နိုင်ငံတိုင်းသည် မိမိတိုင်းပြည်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသော သုတေသန RNT လုပ်ငန်းများကို ငွေကြေးအရင်းအနှီး အမြောက်အမြား အကုန်ကျခံပြီးတော့မှ နှစ်မြှပ်လုပ်ဆောင် လျက်ရှိပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနများအလိုက်၊ နယ်ပယ်များအလိုက် ဌာနအသီးသီးမှာ အလွန်အားနည်းနေခြင်းကြောင့် သုတေသနလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် အစိုးရကကူညီ ထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း၊ သုတေသနရလဒ်များအပေါ် ခိုင်မာစွာထိန်းသိမ်းရေး မှတ်ပုံတင်ထား ရှိရေးသည်လည်းအရေးကြီးသည့်အတွက် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအလိုက် ကဏ္ဍ အသီးသီးတွင် မှတ်ပုံတင်ထားရှိရမည့်အပြင် ဗဟိုတွင်လည်း ထားရှိရန်လိုအပ်ပါကြောင်း၊ သ့ိုမှသာ သုတေသနရလဒ်များ ခိုင်မာလာမည်ဖြစ်သကဲ့သို့ ယုံကြည်စိတ်ချစွာ မှီငြမ်းကိုးကားနိုင်မည်ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနရလဒ်များကို လျှို့ဝှက်ကိစ္စများမှအပ အသေး စိတ်ဖော်ပြနိုင်ပါက စက်မှုနှင့်သိပ္ပံကဏ္ဍများမှ လိုအပ်သလိုမှီငြမ်းအသုံးပြုခြင်းဖြင့် နည်းပညာဆိုင်ရာ တိုးတက်မှုများ ရှိလာ မှာဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှလည်း သုတေသနစာတမ်းမှဆိုင်ရာ စာတမ်းများ မြောက်မြားစွာ ရှိမည်ဖြစ်ပြီး စုစည်းပြီးဖော်ပြပေးသင့်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ သုတေသနလုပ်ငန်းများ လုပ်ဆောင်ကြသော ဝန်ကြီးဌာနအသီးသီး၊ ကဏ္ဍအသီးသီးမှဘွဲ့ယူစာတမ်များ၊ သုတေသနစာတမ်းများ၊ လေ့လာတွေ့ရှိချက်များအား စုစည်း၍ တရားဝင်ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း၊ အင်တာနက် စာမျက်နှာပေါ်တွင် ရယူသုံးစွဲနိုင်ပါက တောင်သူလယ်သမားများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ သုတေသနသမားများနှင့် စိတ်ပါဝင်စားသူ အများပြည်သူအတွက် အကျိုးရှိမှာဖြစ်ပါကြောင်း၊
ထို့ကြောင့် (၁) သုတေသနလုပ်ငန်းများအား အများပြည်သူအကျိုးရှိအောင် မည်သို့စီမံ ဆောင်ရွက်နေသည်၊ မည်ကဲ့သို့ထောက်ပံ့ပေးပါမည်၊ (၂) ဝန်ကြီးဌာနများအလိုက် လုပ်ဆောင်ကြ သော သုတေသနရလဒ်များ၊ မှတ်တမ်းများအား မည်သို့ မှတ်တမ်းတင် ထိန်းသိမ်းထားသည်နှင့် (၃) အများပြည်သူ မှီငြမ်းအသုံးပြုနိုင်ရန် လျှို့ဝှက်မဟုတ်သော စာရွက်စာတမ်းနှင့် တွေ့ရှိချက်များ အား အင်တာနက်စာမျက်နှာတွင် အတည်ပြုထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သုတေသနလုပ်ငန်းများသည် လူ့စွမ်းအားအရင်းအမြစ်ကိုဖွံ့ဖြိုးစေပြီးတော့ လုပ်ငန်းတွေအောင်မြင်စေရေး၊ ထုတ်လုပ်နိုင်စွမ်းအားတိုးတက်ရေး၊ ထုတ်ကုန်တွေဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသကဲ့သို့ စမ်းသစ်တီထွင်မှုကိုလည်း အားပေးရာရောက်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူပြု စေနိုင်သည် ဖြစ်ခြင်းကြောင့် နိုင်ငံတော်အနေဖြင့်လည်း သုတေသနလုပ်ငန်းများကို