(က)-လင်းခေးမြို့နယ်ဒါးဆိပ် မြစ်ရေတင်စီမံကိန်း လုပ်ငန်းအပေါ်တာဝန်ယူ၊တာဝန်ခံမှုအနေအထား ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ (၂၆.၉.၂၀၁၄)

ဦးစိုင်းလှကျော် (လင်းခေး) လင်းခေးမြို့နယ်တွင် ၂၀၀၄ ခုနှစ်က အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ဒါးဆိပ် မြစ်ရေတင်စီမံကိန်းနှင့်ပတ်သက်၍ ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ တွင် ၁ ကြိမ်၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ၁ ကြိမ်၊ ၂၀၁၄ ခုနှစ် မတ်လတွင် ၁ ကြိမ် အသီးသီးတင်ပြမေးမြန်းခဲ့သော်လည်း အကောင်းဆုံးပြန်လည်ဖြေကြားချက်များဖြင့်သာ ကျေနပ်ခဲ့ရပါကြောင်း၊ ဒါးဆိပ်မြစ်ရေတင်စီမံကိန်ကြီးသည် စီမံကိန်းစတင်ဆောင်ရွက်ပြီးစီးခဲ့သော ၂၀၀၄ ခုနှစ်ကတည်းက ယနေ့အထိ ရေပေးဝေရေး လုပ်ငန်းကို မူလစီမံချက်၊ ရည်ရွယ်ချက်အတိုင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါကြောင်း၊ မူလက ဒီဇယ်အင်ဂျင်ဖြင့် ရေတင်ပေးရာ စိုက်ပျိုးရေးရာသီတစ်ခုလုံး ရေမပေးနိုင်သကဲ့သို့ ပေးသည့်ရက်များတွင်လည်း နာရီအနည်းငယ်သာ ရေတင်ပေးနိုင်ခဲ့ပါကြောင်း၊ ရေတင်သည့်အခါတွင် ရေပိုက်ကြီးနှစ်ခုကို အသုံးပြုပြီး တစ်ပြိုင်တည်းရေတင်ပါက ပင်မမြောင်း ရေလျှံသည် အထိဖြစ်ပြီး ရေပိုက်တစ်လုံးတည်းဖြင့် ရေတင်သည့်အခါတွင် ရေအားနည်းပြီး အောက်ပိုင်းကျသည့် နေရာအထိ ရေမရောက်နိုင် ပါကြောင်း၊ ရေပေးဝေသည့် ၃ နှစ်တာကာလအတွင်း ပထမဆုံး ရေလှောင်ကန်နှင့် နီးစပ်ရာ ၂ ဖာလုံအထိသာ စိုက်ပျိုးမြေများကို ရေမလောက်မငှ ပေးဝေနေခဲ့ပါကြောင်း၊ အရှည်ပေ ၄၈၀၀၀ ခန့်ရှိသော ပင်မမြောင်းလက်တံကြီးတစ်ခုလုံးကို ရေမရောက်ပါကြောင်း၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးမှု အစီရင်ခံစာများတွင် လင်းခေးမြို့နယ် မြစ်ရေတင်စီမံကိန်းဟု ဖော်ပြခံခဲ့ရပါသော်လည်း လက်တွေ့ပိုင်းမတွင် ၁၀ နှစ်ကျော်လွန်လာခဲ့သော်လည်း ဒေသခံတိုင်းရင်းသားများအတွက် တစ်စုံတစ်ရာသောအကျိုးကျေးဇူး ခံစားရမှု မရှိသေးပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များ၏ ကြိုတင်တွက်ချက်မှု၊ စိစစ်မှုဖြင့် ဆောင်ရွက်ထားပါသော်လည်း ထိရောက်အောင်မြင်စွာ ရေပေးဝေနိုင်မှုမရှိသဖြင့် တစ်စုံတစ်ရာ လွဲချော်မှု၊ ချို့ယွင်းမှုများ ရှိနေသည်ဟု ဒေသခံပြည်သူများက ထင်မြင်နေကြပါကြောင်း၊ ထို့ကြောင့် ဒါးဆိပ်မြစ်ရေတင်စီမံကိန်းကို မူလစီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်ရန် အခြေအနေရှိ/မရှိနှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အခြေအနေများကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်ရှိ ဒါးဆိပ်မြစ်ရေတင်စီမံကိန်း အကျိုးပြုဧက ၃၄၀၀ တွင် ရေတင်အဆင့် ၄ ဆင့်ပါဝင်ပြီး ဒီဇယ်အင်ဂျင်မောင်း ရေစုပ်စက် ၁၆ လုံး