(ဂ)-မော်လမြိုင်မြို့ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်စက်တပ်ဆင်ပြီး ကင်ဆာဝေဒနာရှင်များအား ကုသရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၂၅.၉.၂၀၁၄)

ဦးလှမောင်၊ (ချောင်းဆုံ) မြန်မာနိုင်ငံတွင် ကင်ဆာရောဂါကုသသော ဓာတ်ရောင်ခြည်စက်များသည် ရန်ကုန်၊ မန္တလေးနှင့်တောင်ကြီးမြို့ သုံးမြို့တို့၏ဆေးရုံများတွင်သာ ရှိကြပြီး အရေအတွက်လည်း နည်းပါးနေပါသဖြင့် တစ်နိုင်ငံလုံးမှလာရောက် ကုသကြသော ဝေဒနာရှင်များ တို့ကို အလှည့်ကျစနစ်ဖြင့် အချိန်စောင့်ဆိုင်း၍ ကုသမှုခံယူနေရပါကြောင်း သိရှိရပါကြောင်း၊ ထိုသို့ စောင့်ဆိုင်း၍ ကုသမှုခံယူရေးအတွက် ပိုမိုကုန်ကျသသော အချိန်နှင့်စရိတ်များ၊ ရပ်ဝေးဆေးရုံသို့ သွားရောက်ရသည့် စရိတ် အခက်အခဲရှိသောသူများအနေဖြင့် ရောဂါကုသခွင့်မရနိုင်ကြဘဲ အသက်ဆုံးရှုံးရမှုများနှင့် တွေ့ကြုံရပါကြောင်း၊ ထို့ကြောင့် အထက်ဖော်ပြပါ ကင်ဆာ ဝေဒနာရှင်များ တွေ့ကြုံနေရသော အခက်အခဲမှ အထိုက်အလျောက် ပြေလည်မှုရရှိစေရန်အလို့ငှာ ရည်ရွယ်၍ မြန်မာနိုင်ငံတောင်ပိုင်း မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးများရှိ ဒေသခံပြည်သူများအတွက် ကင်ဆာရောဂါကုသရာတွင် လိုအပ်သော ဓာတ် ရောင်ခြည်စက်တစ်လုံးကို မွန်ပြည်နယ်၊ မော်လမြိုင် ဆေးရုံကြီးတွင် တပ်ဆင်ပြီး ကင်ဆာရောဂါဝေဒနာ ရှင်များအား ကုသပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိမည်ဆိုပါက မည်သည့်ကာလတွင် ဆောင် ရွက်မည်ဖြစ်ကြောင်း၊ အစီအစဉ်မရှိပါက အဘယ်အကြောင်း အရာများကြောင့်ဖြစ်သည်ဆိုတာကို သိရှိ လိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းအောင်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းအောင်ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနသည် ယခုအခါ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါ ကုသပေးခြင်း လုပ်ငန်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး တို့တွင် ဆောင်ရွက်လျက်ရှိပြီး မကြာမီကပင် နေပြည်တော် ပြည်သူ့ဆေးရုံကြီးတွင် စက်ကို တပ်ဆင်ဆောင်ရွက်၍  လူနာများကို ကုသပေးလျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ လူနာများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာနေရာမှာပင် သွားရောက်ပြီး လွယ်ကူ စွာကုသနိုင်ကြပြီဖြစ်ပါကြောင်း၊ ကင်ဆာရောဂါဝေဒနာများကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှုမည်ဆိုပါက မိမိအလှည့်ကိုရောက်ရန် စောင့်ဆိုင်းနေရမှုများ ရှိနေပါသော်လည်း အရေးပေါ် ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသပေးရန် လိုအပ်သော ေဲ့ လူနာများ၊ သံဃာတော်များ၊ သီလရှင်များသည် စောင့်ဆိုင်းရန်မလိုဘဲ ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကင်ဆာလူနာများ တိုးတက် များပြားလာမှုကြောင့် နေပြည်တော်တွင် ဓာတ်ရောင်ခြည်ကုဌာနကိုတိုးချဲ့ဖွင့်လှစ်သွားမည်သကဲ့သို့  ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးမှာလည်း Linear Accelerator စက်တစ်လုံးကို အသစ် ထပ်မံတပ်ဆင်အသုံးပြုရန်အတွက် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊  

စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် Linear Accelerator တစ်လုံးကို တပ်ဆင်နိုင် ရန်အတွက် ဝယ်ယူ ရောက်ရှိပြီးဖြစ်ပြီး ယခုအခါ အဆောက်အဦကို ၁၂-၃-၂၀၁၄ ရက်နေ့တွင် စတင်ဆောက် လုပ်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ယခု ကင်ဆာရောဂါဆေးပညာ Medical Oncology ဆိုင်ရာ ဆေးပညာ မဟာဘွဲ့ ရရှိသူများကို ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆေးရုံကြီးများကို တာဝန်ချထားလျက်ရှိရာ ဒေသအသီးသီးတွင် ကင်ဆာဝေဒနာများကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ယခင်ထက် ပိုမိုပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်နေပြီဖြစ်ပါကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးတွင် Linear Accelerator အသစ်တစ်လုံးစီ ထပ်မံတပ်ဆင်ခြင်းများကို အောင်မြင်စွာဆောင်ရွက်ပြီးပါက  လုပ်ငန်း လိုအပ်ချက်များပေါ်မူတည်ပြီး အခြားပြည်သူ့ဆေးရုံများတွင်လည်း ဓာတ်ရောင်ခြည်ကုသစက်အသစ် များကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ဓာတ်ရောင်ခြည်စက်အသစ်တစ်လုံးကို ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့သို့ ဖြည့်ဆည်းတိုးချဲ့ ဖွင့်လှစ်ခြင်း အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။