ကဏ္ဍအသီးသီးတွင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နံပတ်(၁) မေးခွန်းနှင့် ပတ်သက်ပြီးတော့ လယ်ယာကဏ္ဍရေးအောက် ရှိ စိုက်ပျိုးရေးသုတေသန ဌာနက ဒေသအလိုက်သင့်လျော်သော အထွက်ကောင်းသီးနှံ၊ မျိုးကောင်းမျိုးသန့်များ ဖော်ထုတ်ခြင်း၊ သီးနှံအလိုက်၊ ဒေသအလိုက် အကျိုးအမြတ်အများဆုံးရရှိပြီ သဘာဝအရင်း အမြစ်များကို ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံပုံစံတွေဖော်ထုတ်ခြင်းနှင့် သီးနှံဇီဝမျိုး ခွဲတွေ ထိန်းသိမ်းအသုံးချခြင်း၊ လူသားအရင်းအမြစ်တိုးတက်ရေး သုတေသနလုပ်ငန်းတွေကို လုပ်ဆောင် လျက်ရှိပါကြောင်း၊
မွေးမြူရေး၊ အသား/ငါး ထုတ်လုပ်ရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင်လည်း စားနပ်ရိက္ခဖူလုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးအတွက် မျိုးကောင်း၊ မျိုးသန့် တိရစ္ဆာန်တွေ စနစ်တကျမွေးမြူနိုင်ရေး၊ ကူးစက်ရောဂါများကင်းရှင်းစေရေး၊ ခိုင်းနွား၊ နွားနောက်၊ တိုင်းရင်းကြက်များ၏ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှု၊ ခွာနာလျှာနာရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ကြက်လည်လိမ်ရောဂါထိန်းချုပ်ရေးနှင့် ကြက်ငှက်တုတ်ကွေးရောဂါ စူးစမ်းလေ့လာရေး သုတေသန များအပြင် ငါးမျိုးများ အရည် အသွေးမြင့်မားလာစေရန် မျိုးငါးထိန်းသိမ်းရေး၊ တိုင်းရင်းသားငါးများ မတိမ်ကောစေရန် စမ်းသပ်မွေးမြူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
စက်မှုကဏ္ဍကြီးအောက်ရှိ စက်မှုသုတေသနသည်လည်း အရည်အသွေးစစ်ဆေးမှု၊ ဒီဇိုင်းနှင့် မိုလောင်းခြင်း ဆိုင်ရာအချက်အလက်တွေ၊ ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်အသုံးပြုရေးတို့ကို သုတေသနပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း။
ဆေးဝါးစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးရေးဌာနက ဆေးဝါးအရည်အသွေးစစ်ဆေးမှု၊ ဆေးဝါးအမယ်သစ်များ ဖော်စပ်နည်းစနစ်၊ ဆေးဖက်ဝင် အပင်များစမ်းသပ်မှု၊ အဏုဇီဝပိုးများမွေးမြူခြင်း သုတေသနလုပ်ငန်းများနှင့် ပုဂ္ဂလိကစားသောက်ကုန် စက်ရုံများမှ ထုတ်ကုန်များ၏ အရည်အသွေး စစ်ဆေးခြင်း၊ ရေဆိုးအခြေအနေစမ်းသပ် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့်လည်း တမံနှင့်ဆက်စပ် ရေအား အဆောက်အဦလုပ်ငန်းများ ဆောင်ရွက်ရာတွင် တမံ အမျိုးအစားအလိုက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှုရှိစေရန် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း တစ်ခုစီခြင်းအလိုက် အသုံးပြုမည့် အရည်အသွေးကို သုတေသနပြုစမ်းသပ် စစ်ဆေးဆောင်ရွက်ပြီးမှ အသုံးပြုပါကြောင်း၊
စမ်းသပ်စစ်ဆွေးပြီး တွေ့ရှိချက်များ၊ ရလဒ်များကို အခြားစီမံကိန်းများအတွက် မှီငြမ်းကိုးကားအသုံးပြုနိုင်ရန် သိမ်းဆည်းထားသည့်အပြင် သုတေသန စာတမ်းဖတ်ပွဲများကို အခါအားလျော်စွာ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း တက္ကသိုလ်များတွင် ပညာရေးဆိုင်ရာသုတေသနလုပ်ငန်းများကို ဒေသလိုအပ်ချက်နှင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်သုတေသန နိုင်ငံ၊ ဒေသ အကျိုးပြုသုတေသန လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဈေးကွက်များရှိ ဆေးဝါးများ အရည်အသွေးများစစ်ဆေးခြင်း၊ ဆေးဝါးဘေးထွက်ဆိုးကျိုးစောင့်ကြည့်ခြင်း၊ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် သက်ဆိုင်သော ဓာတ်ခွဲလုပ်ငန်းဆိုင်ရာသုတေသန၊ ဆေးဝါး အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ပတ်သက်သော သုတေသနများ တိုင်းပြည်ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသော ဆေးပညာရပ်ဆိုင်ရာကုထုံးနှ သဘာဝပတ်ဝန်းကျင်ပြောင်း လဲမှုမှာ အကျိုးသက်ရောက်မှုတွေ မှတ်ပုံတင်တိုင်းရင်းဆေးဝါးများ အမျိုးအစားနှင့် အရည်အသွေး စစ်မှန်မှုအတွက် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ပြည်သူများ၏ ကျန်းမာရေးပြဿနာများကို ရှာဖွေ ဖော်ထုတ်ခြင်း၊ ကာကွယ်ကုသမှုပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အထောက် အကူပြုနိုင်သော သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိခြင်းအပြင် ဘွဲ့လွန်ကျမ်းပြုသုတေသန လုပ်ငန်းတွေများကိုပါ ဆောင်ရွက်လျက်ရှိပါကြောင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် နည်းပညာလိုအပ်ချက်ဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်သော စက်မှုလုပ်ငန်းသုံး အရည်အသွေးမြင့် ပစ္စည်းတွေ၊ သွင်းကုန်အစားထိုးပစ္စည်းတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုစေမယ့် ပစ္စည်းများ စိုက်ပျိုးရေး၊ ဆေးသိပ္ပံ/အစာအဟာရ၊ တိရစ္ဆာန်မွေးမြူရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဇီဝသတင်းအချက်အလက်တွေ အသုံးချမှုစတဲ့ နယ်ပယ်အသီးသီးမှာ နည်းပညာ ဆိုင်ရာ လိုအပ်ချက် တွေကို အထောက်အကူပေးနိုင်ရန်နှင့် ထုတ်လုပ်မှုအရည်အသွေးမြင့်မားရေးအတွက် သုတေသန လုပ်ငန်းများ နိုင်ငံခြားတက္ကသိုလ်တွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ သမိုင်းသုတေသန၊ ရှေးဟောင်းသုတေသနများက သမိုင်းမှတ်တမ်းတွေ ထိန်းသိမ်းရေး၊ ရှေးဟောင်းသုတေသနတို့က လည်း သမိုင်းမှတ်တမ်းတွေထိန်းသိမ်းရေး၊ ရှေးဟောင်း အမွေအနှစ်များထိန်းသိမ်းရေးစသည့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနေနဲ့ လည်း ကုန်သွယ်ပေးရေးဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Aid For Trade အောက်မှာရှိသော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအတွက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘတ်စုံ ဆက်စပ်လေ့လာမှုသုတေသနကို စီမံကိန်းချဆောင်ရွက်လျက်ရှိ ပါကြောင်း၊
နံပတ်(၂) မေးခွန်းနှင့်ပတ်သက်၍ သုတေသနရလဒ်၊ မှတ်တမ်းများ မှတ်တမ်းတင်ထိန်းသိမ်းမှုနှင့် စပ်လျဉ်း ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေကြသော သုတေသနရလဒ်များ၊ သမိုင်းမှတ်တမ်းတွေကို သက်ဆိုင်ရာတက္ကသိုလ်၊ ဝန်ကြီးဌာန၊ စာကြည့်တိုက်တွေ၊ အမျိုးသားစာကြည့်တိုက်နဲ့ အမျိုးသား မော်ကွန်းတိုက်တို့မှာ Soft Copy, Hard Copy တို့နဲ့သော်လည်းကောင်း၊ မူလစက္ကူမှတ်တမ်းတွေနဲ့ သော်လည်းကောင်း၊ Micro film နဲ့သော်လည်းကောင်း၊ Digital စနစ်နဲ့သော်လည်းကောင်း စနစ်တကျထိန်းသိမ်းထားရှိကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင်ရှိသော တက္ကသိုလ်များ သိပ္ပံသုတေသနဌာန URC တွင်လည်း ဘွဲ့လွန်ကျမ်းပြု သုတေသနတွေ၊ ဒေသ/နိုင်ငံ အကျိုးပြုသုတေသနတွေကို မှတ်တမ်းထားရှိကြောင်း၊