တပ်ဆင်ထားရှိသည့် ဒီဇယ်ရေတင်အဖြစ် ၂၀၀၃-၂၀၀၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ပါကြောင်း၊ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၀၈-၂၀၀၉ ခုနှစ်အထိ စပါးနှင့် အခြားသီးနှံ စုစုပေါင်း ၁၃၅၀ ဧကအား ဒီဇယ်အင်ဂျင်ဖြင့် ရေပေးဝေခဲ့ပါကြောင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်မှစတင်၍ တောင်သူများသို့ ဌာနပိုင် ရေစုပ်စက်များအား ငှားရမ်းပေးပြီး တောင်သူအစီအစဉ်ဖြင့် တစ်ပိုင်တစ်နိုင် ရေတင်စိုက်ပျိုးခဲ့ပါကြောင်း၊  ဒီဇယ်ရေတင်စနစ်ဖြင့် ရေပေးဝေရာတွင် ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိမည့်အကျိုးအမြတ်မှာ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း မရှိခြင်းကြောင့် စီမံကိန်းအား ဒီဇယ်ရေတင်မှ လျှပ်စစ်ရေတင်အဖြစ် ပြောင်းလဲနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၃၃/၁၁ KV, 2 MVA ဓာတ်အားခွဲရုံတည်ဆောက်ခြင်း၊ 11 KV, HT Line ဝ.၇၄ မိုင် တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်းများနှင့် လျှပ်စစ်မော်တာများအဖြစ် ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လျှပ်စစ်ပိုင်းဆိုင်ရာ ပြောင်းလဲဆောင်ရွက်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့ပြီး ယခုအခါ ဓာတ်အားပို့လွှတ် စမ်းသပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ဒါးဆိပ်မြစ်ရေတင်စီမံကိန်းအား ၂၀၁၂-၂၀၁၃ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်၍ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းအား လျှပ်စစ်ရေတင်အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပြီးနောက် ရာသီဥတုဒဏ်ကြောင့် ချို့ယွင်း ပျက်စီးမှုများ၊ ဖြစ်ပေါ်နေသော မြေသားရေပေးမြောင်း များနှင့် ရေပေးအဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖြည့်စွက်တည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၆.၂၆၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊          ဒါးဆိပ်မြစ်ရေတင်စီမံကိန်းတွင် ပြင်ဆင်ပြီးစီးသော ရေသောက်စနစ်မှ ၂၀၁၄-၂၀၁၅ ခု နွေသီးနှံရာသီတွင် စတင်၍ ရေတင်အဆင်‌့ ၂ ဆင့်တွင် နွေစပါးဧက ၆၀၀ အပါအဝင် မိုးစပါးနှင့် အခြားသီးနှံစုစုပေါင်း ၁၆၀၀ ဧကကို စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်ရေတင်အဆင့်များမှ တိုးတက်ရေပေးဝေနိုင်ရေးအတွက် ဒေသခံတောင်သူများ၏ လိုအပ်ချက်အပေါ်မူတည်၍ ရေပေးမြောင်းနှင့် ရေပေးအဆောက်အအုံများ ပြင်ဆင် ထိန်းသိမ်းခြင်းနှင့် ဖြည့်စွက် တည်ဆောက်ခြင်း လုပ်ငန်းများအား နှစ်အလိုက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စိုက်ဧကပိုမိုတိုးတက်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။