ယခု နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပြည်သူများဆင်းရဲနွမ်းပါးမှု လျော့ကျစေရေးအစီအစဉ်များ ကို စီမံကိန်းများချမှတ်၍ ဆောင်ရွက်ပေးလေ့ရှိပါကြောင်း၊ လယ်ယာမြေရှိကြသော တောင်သူ လယ်သမားများ အတွက် လယ်တစ်ဧကလျှင် ၁၀၀၀၀၀ ကျပ်၊ ယာတစ်ဧကကို ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၁၀၀ ကျပ်လျှင် တစ်လကို ၄၅ ပြားနှုန်းအတိုးဖြင့် ချေးပေးလျက်ရှိပါကြောင်း၊ အလားတူသမဝါယမဝန်ကြီး ဌာနကလည်း လယ်ယာမြေရှိသော တောင်သူလယ်သမားများကို အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနေလျက်ရှိပါကြောင်း၊ လယ်မဲ့ယာမဲ့ လက်လုပ်လက်စား ဆင်းရဲသား ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရေး အတွက်ကိုလည်း ဆင်းရဲနွမ်းပါးမှု လျော့ချစေရန် နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ရပ်ရပ်ဖြင့် စီစဉ်ဆောင်ရွက်ပေးသင့် သည်ဟု တင်ပြလိုပါကြောင်း၊ နိုင်ငံတော်မှ လယ်ယာမြေများဖော်ထုတ်ပြီး စိုက်ပျိုး သီးနှံများ အထွက်တိုးအောင် ဆောင်ရွက်ပေးခြင်းသည်လည်း နိုင်ငံတော်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ရပ်ပဲ ဖြစ်ပါကြောင်း၊
ထို့ပြင် လယ်မဲ့ယာမဲ့လက်လုပ်လက်စား ပြည်သူ များအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးနိုင်ပါက ထိရောက်သော ဆင်းရဲနွမ်းပါးမှု လျော့ချစေခြင်း လုပ်ငန်း များကို များစွာအထောက်အကူပြုနေလိမ့်မည်ဟုတင်ပြလိုပါကြောင်း၊
ထို့ကြောင့် နိုင်ငံအဝန်းရှိ လယ်မဲ့ယာမဲ့လက်လုပ်လက်စား ဆင်းရဲသား ပြည်သူများအတွက် လိုအပ်ပြီး သင့်တော်သောကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန် ရည်ရွယ်ပြီး လယ်ယာမြေများဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ နိုင်ငံအဝန်းရှိ လယ်မဲ့ယာမဲ့ လက်လုပ် လက်စား ပြည်သူများအတွက် အတိုးနှုန်းသက်သာသော အရင်းအနှီးချေးငွေများကို ချေးပေး၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည် တို့အား သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျေးလက်နေပြည်သူလူထု၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် လယ်မဲ့ယာမဲ့များ အား မြေလွတ်၊ မြေရိုင်းများ၊ ရေနက်ကွင်းများနှင့် မြေနုကျွန်းများတွင် လယ်ယာမြေများ ဖော်ထုတ်၍ လည်းကောင်း၊ တောင်တန်း ဒေသပြည်နယ်များတွင် ရွှေ့ပြောင်း တောင်ယာများကို လှေကားထစ် လယ်ယာမြေအဖြစ် ဖော်ထုတ်၍ လည်းကောင်း၊ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ် မြေယာစီမံခန့်ခွဲရေးအဖွဲ့များ၏ စီမံမှုဖြင့် ခွဲဝေချထားပေးပါကြောင်း၊ မိမိအစီအစဉ်ဖြင့် ဖော်ထုတ် စိုက်ပျိုးလုပ်ကိုင်လိုသူများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်း များ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၅ အရ လျှောက်ထားလာပါက ဧက ၅၀ ထက်မပိုသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို စီမံခန့်ခွဲရေး အဖွဲ့များမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
လယ်မဲ့ယာမဲ့ လက်လုပ်လက်စား ဆင်းရဲသားပြည်သူများအတွက် လယ်ယာမြေအသစ် ဖော်ထုတ်ရေး ကိစ္စသည်လည်း လိုအပ်ချက်အမှန်ရှိသော ပြည်သူလူထုနှင့် လက်ရှိဖော်ထုတ်ရရှိနိုင်သည့် မြေပြင်အခြေအနေ ပေါ် မူတည်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ စနစ်တကျ စီမံဆောင်ရွက်မှသာလျှင် အောင်မြင်ထိရောက်နိုင်မည် ဖြစ်ပါကြောင်း၊ အစိုးရသစ်တာဝန်ယူသည့်အချိန် အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် မုတ္တမပင်လယ်ကမ်းစပ်တွင် ပေါ်ထွန်းလာသည့် မြေလွတ်ဧက ၂၂၆၈ ဧကကို ဖော်ထုတ်၍ လည်းကောင်း၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၌ မြေလွတ်၊ မြေလပ်ဧက ၁၀၂၇ ဖော်ထုတ်၍လည်းကောင်း၊ လှေကားထစ်လယ်ယာကို ချင်းပြည်နယ်တွင် ၁၀၃၅ ဧက၊ ရှမ်းပြည်နယ်တွင် ၁၁၆၀ ဧက၊ ကယားပြည်နယ်တွင် ၃၀၀ ဧက ဖော်ထုတ်၍လည်းကောင်း လယ်မဲ့ယာမဲ့များအပါအဝင် ဒေသခံတောင်သူများအား လုပ်ပိုင်ခွင့်ချထားပေးခဲ့ပါကြောင်း၊
အခြားတိုင်းဒေသကြီး/ပြည်နယ်အချို့တွင် စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်နိုင်မည့် မြေရိုင်းများ၊ ရေနက်ကွင်းများ၊ မြေနုကျွန်းများရှိသော်လည်း ရန်ပုံငွေအခက်အခဲကြောင့် လယ်မဲ့ယာမဲ့များအတွက် ဖော်ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ၏ ရန်ပုံငွေဖြင့် လယ်ယာမြေ ဖော်ထုတ်ပေးရန် ဆောင်ရွက်သည့်အခါတွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာမှ လိုအပ်သည့် စက်ယန္တရားနှင့် ကျွမ်းကျင်ဝန်ထမ်းများ ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
သမဝါယမဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်နှင့် အညီ အသင်းပိုင်ငွေကြေး၊ နိုင်ငံခြားချေးငွေတို့ဖြင့် သမဝါယမအသင်းသား တောင်သူများအား စိုက်ပျိုးစရိတ်ထုတ်ချေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများဝယ်ယူနိုင်ရန် ထုတ် ချေးပေးခြင်းတို့အပြင် လယ်မဲ့၊ ယာမဲ့နှင့် လက်လုပ်လက်စားများအနေဖြင့် အမှန်တကယ်အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်သူ၊ မိမိကိုယ်တိုင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဥပမာ- မွေးမြူရေး၊ ဈေးရောင်း၊ အိမ်တွင်းလက်မှု လုပ်ငန်းတို့ကို လုပ်ကိုင်လိုသူများအား ဝိုင်းကြီးချုပ် စနစ်ဖြင့် သမဝါယမအသင်းများဖွဲ့စည်းစေပြီး သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် ဖွံ့ဖြိုးရေးအထောက် အကူပြုအဖွဲ့များ၊ ဒေသအာဏာပိုင်များ၏ တာဝန်ခံမှုအရ သက်သာသော အတိုးနှုန်းဖြင့် သတ်မှတ် ကာလပြည့်လျှင် အတိုး၊ အရင်း အပြေအကြေပေးဆပ်စေသည့် စနစ်ဖြင့် ထုတ်ချေးပေးခြင်း၊ အသေး စားအရင်းအနှီး ချေးငွေလုပ်ငန်းများ ဖွဲ့စည်းထူထောင်ပေးခြင်းတို့ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ နေ လက်လုပ် လက်စားနှင့် အလုပ်လက်မဲ့များအား အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးတက်လာစေရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေရရှိပြီး စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် မြစိမ်းရောင်စီမံကိန်းများကို ကျေးရွာများတွင် အကောင်အထည်ဖော်၍ အရင်းမပျောက် မတည်ငွေများထူထောင်ပြီး အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
