ဒေါ်ရင်မေ ပြုလုပ်သည့်ကျမ်းသစ္စာပြုလွှာ ၂ စောင်တွင် ကျမ်းသစ္စာပြုခွင့်ရသူ အရာရှိအဖြစ် လက်မှတ်ရေးထိုးပေးခြင်းမှာလည်း တည်ဆဲဥပဒေနှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၎င်းကို သတိပေးဝန်ထမ်းဆိုင်ရာပြစ်ဒဏ် ချမှတ်ခြင်းဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ပြီးသည့် နောက်ပိုင်းတွင် ၎င်းကို ၁၅-၅-၂၀၁၃ ရက်နေ့မှ စ၍ တာဝန်မှ ယာယီရပ်ဆိုင်းသည့် အမိန့်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် တာဝန်မှယာယီ ရပ်ဆိုင်းခဲ့သော ကာလကိုလည်း တာဝန်ထမ်းဆောင်ချိန် အဖြစ်သတ်မှတ်ပြီး မူလတာဝန် ဝတ္တရားများကို ပြန်လည်ပေးအပ်ပြီး ဖြစ်ပါကြောင်း မေးခွန်း ၂ နှင့် စပ်လျဉ်းပြီးဖြေကြားပါသည်။

ထို့ပြင် ဒုတိယမြို့နယ်တရားသူကြီး ဒေါ်စန္ဒာဝင်းနှင့်ပတ်သက်၍ ကြိုတင်မေးခွန်းမရရှိထားသည့်အတွက် အဆိုပါမေးခွန်းအား ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း။

မေးခွန်း ၃ နှင့် ပတ်သက်၍ တရားနိုင် ဒေါ်သန်းသန်းအေးက တရားမကြီးအမှုစွဲဆိုရာတွင် အနိုင် ဒီဂရီ ရရှိခဲ့ပြီး ဇာရီမှုဖွင့်လှစ်ရန် လျှောက်ထားခြင်းဖြစ်သည့်အတွက် တရားမကြီး အမှုအမှတ် (၂၃/၂၀၀၉)ကို စစ်ဆေး ဆောင်ရွက်သည့်နေရာတွင် ပဏာမ ဒီဂရီချမှတ်ပေးခဲ့ပြီး ချမှတ်ပေးခဲ့သော ပဏာမ ဒီဂရီကို တရားပိုင်ဘက်မှ အယူခံ တင်သွင်းရာတွင် ခရိုင် တရားရုံးက ခွင့်ပြုသည့်အတွက် အမှုကို ၃-၂-၂၀၁၀ ရက်နေ့မှာ ပြန်လည် စစ်ဆေးခဲ့ ရပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ချမှတ်သော အမိန့်များအပေါ် ခရိုင်တရားရုံးကို ပြင်ဆင်မှု နှစ်ကြိမ် တက်ရောက်ခဲ့သည့်အတွက် ထပ်မံကြန့်ကြာခဲ့ပါကြောင်း၊ ထို့ပြင်ဒေါ်သန်းသန်းအေးသည် ဖခင်နှင့် မိထွေးတို့ အမွေရသော ပစ္စည်းများအပေါ် စုစုပေါင်း သုံးပုံတစ်ပုံ ရထိုက်ကြောင်း ၁၅-၂-၂၀၁၁ ရက်နေ့တွင် ပဏာမဒီဂရီ ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ပဏာမဒီဂရီကို တရားရှုံး ဒေါ်ဖြူဥတို့က ခရိုင်တရားရုံးကို အယူခံတက်ရောက်ခဲ့သည့်အတွက် အယူခံမှုမှာလည်း ထပ်မံကြန့်ကြာခဲ့ပါကြောင်း၊ တစ်ခါ ခရိုင်ရုံးက ချမှတ်ထားသော အမိန့်အပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ထပ်မံတင်သွင်းခဲ့ရာ မအောင်မြင့်သည့်အတွက် ၂၃-၁၁-၂၀၁၁ ရက်နေ့တွင် အပြီးသတ်ဒီဂရီ ချမှတ်ပြီး ဖြစ်ပါကြောင်း၊ ယင်းအပြီးသတ်ဒီဂရီကို ဒေါ်ဖြူဥတို့မှ ခရိုင်တရားရုံးတွင် ထပ်မံအယူခံတင်သွင်းသော်လည်း မအောင်မြင်သည့်အတွက် တစ်ခါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှု တစ်ခါ တက်ရောက်ပြန်ပါကြောင်း၊ ထိုသို့ တက်ရောက်ရာတွင်လည်း ၁၅-၈-၂၀၁၂ ရက်နေ့မှာ ပြင်ဆင်မှုကို ပလပ်ခဲ့သည့်အတွက် ဒေါ်သန်းသန်းအေးအနေဖြင့် တရားရုံးမှာ အနိုင်ဒီဂရီရရှိပြီးဖြစ်ပါကြောင်း၊ ရရှိသော ဒီဂရီကို အတည်ပြုရန်အတွက် ၁-၂-၂၀၁၂ ရက်နေ့၌ လျှောက်ထားရာတွင် တရားရုံးက မြေအပ်ဝရမ်းထုတ်ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ တရားမကြီးအမှုကို စတင်စွဲဆိုသည့်နေ့က ၁၇-၂-၂၀၀၉ ရက်နေ့ဖြစ်ပြီး နှစ်ဘက်က အယူခံမှုများ၊ ပြင်ဆင်မှုများအား အဆင်‌့ဆင့်ခရိုင်တရားရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုတင်သွင်းပြီး အဆုံးအဖြတ်ခံယူ ခဲ့ကြသည့်အတွက် ၁၅-၈-၂၀၁၂ ရက်နေ့တွင်မှ အပြီးသတ် ဒီဂရီချမှတ်နိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း  မူလအမှုကြီး စွဲဆိုနေသည့်နေမှစ၍ အပြီးသတ် ဒီဂရီချမှတ်နေ့အထိ ကြန့်ကြာချိန်မှာ ၃ နှစ်ကျော်သာ ဖြစ်ပါကြောင်းနှင့် ၁၀ နှစ်ကျော် ကြန့်ကြာမှုမရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။ နောက်ထပ်ဆက်လက်ပြီး စွဲဆိုသောဇာရီမှုဟာလည်း ၁ နှစ်ခန့်သာ ကြန့်ကြာပါသေးပါကြောင်း၊ ယင်းအမှုကိုလည်း ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အပြင် အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။    

