မိတ္ထီလာ-တောင်ကြီး-တာချီလိတ် အာရှလမ်းမကြီး မိုင်တိုင် ၂၈၃/၄ တွင် တာကော်တံတား အမှတ် (၃/၂၈၄) တံတားကြီးရှိပါကြောင်း၊ တံတား အရှည်မှာ ၇၈၀ ပေ၊ အကျယ်ယာဉ်သွားလမ်း ၂၂ ပေ၊ လူသွားလမ်းတစ်ဖက် ၃ ပေစီရှိပြီး ရေလယ်တိုင် ၄ တိုင် ပါရှိပါကြောင်း၊ အဆိုပါတံတားကို မြန်မာအင်ဂျင်နီယာပညာရှင် AE ဦးသန့်ဇင်နှင့် တရုတ်ပညာရှင် Mrs ဟာဝေချမ်းတို့က ၁၉၆၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ပြီးစီးခဲ့ရာ နှစ်ပေါင်း ၄၀ ကျော်တည်ရှိခဲ့ပြီး သံပေါင်ခံကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ကာ ခံနိုင်ဝန်အား ၃၂ တန်သာ ရှိပါကြောင်း၊ မိတ္ထီလာ-တောင်ကြီး-တာချီလိတ် အာရှလမ်းမကြီးသည် ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံသို့ ကူးသန်းရောင်းဝယ်ရာတွင် အဓိကလမ်းမကြီးဖြစ်ပြီး ယာဉ်သွားယာဉ်လာများ အလွန်များပြားပါကြောင်း၊ ယခုအချိန်တွင် အဆိုပါတံတားကြီးသည် နှစ်ပေါင်းကြာမြင့်လှပြီဖြစ်ရာ တံတားကြံ့ခိုင်မှုမှာလည်း စိုးရိမ်ဖွယ်ဖြစ်လာရာ အာရှလမ်းမကြီးဖြစ်သည်နှင့်အားလျော်စွာ ခေတ်နှင့် လျော်ညီသော အဆင့်မြင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသဖွံ့ဖြိုးရေးနှင့် ကူးသန်းရောင်းဝယ် ရေးအတွက် တာကော်တံတားအား တန် ၆၀ ခံနိုင်ဝန်ရှိသော နှစ်လမ်းသွား သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးမည့် အစီအစဉ်ရှိ/မရှိ၊ ပြုလုပ်ပေးမည်ဟုဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်နှင့် မပြုလုပ်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို ဆက်စပ်ထားသော တာကော်တံတားသည် မိုင်တိုင် ၂၈၃ မိုင်၊ ၄ ဖာလုံတွင် ရှိပါကြောင်း၊ ယင်းတံတားကို ၁၉၆၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ပြီးစီးပြီး တံတားသံပေါင်ပေါ်တွင် ကွန်ကရစ်ကြမ်းခင်းဖြင့် ဆောင်ရွက်ထားသော တံတားဖြစ်ပါကြောင်း၊ တံတားကို နှစ်စဉ်ပုံမှန် ထိန်းသိမ်းရေးလုပ်နေသည့်အတွက် တံတား၏ ခံနိုင်ဝန်သည် အခုအချိန်ထိ တန် ၃၂ ခံနိုင်သည့်အဆင့်ရရှိစေရန် ဆောင်ရွက်ထားပါကြောင်း၊ ထို့အပြင် ယင်းတံတား အောက်တွင် လမ်းတစ်ခုရှိပြီး အဆိုပါလမ်းမှ ဝင်ရောက်ကာ တံတားကြီးပြင်ဆင်ထိန်းသိမ်းသည့်လုပ်ငန်းကို ဆောင်ရွက်နိုင်သည့်အတွက် တံတား၏ကြံ့ခိုင်မှုသည် အခုအချိန်ထိ ၃၂ တန် ခံနိုင်လျက်ရှိပါကြောင်း၊ မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ ယာယီတံတား (ဘေလီသစ်သားတံတား) များကို နှစ်လမ်းသွား ကွန်ကရစ်တံတားအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် တောင်ကြီးမှ တာကော်အပိုင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့အတူ တာကော်မှ ကျိုင်းတုံ အပိုင်းကိုတော့ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သံလွင်မြစ်ကူး တံတား(တာကော်)အပေါ်တွင် နေ့စဉ်ဖြတ်သန်းနေသော ယာဉ်အရေအတွက်မှာ ကုန်တင်ယာဉ်ကြီး အစီး ၂၀၊ ယာဉ်ငယ်မျိုးစုံအစီး ၆၀ ခန့်ရှိပါကြောင်း၊ တာကော်-ကျိုင်းတုံအပိုင်းတွင် အချို့ယာဉ်များသည် လမ်းကွေ့များ၊ အကွေ့အကောက်များ၊ အတက်အဆင်းများ များသည့်အတွက် ၂၂ ဘီးကားများသွားလာ၍ မရပါကြောင်း၊ ယခုအချိန်တွင် ၁၄ ဘီးကားများသွားသည့်အတွက် ၁၄ ဘီးကား၏ ခံနိုင်ဝန်သည် တန် ၃၀ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် တာကော်တံတားကြီးသည် ၃၂ တန် ခံနိုင်ရည်ရှိသည့်အတွက် တံတားနှင့် ယာဉ်၏အလေးချိန် အဆင်ပြေလျက်ရှိသော်လည်း မိမိတို့နိုင်ငံသည် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ASIAN Community တွင် ပါဝင်လာပြီး စီးပွားရေးအရ နိုင်ငံတကာဆက်သွယ်ရေးလမ်းအဖြစ် နိုင်ငံအတွင်း ဖြတ်သန်းသွားမည့်လမ်း ၁၅ လမ်းပေါ်တွင် နိုင်ငံတကာကယာဉ်များလည်း ဖြတ်သန်းသွားမည်ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် မိတ္ထီလာ-ကျိုင်းတုံ-တာချီလိတ်လမ်းသည် Asia High Way အမှတ်(၂)လမ်းအဖြစ် တည်ရှိသည့်အတွက် လမ်းကို ၂၄ ပေအကျယ် ကတ္တရာလမ်းနှင့် တံတားကို တန် ၆၀ ခံနိုင်ရည်ရှိသော တံတားဖြစ်စေရန် မဖြစ်မနေ မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တံတားကြီးကို တန် ၆၀ ခံနိုင်စေရန် အကျိုအင်ဂျင်နီယာ လုပ်ငန်းများ Facility Study များ ဆောင်ရွက်နေပါကြောင်း၊ ယာဉ်အရေအတွက် များပြားလာမည့်အချိန် ၂၀၁၇-၂၀၁၈ ခုနှစ်ခန့်တွင် တံတားကြီးကို တန် ၆၀ ခံနိုင်ဝန်ရှိတသော တံတားအဖြစ် ဆောင်ရွက်ထားရန် စီမံလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
