ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ဝေါနှင့် သနပ်ပင် မြို့နယ်တွင် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ကို ဖြတ်ဖောက် ထားသော ပဲခူး-စစ်တောင်းတူးမြောင်းသည် လွန်ခဲ့သော နှစ် ပေါင်း ၁၃၆ နှစ်ခန့်က ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၃၈ မိုင်ခန့်ရှည်လျား ပြုပြရန်လိုအပ်လာသည့် အတွက် ပြန်လည်ပြုပြင်ပေးရန် ပဉ္စမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ တိုင်းတာတွက်ချက်၍ ဘတ်ဂျက်တောင်းခံ ဆောင်ရွက်ပေးသွား မည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ယခုအခါ ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင်ပြုပြင်ခြင်းကို မျှော်မှန်းထားသည်ထက် တာထက် ပိုမို ကောင်းမွန်အကျိုးရှိအောင်လို့ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ပြည်သူများမှာ အထူးပင်ကျေးဇူးတင် ဝမ်း မြောက်ကြပါကြောင်း၊
တူးမြောင်းကြီးဖောက်လုပ်ရာတွင် ရပ်ကွက်နှင့် ကျေးရွာအချို့၌ ရေသွယ် မြောင်းနှင့် ရေထွက်ပေါက်များ မပါရှိ ခြင်းကြောင့် မိုးများစွာရွာသွန်းရာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်သည့် နည်းတူ နွေစပါး ရေသွင်းပြွန်ပေါက်များ ပိတ်သွားခြင်းကြောင့်လည်း နွေစပါးစိုက်ဧက ၄၀၀၀ ခန့် စိုက်ပျိုးရေအခက်အခဲရှိနိုင်ပါကြောင်း၊ ထို့ကြောင့် နွေစပါးစိုက်ပျိုးချိန်အမီ ဖောက်လုပ်ပေးဖို့ရန်နှင့် ယင်းသို့ဖောက်လုပ်ရာတွင် တာပေါင်၊ တာရိုးနှင့် ဆန့်ကျင်ဘက် ဖြစ်သော ရေကျော်ကျေးရွာ၊ ငချဉ်ပိုင်းရပ်ကွက်မှ ခရမ်းကျေးရွာမြောက်ပိုင်းအထိ ကမ်းများ ပြိုလဲခြင်းမရှိစေရန် တစ်စပ်တစ်ဆက်တည်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ကြောင့် ပဲခူး-စစ်တောင်း တူးမြောင်း အဆင့်မြှင့်တင် ပြုပြင်ခြင်းစီမံကိန်းနှင့် ပတ်သက်လို့ အချိန်ကာလသတ်မှတ်ခြင်း၊ ငွေကြေးကုန်ကျမှု၊ ပြီးစီးမှုအတိုင်း အတာ ရေရှည်ထိန်းသိမ်းမယ့် အစီအမံများနှင့် တူးမြောင်း၏ ပေ ၄၄၀၀နှင့် ပေ ၈၈၀၀ နေရာများတွင် ရေသွင်း ပြွန်ပေါက်များအား လာမည့် နွေစပါးစိုက်ပျိုးချိန်အမီ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရေကြီးရေလျှံဖြစ်လာသော ရပ်ကွက်/ကျေးရွာများတွင် ရေမြောင်းများနှင့် ရေထွက်ပေါက်များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းစီမံကိန်းအား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် မေလတွင် စီမံကိန်း၏ အဓိက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဆိုသော် လည်း စီမံကိန်း၏ လိုအပ်ချက်များကို အသေးစိတ်စစ်ဆေး၊ စောင့်ကြည့်၊ ဖြည့်စွက်ဆောင်ရွက်ဆဲကာလ ဖြစ်ပါ ကြောင်း၊
ရေတံခါးများ အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ရေသွင်းရေထုတ်မြောင်းများတူးဖော်ခြင်း၊ ရေသွင်း ရေထုတ်အဆောက် အအုံများ တည်ဆောက်ခြင်း၊ သနပ်ပင်မြို့နယ် တာဝရေတံခါးမှ ဝေါမြို့နယ် မြစ်ကျိုးရေတံခါးအထိ ၃၇ မိုင် ၇ ဖာလုံအတွင်း တာပုံစံကျမြေဖို့ခြင်းနှင့် တူးမြောင်တူးဖော်ခြင်း၊ ဂဝံ လမ်းခင်းခြင်းနှင့် ပဲခူး-စစ်တောင်း တူးမြောင်းနှင့် ဆက်စပ်နေသော ရေနုတ်မြောင်းများတူးဖော်ခြင်း လုပ်ငန်းများကို ရန်ပုံငွေကျပ် ၂၅ ဘီလီယံ အကုန် အကျခံ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊
ပဲခူး-စစ်တောင်းတူးမြောင်းကို ရေရှည်ထိန်းသိမ်းမည့် အစီအစဉ်နှင့် ပတ်သက်၍ စီမံကိန်း ကာလ ကုန်ဆုံးသည့်နောက်ပိုင်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစ၍ ပဲခူးတိုင်းဒေသကြီး၊ ဆည်မြောင်း ဦးစီးဌာန အနေဖြင့် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး တာပေါင်ပေါ်ရှိ ဂဝံလမ်း၊ အလျား ၃၇ မိုင် ၇ ဖာလုံအား သက်ဆိုင်ရာမြို့နယ်နှင့် ကျေးရွာများရှိ အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာအထောက်အကူပြုအဖွဲ့ အစည်းများနှင့် ဆည်မြောင်း ဦးစီးဌာနတို့ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ်ပါကြောင်း၊
နွေစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေအခက်အခဲမရှိစေရန်အတွက် ဒေသ၏လိုအပ်ချက်ဖြစ်သည့် ပဲခူး-စစ်တောင်း တူးမြောင်း ပေတိုင် ၄၄၀၀ နှင့် ပေတိုင် ၈၈၀၀ နေရာများရှိ ရေသွင်းပြွန်ပေါက်များကို လာမည့်နွေစပါး စိုက်ပျိုးချိန်အမီ ဖောက်လုပ်ပေးရန် စီစဉ်ထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊
ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန် ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့် ဆည်မြောင်း ဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများတွင် ရေနုတ်မြောင်းများနှင့် ရေထွက်ပေါက်များအား လိုအပ်ချက်အပေါ်မူတည်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
