OGP (Open Government Partnership)ဟုခေါ်သော ပွင့်လင်းမြင်သာသော အစိုးရနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ၂၀၁၁ ခုနှစ်ကစတင်ပြီး ဘရာဇီး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မက္ကဆီကို၊ နော်ဝေး၊ တောင် အဖရိက၊ အင်္ဂလန်နှင့်အမေရိကန် စုစုပေါင်း ၈ နိုင်ငံနှင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၆၃ နိုင်ငံ ဖွဲ့စည်းပြီး အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ OGP ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ အစိုးရနှင့် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ယနေ့ ဒီမိုကရေစီဖော်ဆောင်နေသော မိမိတို့နိုင်ငံအနေဖြင့် အစိုးရကိုအကူအညီပေးမည့် အသင်းအဖွဲ့များ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ ပေါ်လာရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အသင်းအဖွဲ့များအားကောင်းစေရန် ပြည်ထောင်စုလွှတ်တော်ကလည်း အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေကို တာဝန်ကျေစွာနှင့် ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ကလည်း ၎င်းကို ခေတ်မီပြောင်းလဲတိုးတက်နေသည့်အချိန်တွင် အသင်းအဖွဲ့များကို စည်းရုံးပြီး နိုင်ငံတော်တိုးတက်ရေးအတွက် ခေါ်သွားရမည်ဖြစ်ပါကြောင်း၊ အစိုးရဘက်က ပြောင်းလဲနေသကဲ့သို့ အသင်းအဖွဲ့များသည် အရည်အချင်းရှိသည့် အသင်းအဖွဲ့များ ဖြစ်လာရန် လိုပါကြောင်း၊ အသင်းအဖွဲ့များ အားကောင်းလာမည်ဆိုပါက မိမိတို့နိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးတွင် အစိုးရချည်းသက်သက်၊ လွှတ်တော် ချည်းသက်သက်၊ ပါတီများသက်သက်မဟုတ်ဘဲ နိုင်ငံအတွင်းရှိ အသင်းအဖွဲ့များက ဝိုင်းဝန်း ကူညီကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၆ တွင် OGP ဝင်မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် OGP သို့ ဝင်ရောက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သို့ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး မည်သည့်အချိန်တွင် ဝင်ရောက်ရန် ရည်ရွယ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာတီထွင်ကြံဆမှုတို့တွင် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဒီမိုကရေစီဖော်ဆောင်နေသော နိုင်ငံများက အစိုးရများ စုပေါင်းပြီး OGP ကို ၂၀၁၁ ခုနှစ်တွင် ဘရာဇီး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မက္ကဆီကို၊ နော်ဝေး၊ တောင်အာဖရိက၊ အင်္ဂလန်နှင့် အမေရိကန် စုစုပေါင်း ၈ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကာ အဖွဲ့ဝင်နိုင်ငံပေါင်း ၆၃ နိုင်ငံရှိပြီး အဖွဲ့ဝင်နိုင်ငံ တိုးပွားလာရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိပါကြောင်း မိမိတို့မြန်မာနိုင်ငံအနေဖြင့် Open Government Partnership (OGP)ကို ဝင်ရောက်ရန် အစီအစဉ်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် OGP အဖွဲ့ဝင်ဖြစ်ရန်အတွက် OGP နှင့် ပတ်သက်၍ လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ OGP အဖွဲ့ဝင်ဖြစ်စေရေးနှင့် စပ်လျဉ်းပြီး အတွေ့အကြုံများ ဖလှယ်နိုင်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၊ နေပြည် တော်၊ သင်္ဂဟဟော်တယ်တွင် ၃၀-၉-၂၀၁၃ ရက်နေ့က မြန်မာနိုင်ငံမှ အဖွဲ့အစည်း ၅ ခု နှင့် ပြည်ထောင်စုဝန်ကြီးဌာန ၁၉ ခုမှ ကိုယ်စားလှယ်များ၊ USAID, OECD, British Embassy တို့ ပူးပေါင်းပြီး Workshop on Openness for Sustainability and Progress ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းအလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသည် OGP အဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ရန် သတ်မှတ်ထားသည့် နယ်ပယ်(၄)ရပ်ဖြစ်သည့် ဘဏ္ဍာရေးတွင် ထင်သာမြင်သာရှိမှု၊ အစိုးရနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို ပြည်သူများ အလွယ်တကူရရှိနိုင်မှု၊ အရွေးချယ်ခံ ပြည်သူ့အရာရှိများ၏ ပိုင်ဆိုင်မှုအခြေအနေများကို ထုတ်ပြန်ကြေညာမှုနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်ခွင့်တို့တွင် စံနှုန်းများ ပြည့်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်တွင် OGP အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ လိုအပ်ချက်များ၊ အကျိုးရလဒ်များကို မိမိတို့ ဆွေးနွေး၍ အမြင်ချင်း ဖလှယ် ခဲ့ကြပါကြောင်း၊ OECD ၏ မူဝါဒဆိုင်ရာဆွေးနွေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Policy Dialogue and Capacity Development Workshop) ကိုလည်း Open Government from Recommendations to Implementation ခေါင်းစဉ်ဖြင့် ၂-၇-၂၀၁၄ ရက်နေ့က အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် OECD က မြန်မာနိုင်ငံ၏ ပွင့်လင်းသော အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အရပ်ဖက် ဆိုင်ရာ အဖွဲ့အစည်းနှင့် ပုဂ္ဂလိကကဏ္ဍများ၏ ပြုပြင်ပြောင်းလဲမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လေ့လာချက်များ၊ သုံးသပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံသည် OGP ကို ဝင်ရောက်ရန် လျာထားစီစဉ်လျက်ရှိပါကြောင်းနှင့် လိုအပ်သည်များကိုလည်း လေ့လာပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
