မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အစိုးရအဆက်ဆက်ကို လက်နက်ကိုင်တော်လှန် ပုန်ကန်မှုများ ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါကာလက စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူများသည် မြန်မာ့တပ်မတော်၏ စစ်ရေးအထောက်အကူပြုလုပ်ငန်းကို လူ၊ ငွေကြေး၊ နွားလှည်းယာဉ် စသည်တို့ဖြင့် ပါဝင်ကူညီထမ်းဆောင်ခဲ့ကြပါကြောင်း၊ ထိုသို့ ပါဝင်ကူညီထမ်းဆောင်ကြခြင်းဖြင့် လှည်းနွားယာဉ်များ ဆုံးရှုံးခြင်း၊ ခြေလက်အင်္ဂါများနှင့် အသက်ဆုံးရှုံးရခြင်းများကိုပါ ကြုံတွေ့ရပါကြောင်း၊ ယင်းသို့ ကြုံတွေ့ရခြင်းများကြောင့် ကျန်ရစ်သူမိသားစုများနှင့် ဒုက္ခိတဘဝဖြစ်ခဲ့ရသူများတွင် ဘဝကို ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများ ရှိပါကြောင်း။
အဆိုပါ ပြည်သူများသည် နိုင်ငံတော်အတွက် အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ စွန့်လှူသွားခဲ့ကြသော်လည်း မည်သည့် အသိအမှတ်ပြုလက်မှတ်၊ ဂုဏ်ထူးဆောင်စရိတ်မှ ရရှိခဲ့ခြင်းမရှိပါကြောင်း၊ ထိုသို့ အသက်စွန့် ကိုယ်ခန္ဓာစွန့်လှူသွားကြသူများနှင့် ၎င်းတို့၏ ကျန်ရစ်သူမိသားစုများကို နိုင်ငံတော်က အသိအမှတ်ပြုပြီး ပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးနိုင်မည်ဆိုပါက နိုင်ငံတော်၏ ကြီးမားသော ဆောင်ရွက်ချက် တစ်ရပ် ဖြစ်မည်ဟု ယုံကြည်ယူဆမိပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ရေးအထောက်အကူပြု ဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့်အတူ လိုက်ပါဆောင်ရွက်ရင်း အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခံခဲ့ကြရသော ပြည်သူများစာရင်း ဒေသမြို့နယ်အလိုက်ပြုစုခြင်းရှိပါသလား။ (၂) ထိုသူ များအား သက်ဆိုင်ရာမှ အသိအမှတ်ပြုမှုများ၊ ကူညီထောက်ပံ့မှုများ မည်သို့ဆောင် ရွက်ပေးခဲ့ပါ သနည်း။ (၃)ဆောင်ရွက်ပေးခဲ့ခြင်းမရှိပါလျှင် အသက်ရှင်ကျန်ရစ်ပြီး ဒုက္ခိတဘဝရောက် သူနေများ အားလည်းကောင်း၊ ကျန်ရစ်သူမိသားစုဝင်များအားလည်းကောင်း နိုင်ငံတော်မှ ပြန်လည်ကြည့်ရှု စောင့်ရှောက်ခြင်းအနေဖြင့် ကူညီထောက်ပံ့မှုများပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တပ်မတော် တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ၁၉၈၈-၈၉ ဘဏ္ဍာရေးနှစ်ကစတင်ကာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အထိသာ စစ်ဆင်ရေးလိုအပ်ချက်အရ အရပ်သား အလုပ်သမားများကို နေ့စားအလုပ် သမားများအဖြစ် အသုံးပြုခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကစတင်၍ ယနေ့အချိန်အထိ စစ်ဆင်ရေးအလုပ်သမားများအား ငှားရမ်းအသုံးပြုခြင်းမရှိပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ဖြစ်ပေါ်ခဲ့သော သေဆုံး၊ ဒဏ်ရာရ၊ စစ်ဆင်ရေးအလုပ်သမားများ စာရင်းကိုလည်း ဒေသနှင့် မြို့နယ်အလိုက် ပြုစုထားရှိပြီးဖြစ်ပါကြောင်း၊
