မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများဖြစ်သည့် တယ်လီနောနှင့်အော်ရီဒူး ဆက်သွယ်ရေးကိစ္စနှင့် ပတ်သက်၍ ဥပမာတစ်ခုကို ပြောပြရမည်ဆိုလျှင် အိမ်နီးနားချင်းနိုင်ငံတစ်ခုဖြစ်သည့် ဗဟုသုတနည်းပါးသော မိသားစုတစ်ခုတွင် မိခင်၏လက်ကိုင်ဖုန်းကို မိခင်မသိဘဲ အသက်ရှစ်နှစ်အရွယ်သားဖြစ်သူမှ အခကြေးငွေပေးဆောင်ရသော အင်တာနက်ဂိမ်းများကို ယူဆော့ကစားခဲ့ရာမှ ငွေကြေးပမာဏမြောက်မြားစွာ ပေးဆောင်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရပါကြောင်း၊ ၎င်းငွေကြေးကို မိခင်ဖြစ်သူ မတတ်နိုင်သော ငွေကြေးပမာဏ ဖြစ်သောကြောင့် ၎င်းကိစ္စကို သက်ဆိုင်ရာကော်မရှင်ထံ အကျိုးအကြောင်းကို အသနားခံစာတင်ပြ၍ ကော်မရှင်မှစုံစမ်းသည့်အခါ အဖြစ်မှန်ကိုသိရှိသွား၍ ပြည်သူဘက်မှ ရပ်တည်၍ ဖြေရှင်းခဲ့ရသည့် အဖြစ်တစ်ခုရှိခဲ့ပါကြောင်း၊
မိမိတို့မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးသည် ပြည်သူများအတွက် ရောင်းချပေးနေသော ၁၅၀၀ တန်ဆင်းကတ်များကို မြို့ကြီးများတွင် ရောင်းချပြီး မြို့နယ်များကို ရောင်းချပေးမှု မရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ရောင်းချသည့် ဆိုင်များကလည်း ၁၅၀၀ တန်ဆင်းကတ်များကို ဟန်းဆက်နှင့်တွဲဖက်ပြီး ရောင်းချနေသည်ကိုတွေ့ရှိရပြီး ၁၅၀၀ တန် ဖုန်းဆင်းကတ်ကို ၁၅၀၀၀ ကနေ ၂၀၀၀၀ အထိ ရောင်းနေသည်ကိုလည်းတွေ့ ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများမှ ဆက်သွယ်ရေးလုပ်ငန်းများအတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြဿနာများပေါ်ပေါက်လာပါက ဖြေရှင်းပေးရန် ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းထားမှု အစီအစဉ်ရှိ/မရှိနှင့် ယခုလို ရောင်းဝယ်နေသော ဖုန်းဆိုင်များကို ဌာနအနေဖြင့် အရေးယူဆောင်ရွက်ထားမှု အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသည့် အငြင်းပွားမှုများ ပေါ်ပေါက်လာမည်ဆိုပါက မိမိတို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနထုတ်ပြန်ထားသည့် ဆက်သွယ်ရေးဥပဒေ အခန်း(၁၄) ပုဒ်မ ၅၀၊ ၅၁ တို့အရ တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မကြာမီကာလတွင် ဆက်သွယ်ရေးဥပဒေ အခန်း (၁၉) အထွေထွေကဏ္ဍ ပုဒ်မ ၇၄ တွင် ဖော်ပြထားရှိသည့် အမျိုးသားဆက်သွယ်ရေးအကြံပေးကော်မတီကို လည်းကောင်း၊ ပုဒ်မ ၈၆ မှာဖော်ပြထားသည့် မြန်မာနိုင်ငံဆက်သွယ်ရေး ကော်မရှင်ကိုလည်းကောင်း ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ အကောင်အထည် ပေါ်လာမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်မိမြင့်သန်း (ရေး) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မြန်မာ့ဆက်သွယ်ရေးမှချထားပေးသည့် MPT ဆင်းကတ်များကို တရားဝင်အနေနှင့် ဝန်ကြီးဌာနတို့ ချထားပေးသည့်ဆိုင်များ ရှိပါကြောင်း၊ ၎င်း ဆိုင်များမှ ဟန်းဆက်နှင့် တွဲရောင်းပြီး ၁၅၀၀ မဟုတ်ဘဲ ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ရောင်းချနေမှုများကိုလည်း သိရှိလိုကြောင်းမေးမြန်းပါသည်။
ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
လက်တွေ့အခြေအနေရှိ တချို့သောမြို့နယ်များတွင် ဖြစ်ပေါ်နေသည်မှာ အမှန်ပဲဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ သက်ဆိုင်ရာ တာဝန်ပေးထားသော Distributor များ direct ရောင်းချရန်၊ direct sale တာဝန်ပေးထားသည့် ပုဂ္ဂိုလ်များကို သတ်မှတ်ထားသည့် နှုန်းထားဖြင့်ရောင်းပြီး မိမိ၏ကိုယ်ကျိုးအတွက် ငွေဖြည့်ကတ်များနှင့် တွဲရောင်းခြင်း တန်ဖိုးမြှင့်ရောင်းခြင်း၊ ဟန်းဆက်များနှင့်တွဲပြီး ရောင်းခြင်းမျိုးမဖြစ်စေရန် ဆိုင်များ၊ ကုမ္ပဏီများကို သတိပေးကြေညာထားပြီး ဆက်လက်ရောင်းချခွင့် ပိတ်သိမ်းသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