တာမွေမဲဆန္ဒနယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ ထပ်ဆင့်မေးခွန်းမေးမြန်းခြင်း

ပြည်ထောင်စုဝန်ကြီးဖြေကြားချက်များအရ အရာတော် မြို့နယ် ဒုတိယ တရား သူကြီး ဦးမင်းသော်ထွေးကို ယခုလက်ရှိ မူလတာဝန်များ ပြန်လည်ပေး အပ်ပြီး ဖြစ်ကြောင်း ကြားသိရတဲ့အတွက် ဖြေကြားချက် အပေါ် သေချာအောင် ပြန်လည်မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် မိမိမေးမြန်းသော မေးခွန်း ၄ ခုမှ မေးခွန်း (၁)(၂)(၃) ကို ဖြေကြား သွားသော်လည်း မေးခွန်း ၄ ဖြစ်သော NLD ပါတီနဲ့ ဆက်သွယ်ဆောင်ရွက်သည့် အတွက် နိုင်ငံရေးလုပ်နေ သည်ဟု ကျော်ဇော သတင်းဖြန့်ကြောင်း စွဲချက် ၄ မှာပါရှိရာ ယင်ကိစ္စနှင့်ပတ်သက်၍ မေးခွန်း ၄ ကို ထပ်မံမေးမြန်းလိုပါကြောင်း၊ ဆက်လက်ပြီး မိမိမေးခွန်းတွင် ဒီပဲယင်းမြို့နယ် ဒုတိယတရား သူကြီး ဒေါ်စန္ဒာဝင်းနှင့် ပတ်သက်ပြီး ကြိုမတင်ခဲ့သည့် အတွက် တောင်းပန်လို ပါကြောင်း သို့သော်လည်း ယင်းမေးခွန်းအား လာမည့် အဋ္ဌမအကြိမ်လွှတ်တော် အစည်းအဝေးတွင် ဖြေကြားရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေတ္တာရပ်ခံလိုပါကြောင်း မေးမြန်းတင်ပြပါသည်။

ဖြေကြားချက်

တရားသူကြီး ဦးမင်းသော်ထွေးအား အမှုစစ်ရာတွင် ခေါင်းပေါင်းမပေါင်းထားခြင်း၊ စာရေးမှ အမှုစစ်ခြင်း၊ အမှု သည်များကို အိမ်ခေါ်ပြီး ငွေတောင်းခြင်း၊ နောက်တစ်ခါ NLD ပူးပေါင်းပြီး နိုင်ငံရေး လုပ်ကြောင်း ကျော်ဇောသတင်း များနှင့်ပတ်သက်ပြီး စွဲချက်တင်ပြီး နောက်မှာ ၁၂-၁၂-၂၀၁၂ ရက်နေ့မှာ လက်ရှိတာဝန်မှ အဆင့်ချထားခြင်း မှန်ပါသလားဟူ၍ မေးမြန်းထားပါသည်။ ယင်းမေးမြန်းချက်နှင့် စပ်လျဉ်း၍ လက်ရှိအဆင့်မှ တာဝန်ချထားခြင်း မဟုတ်ပါကြောင်း ဖြေကြားခဲ့ပြီးဖြစ်ပါသည်။ ယင်းမေးခွန်းများထည့်မှ နံပါတ် ၄ မေးခွန်းမှာ NLD နှင့်ပူးပေါင်းကြောင်း ကိစ္စဖြင့် စွဲချက်တင်ခြင်းမဟုတ်ပဲ အမှုစစ်ရာတွင် ခေါင်းပေါင်းမပေါင်းခြင်း၊ အမှုစစ်ဆေးခြင်း၊ အမှုသည်များကိုအိမ်ခေါ်ခြင်း စသည်ကိစ္စများဖြင့်သာ စွဲချက်တင် စစ်ဆေးခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။