ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအိမ်ရာစခန်းသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်း ၁၁ ခုတွင် ထူးခြားသောအခြေအနေရှိသည့် တစ်ခုတည်းသော စီမံကိန်းဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တော်လှန်ရေးကောင်စီအစိုးရ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်စိန်ဝင်း ဦးဆောင်ပြီး တည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်းသည် ကိုယ်ပိုင်အိမ်ရာမရှိသော ဝန်ထမ်းများ အိမ်ပိုင်ရာပိုင်ဖြစ်စေရန် စနေ၊ တနင်္ဂနွေနေ့များတွင် လုပ်အားပေးပြီး နာရီ ၂၀၀ ခန့် ဝန်ထမ်းများလုပ်အားဖြင့် တည်ဆောက်ခဲ့သည့် အိမ်ရာစခန်းဖြစ်ပါကြောင်း၊ ယင်းအိမ်ရာစခန်းရှိ လူထုသည် ၉ ကြိမ်မြောက် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲတွင် လူ ၁၅၀၀ ကျော်က နှုတ်ဖြင့်ရော စာဖြင့်ပါ ၎င်းတို့၏ခံစားမှုများကို အိုးအိမ်ဦးစီးဌာနနှင့်ပတ်သက်၍ တင်ပြလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သုဝဏ္ဏအိမ်ရာသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မြို့ပြစီမံကိန်းများနှင့် မတူဘဲ လစာနှင့် ဝန်ထမ်းများ၏ အိမ်ရာများဖြစ်သည်ဟုဆိုပါက မှန်ကန်မှုရှိပါသလား၊ သုဝဏ္ဏအိမ်ရာစီမံကိန်း စတင်တည်ထောင်စကပင် နှစ်ပေါင်း ၅၀ ခန့်အတွင်း အိုးအိမ်ဦးစီးဌာနက သတ်မှတ်ထားသော အိမ်ငှားရမ်းခများကို သတ်မှတ်ချက်အတိုင်း ပေးသွင်းခဲ့ပြီးဖြစ်ပါ၍ သုဝဏ္ဏအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်သူ ဆောက်လုပ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးချုပ်စိန်ဝင်း(ဝန်ကြီး)၊ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးစိုးတင့်၊ အထူးအရာရှိ ဗိုလ်ကြီးမြင့်လွင်တို့ ကိုယ်တိုင်က လုပ်အားပေးများက ကိုယ်အိမ်ကိုယ်ဆောက်တာ ကောင်းအောင်ဆောက်ကြ။ နောင် အနှစ် ၂၀၊ ၃၀ ကြာလျှင် အခမဲ့နေထိုင် ခွင့်ပေးမည်ဟု ပြောကြားခဲ့သည်ကို သိရှိပါသလား၊ သုဝဏ္ဏမြို့ ၂၄၊ ၂၅၊ ၂၉ ပြည်သူ့အိမ်ရာစီမံကိန်းတွင် အိမ်ငှားခပုံမှန်ပေးသွင်းခဲ့သဖြင့် လက်ရှိနေထိုင်ကြသော လုပ်အားပေးများက ကိုယ်ပိုင်အမည်ဖြစ် သတ်မှတ် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ မူလလုပ်အားပေးသူများနှင့် ၎င်းတို့၏ အမွေစားအမွေခံများဖြစ်သော သားသမီး၊ မြေးမြစ်များက ဥပဒေနှင့်အညီ အသိအမှတ်ပြုပေးရန် အစီအစဉ်ရှိ/မရှိ၊ မူလလုပ်အားပေး နေထိုင်သူများထံမှ ဝယ်ယူနေထိုင်သူများအပေါ် ဝယ်ယူနေထိုင်သူများအမည်ပေါက် ငှားရန်းခပြေစာ ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ၂၅-၃-၂၀၁၄ နေ့ပါ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးမှ အိမ်ငှားရမ်းခ တိုးမြှင့်သတ်မှတ်ခြင်းသည် ကာယကံရှင်ပြည်သူများ၏ သဘောထားရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့် အတွက် သုဝဏ္ဏအိမ်ရာစီမံကိန်းနေ ပြည်သူများ၏ စားဝတ်နေရေးကိုထိခိုက်သဖြင့် ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၏ နေရေးပြဿနာ ကို ဖြေရှင်းနိုင်ရေးအတွက် အိမ်ရာစီမံကိန်းများကို နည်းလမ်း ၂ သွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အငှားချအိမ်ရာဖြစ်သော ပြည်သူ့အိမ်ရာစီမံကိန်းသည် နည်းလမ်း(၁) ဖြစ်ပါကြောင်း၊ ယင်းနည်းလမ်းအရ မိမိတို့သည် အပိုင်ပေးအိမ်ရာဖြစ်သည့် စုပေါင်းအိမ်ရာစီမံကိန်းကိုလည်း နည်းလမ်း(၂)အဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အငှားချအိမ်ရာဖြစ်သော ပြည်သူ့အိမ်ရာစီမံကိန်းသည် အများပြည်သူနေထိုင်သည့် ပြည်သူ့ အိမ်ရာများဖြစ်ပြီး ဝန်ထမ်းများ တာဝန်ထမ်းဆောင်ချိန်တွင် နေထိုင်နိုင်သည့် ဝန်ထမ်းအိမ်ရာ၊ စက်မှုလုပ်သားအိမ်ရာနှင့် လုပ်အားပေးခြင်းကြောင့် နေရာချထားခံရသော သုဝဏ္ဏလုပ်အားပေးအိမ်ရာတို့ ပါဝင်ခြင်းဖြစ်ပါကြောင်း၊ ၁၉၆၅-၁၉၆၆ ခုနှစ်မှ စတင်ပြီး ၂၄ ရပ်ကွက်၊ ၂၅ ရပ်ကွက်နှင့် ၂၉ ရပ်ကွက်တို့တွင် ဆောက်လုပ်အကောင်အထည်ဖော်ခဲ့သည့် သုဝဏ္ဏလုပ်အားပေးအိမ်ရာသည် အနည်းဆုံး နာရီ ၁၂၀ လုပ်အားပေးသည့်မိသားစုကို နေရာချထားပေးသော အငှားချအိမ်ရာအမျိုးအစားဖြစ်ပါကြောင်း၊ သုဝဏ္ဏ အိမ်ရာစီမံကိန်းတွင် လုပ်အားပေး၍ နေရာချထားပေးခြင်းခံရသူများသည် လုပ်သားအိမ်ရာစီမံကိန်း လုပ်အားထည့်ဝင်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ကိုယ်တိုင်ချုပ်ဆိုပြီး အိမ်ငှားစည်းကမ်းချက်ပါ အချက်များကို လိုက်နာပြီး ကတိခံဝန်ချက်လက်မှတ်ရေးထိုး၍ အိမ်ငှားအဖြစ် သတ်မှတ်အိမ်လခကို ပေးဆောင်ကြရသော တမူထူးခြားသည့် လုပ်အားပေးအိမ်ရာစီမံကိန်း ဖြစ်ပါကြောင်း။
သုဝဏ္ဏလုပ်အားပေးအိမ်ရာသည် မူလလုပ်အားပေးမိသားစုများ၏ နေရေး ရေရှည်အဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်ပေးထားခြင်းဖြစ်သော်လည်း အိမ်ရာစခန်းရှိ ရပ်ကွက် ၃ ရပ်ကွက်တွင် အငှားချထားသော အိမ်ခန်းပေါင်း ၂၇၂၂ ခန်းကို စာရင်းကောက်ယူ စစ်ဆေးချက်အရ ယခုအချိန်တွင် မူလဦးစီးပင်စင်စား ၂၁၇ ဦးနှင့် အရပ်သားမူလဦးစီး ၄၈ ဦး၊ စုစုပေါင်း ၂၆၅ ခန်း၊ မူလဦးစီး မိသားစုပင်စင်ခံစားသူ ဇနီး/ခင်ပွန်း ၁၂၄ ခန်းနှင့် မူလဦးစီး၏ သားသမီးများ ၂၅၁ ခန်း မိသားစုဝင် စုစုပေါင်း ၃၇၅ ခန်းသာ ရှိသည့်အတွက် အိမ်ငှားစည်းကမ်းညီညွတ်သော အခန်းပေါင်း ၆၀၄ ခန်းသာရှိပါကြောင်း၊ ကျန် ၂၀၈၂ ခန်းသည် အရောင်းအဝယ်ပြုလုပ်ထားသော အခန်းများဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊
မူလလုပ်အားပေးသူများနှင့် ၎င်းတို့၏ အမွေစားအမွေခံဖြစ်သော သားသမီး၊ မြေးမြစ်များအား ဥပဒေနှင့်အညီ အသိအမှတ်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ ပြည်သူ့အိမ်ရာများသည် မူလလုပ်အားပေးသူများနှင့် မိသားစုများ နေရေးအဆင်ပြေစွာ နေထိုင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် မူလအိမ်ငှားဦးစီး မရှိလျှင် ဇနီး/ခင်ပွန်း၊ သားသမီးမြေးမြစ်များကို တရားဝင် ဆက်လက်နေထိုင်ခွင့် ပြုထားပါကြောင်း၊ လက်ရှိတွင်လည်း ဇနီး/ခင်ပွန်း၊ သားသမီးများ၏ အခန်း ၃၇၅ ခန်း ပါရှိပါကြောင်း။
မူလလုပ်အားပေးနေထိုင်သူများထံမှ ဝယ်သူနေထိုင်သူများအပေါ် အမည် ပေါက်ငှားရမ်းခ ပြေစာထုတ်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ဝယ်ယူနေထိုင်သူများကို သတ်မှတ်ထားသော အိမ်လခများပေးသွင်းစေပြီး ဆက်လက်နေထိုင်ခွင့် ပြုသွားမည်ဖြစ်ပါကြောင်း၊
၂၅-၃-၂၀၁၄ နေ့စွဲပါ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အိမ်ငှားရမ်းခ တိုးမြှင့်သတ်မှတ်ခြင်းသည် ကာယကံရှင်ပြည်သူများ၏ သဘောထားရယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အတွက် သုဝဏ္ဏအိမ်ရာစီမံ ကိန်းနေပြည်သူများ၏ စားဝတ်နေရေးကို ထိခိုက်စေသဖြင့် ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ အိမ်လခများ တိုးမြှင့်ကောက်ခံခြင်းသည် ၁၉၆၄ ခုနှစ်က သတ်မှတ်ခဲ့သည့် အိမ်လခများကို ပြောင်းလဲသောခေတ်ကာလနှင့်လည်း လိုက်လျောညီထွေမရှိသဖြင့် ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ပြီး အိမ်ရာစခန်းများ၏ ပြင်ဆင်ထိန်းသိမ်းမှုစရိတ်များ၊ စီမံခန့်ခွဲမှုစရိတ်များကို အထောက်အပံ့ရရှိစေရန်ဖြစ်ပါကြောင်း၊ သို့သော် သုဝဏ္ဏလုပ်အားပေးအိမ်ရာစီမံကိန်းသည် အခြားသော အိမ်ရာစီမံကိန်းများနှင့် မတူဘဲ ထူးခြားသော လုပ်အားပေး အိမ်ရာစီမံကိန်းဖြစ်သောကြောင့် အခြား အိမ်ရာများနှင့် မတူကွဲပြားသော သဘောသဘာဝရှိပါကြောင်း၊ အိမ်လခပြင်ဆင်သတ်မှတ်ခြင်းအတွက် သုဝဏ္ဏလုပ်အားပေး အိမ်ငှားဦးစီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနတို့မှ ပူးပေါင်းညျိနှိုင်းပြီး အိမ်လခသတ်မှတ်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