စီးပွားရေးနှင့်သက်ဆိုင်သော သုတေသနများကိုလည်း ပုဂ္ဂလိကကုမ္ပဏီများမှ ဆောင်ရွက် လုပ်ကိုင်ကြပြီး အချို့သောသုတေသနများသည် ညာနပစ္စည်းဆိုင်ရာမူပိုင်ခွင့်( ) နောက်ပြီးတော့ Copy Right တွေနဲ့ သက်ဆိုင်နေခြင်းကြောင့် အများသိသာစေရန် ဖော်ထုတ်ရေးအတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်းလည်း၊
နံပါတ်(၃)မေးခွန်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနများသည် သုတေသနလုပ်ငန်းများကို ဝန်ကြီးဌာန တစ်ခုချင်းသော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း ဆောင်ရွက်ကြပါကြောင်း၊ သုတေသန ဆောင်ရွက်မှုများအနက် အချို့သည် ကနဦးအဆင့် Primary သုတေသန ဆောင်ရွက်ချက်တွေဖြစ်ပြီး တချို့ကသည် ဆောင်ရွက်ဆဲအဆင့်နှင့် လက်တွေ့စမ်းသပ်မှုမပြုရသေးသော သုတေသနလုပ်ငန်းများ ဖြစ်ခြင်းကြောင့် ရလဒ်များကို ထုတ်ပြန်၍ မရနိုင်သေးသည်များလည်းရှိပါကြောင်း၊ လယ်ယာ ကဏ္ဍ၏ သုတေသနရလဒ်များကို တောင်သူလယ်သမားတွေ အလွယ်တကူကြည့်ရှုလေ့လာနိုင်ရန် တောင်သူ လယ်သမားကဏ္ဍရုပ်သံလိုင်း Farmer Channelနှင့် အခြားရုပ်သံလိုင်းများ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အများပြည်သူ သိသင့်သိထိုက်သော အချက်အလက်များကို ဝန်ကြီး ဌာနအလိုက် Website တွေတည်ထောင်ပြီး လွှင့်တင်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း (တပ်မတော်သားကိုယ်စားလှယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။ သုတေသနလုပ်ငန်းများကို ဘက်ပေါင်းစုံ ကနေပြီး လုပ်ဆောင်နေသည်ကို ဖြေကြားခဲ့သည်မှာ အားရစရာ၊ ကျေနပ်စရာကောင်းအောင် ကြားသိရပါကြောင်း၊ ထို့အပြင် တိုင်းပြည်နဲ့ စီမံကိန်းကြီးများအတွက် သုတေသနပြုဗဟိုဌာနမျိုးကြီးများ ဖွဲ့စည်းဆောင်ရွက်ရန် သို့မဟုတ် မည်ကဲ့သို့များ ထိန်းကျောင်းပြီး နိုင်ငံတော်၏ လိုအပ်သော အရေးကြီးစီမံကိန်းများအတွက် သုတေသနလုပ်ငန်းမည်သို့ချမှတ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း
ကိုယ်စားလှယ်တော်ကြီးမှ Research Center ကြီးတစ်ခု တည်ထောင်ရန် နေရာရှိ/မရှိကို မေးမြန်းခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံတော်တွင် ဌာနအလိုက်ကဏ္ဍများကို သုတေသနဌာနတွေကို တည်ထောင်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အချိန်တိုင်းတာမှုများအပေါ် မူတည်ပြီး အများပြည်သူ အသုံးပြုနိုင်သော အဆင့်၊ နည်းပညာပြန့်ပွားရေးကို ဆောင်ရွက်နိုင်သော အဆင့် ရောက်ရှိပါက ထုတ်ပြန်ခဲ့ပါကြောင်း၊ Central Center ကြီးတစ်ခုလုံးကို တည်ထောင်နိုင်မည်ဆိုပါက ကောင်းမွန်ပါကြောင်းနှင့် ယခုအချိန်တွင် ဝန်ကြီးဌာန အလိုက်၊ Sector အလိုက် ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
