ဒုတိယဗိုလ်မှူးကြီးသိမ်းထွဋ် (တပ်မတော်သားကိုယ်စားလှယ်

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ယခင်က CDMA 450 MHz နှင့် 800 MHz ဖုန်းများကို လိုင်းဆွဲအားကောင်းမွန်စွာ ပြောဆိုနိုင်ခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်၊ သြဂုတ်လတွင် ရပ်စောက်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ဝင်းအတွင်း၌ နေရာရွေးချယ်ပြီး GSM တာဝါတိုင်ကို စတင်တည်ဆောက်ခဲ့ပြီး ၁၂- ၁၀- ၂၀၁၁ ရက်နေ့တွင် စတင်အသုံးပြုနိုင်ခဲ့ရာ လက်ရှိအခြေအနေတွင် တယ်လီဖုန်း ၅၃၀၀ လုံးခန့် တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ သို့သော် တာဝါတိုင်တပ်ဆင်ထားသည့်နေရာ၊ မြို့တည်ရှိရာ မြေမျက်နှာပြင်ညီသည့်နေရာတွင် တည်ဆောက်ထားပြီး တောင်ပေါ်ဒေသဖြစ်သည့်အတွက် မြေအနိမ့်အမြင့် ကွာခြားမှုများကြောင့် ရပ်စောက်မြို့အတွင်းမှာပင် တယ်လီဖုန်းလိုင်းများ ကောင်းစွာမမိခြင်း၊ လိုင်းမိသည့်အနေအထားများ မတူညီခြင်းတို့ တွေ့ရှိရသည့်အပြင် တပ်ဆင်ထားသည့် စက်အမျိုးအစားသည် အဝေးလိုင်း 2E14N ဖြစ်သည့်အတွက် သုံးစွဲမှုအင်အားလည်း သတ်မှတ်ချက်ထက် ပိုမိုလျက်ရှိပါကြောင်း၊ ရပ်စောက်မြို့တွင် တပ်ဆင်ထားသော GSM တာဝါတိုင်နှင့် တပ်ဆင်ထားသော စက်များသည် တပ်ဆင်ထားသည့်နေရာ အနေအထားမကောင်းခြင်း၊ တယ်လီဖုန်းလိုင်းအင်အား မမျှတခြင်း၊ လွှင့်ထုတ် နိုင်သည့် အင်အားနည်းခြင်း၊ လွှမ်းခြုံနိုင်သည့်အနေအထားနည်းပါးခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့အပြင် တယ်လီဖုန်းလိုင်းများကိုလည်း ရောင်းချပေးလျက်ရှိပြီး ထပ်မံရောင်းချသွားရန် အစီအစဉ်ရှိသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် တပ်ဆင်ထားသော GSM စနစ်သုံး တယ်လီဖုန်းတာဝါတိုင်သည် မြို့တွင်းတွင်သာ တပ်ဆင်ထားခြင်းကြောင့်လည်းကောင်း၊ တောင်ပေါ်မြို့ ဖြစ်သည့်အတွက် မြေအနိမ့်အမြင့် ကွာခြားမှုကြောင့်လည်းကောင်း ရပ်စောက်မြို့အတွင်းမှာပင် တယ်လီဖုန်း လိုင်းမိသော အနေအထားများ မတူညီသည့်အတွက် GSM တယ်လီဖုန်းလိုင်း ကောင်းမွန်စွာ ဖမ်းယူရရှိရေး လက်ရှိတပ်ဆင်ထားသောတာဝါတိုင်ကို မြေအနေအထားအရ သင့်တော်ရာနေရာသို့ ရွှေ့ပြောင်း တည်ဆောက်ခြင်း သို့မဟုတ် တာဝါတိုင် ထပ်မံတည်ဆောက်ခြင်းများ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စာတိုက်ဝင်းအတွင်း အမြင့် ၄၂ မီတာရှိသော တာဝါတိုင်နှင့် GSM စခန်းတစ်ခု တည်ဆောက်တပ်ဆင်ထားရှိပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ပေးထားပြီး လိုင်းအင်အားကိုလည်း တိုးချဲ့တပ်ဆင်ပေးထားပြီး ဖြစ်ပါကြောင်း၊ ဗထူးတပ်မြို့ အိတ်ချိန်းသည် အမြင့် ၃၂ မီတာရှိသော တာဝါတိုင်နှင့် CDMA-800 MHz စခန်း တည်ဆောက်တပ်ဆင်ထားရှိပြီး ရပ်စောက်မြို့နယ်ရှိ မိုးမခတောင်ပေါ်တွင်လည်း အမြင့် ၂၂ မီတာရှိသော တာဝါတိုင်နှင့် CDMA-450 MHz စခန်းကို တည်ဆောက် တပ်ဆင်ထားရှိပါကြောင်း၊ မိမိတို့ ပြောဆိုဆက်သွယ်နိုင်သော လွှမ်းခြုံမှုဧရိယာ ပိုမိုရရှိနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များကို ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စိစစ်တွေ့ရှိချက်များကို အခြေခံပြီး တာဝါတိုင်ရွှေ့ပြောင်းတည်ဆောက်ရေးကို လိုအပ်ခြင်းရှိ/မရှိနှင့် လိုအပ်ပါက သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