စစ်ဆင်ရေးလိုအပ်ချက်အရ အသုံးပြုခဲ့သော အလုပ်သမားများသည် တာဝန်ဝတ္တရား ထမ်းဆောင်ခြင်း ကြောင့် ထိခိုက်ဒဏ်ရာရရှိသည်ဖြစ်စေ၊ လုပ်ငန်းတာဝန်နှင့် တိုက်ရိုက်ပတ်သက်သည့် ရောဂါကြောင့်ဖြစ်စေ၊ မသန်စွမ်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါက တည်ဆဲအလုပ်သမားလျော်ကြေး ဥပဒေ The Workmen's Compensation Act, 1923 အရ လျော်ကြေးငွေများ ရပိုင်ခွင့်ရှိပါကြောင်း၊ ၎င်းဥပဒေကို အခြေခံရေးဆွဲထုတ်ပြန်ထားသော ကာကွယ်ရေးဌာနကောင်စီ အမိန့်ညွန်ကြားချက်များအရ ပေးလျော်ရပြီး ဒဏ်ရာရာအလုပ်သမားများအတွက်လည်း တပ်မတော်ဆေးရုံများတွင် တက်ရောက်ဆေးကုသခံယူခွင့် ရရှိပါကြောင်း။ အလုပ်သမားလျော်ကြေး၏ အဓိကရည်ရွယ်ချက်မှာ အလုပ်ခွင်တွင် အလုပ်သမားတစ်ဦး မတော်တဆထိခိုက်ပြီး သေဆုံးသွားသည့်အခါတွင်လည်းကောင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံး သွားသည့်အခါတွင်လည်းကောင်း၊ သေဆုံးသောအလုပ်သမားများ၏ မှီခိုသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသည့် အလုပ်သမားများ၏ စားဝတ်နေရေး၊ သက်သာချောင်ချိစေရေးအတွက် ထောက်ပံ့ပေးခြင်းသာ ဖြစ်ပြီး အသက်၏တန်ဖိုး၊ ကိုယ်ခန္ဓာချို့ယွင်းမှု အတွက် ပေးရသည့်လျော်ကြေးငွေမဟုတ်ကြောင်းကို ဖော်ပြထား ရှိပါကြောင်း၊
ယခင်အသုံးပြုခဲ့သော စစ်ဆင်ရေးအလုပ်သမားများကို စစ်ဆင်ရေးတွင် သေဆုံးခဲ့လျှင် ၇၂၀၀ ကျပ်နှုန်း၊ ဒဏ်ရာရခဲ့လျှင် ဆေးရာခိုင်နှုန်း၏ ၁၀၀ ရာခိုင်နှုန်းရရှိပါက ၁၀၀၈၀ ကျပ်နှုန်းနှင့် ကူဖော် စရိတ်အဖြစ် ဆေးရာခိုင်နှုန်း ၁၀၀ ၏ ၂၅ ရာခိုင်နှုန်းအား အပိုဆောင်းထောက်ပံ့ပေးခဲ့ပုံများသာ ရှိပါကြောင်း၊ ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့်အမှတ်၊ ၂/အထူး/၂၀၁၂ ဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှစ၍ သေဆုံးခဲ့လျှင် လေးသိန်းခွဲကျပ်နှုန်း၊ ဒဏ်ရာရခဲ့လျှင် ဆေးရာခိုင်နှုန်း ၁၀၀ ရရှိပါက ကျပ် ခြောက်သိန်းနှုန်းဖြင့် ကူဖော်စရိတ်အဖြစ် ဆေးရာခိုင်နှုန်း၏ ၂၅ ရာခိုင်နှုန်းအား အပိုဆောင်း ထောက်ပံ့ရန် သတ်မှတ် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အသက်ရှင်ပြီး ဒုက္ခိတဘဝရောက်နေသူများအား နိုင်ငံတော်မှ ပြန်လည်ကြည့်ရှု စောင့်ရှောက်သောအားဖြင့် ၎င်းတို့၏ဆန္ဒအရ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင့်လျော်သောလုပ်ငန်း ပညာရပ်ဆိုင်ရာသင်တန်းကျောင်းများတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို အထူးကိစ္စတစ်ရပ် အနေဖြင့် သင်ကြားလေ့ကျင့်ပေးခြင်း၊ အလုပ်အကိုင်ဖန်တီးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိဂုံးချုပ်တင်ပြရမည်ဆိုပါက သက်သာချောင်ချိရေး အတွက် ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့်အမှတ်၊ ၂/အထူး/၂၀၁၂ အရ ကျပ် လေးသိန်းခွဲနှုန်းအား ထောက်ပံ့ကြေးအဖြစ် ပေးခြင်းမှအပ ကျန်အကူအညီ အထောက်အပံ့များ ပေးခြင်းမရှိပါကြောင်းပြန်လည်ဖြေကြားသွားပါသည်။
