ဒီမိုကရေစီဖော်ဆောင်သောနိုင်ငံတိုင်းသည် အစိုးရအားကောင်းစေရန်နှင့် ပြည်သူများပါဝင်သော အသင်းအဖွဲ့များ အားကောင်းစေရန် ပြုလုပ်ပြီး အစိုးရနှင့် အသင်းအဖွဲ့များပေါင်းကာ Open Government Partnership (OGP) အဖွဲ့ဝင်နိုင်ငံဖြစ်စေရန် ကြိုးစားကြရပါကြောင်း၊ ထို့နောက် Clean Government ဖြစ်စေရန်အတွက် နိုင်ငံအသီးသီးက Procurement Law ကို ရေးဆွဲဆောင်ရွက်ကြပါကြောင်း၊ Law ထုတ်ပြန်ခြင်းဖြင့် နှစ်စဉ် လွှတ်တော်များကျင်းပနေသည့် ဘတ်ဂျက်များ၊ အစိုးရအနေဖြင့် ဝန်ကြီးဌာနအသီးသီးက ဝယ်ယူ သုံးစွဲနေသော ပစ္စည်းများကို အခက်အခဲမရှိဘဲ ထင်သာမြင်သာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်ရှိ ဒီမိုကရေစီဖော်ဆောင်နေသည့်နိုင်ငံ ၈၀ ခန့်တွင် နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ဘတ်ဂျက်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လိုအပ်သောစက်ကိရိယာများ၊ ပစ္စည်းများကို အခြားနိုင်ငံမှ ဝယ်ယူသည့်အခါ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု၊ ယှဉ်ပြိုင်မှု၊ ဈေးနှုန်းမျှတမှု၊ ပစ္စည်းအရည်အသွေးကောင်းမွန်မှု၊ လာဘ်ပေးလာဘ်ယူမှု ပပျောက်စေလိုမှုတို့ကို ရည်ရွယ်ပြီး နိုင်ငံတကာအစိုးရကဏ္ဍများ၏ ပစ္စည်းဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပြဋ္ဌာန်းထားသည့်ဥပဒေများပါဝင်သော Procurement Law ကို ရေးဆွဲပြဋ္ဌာန်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖက်ဖက်မှ ပြောင်းလဲတိုးတက်လာချိန်တွင် သန့်ရှင်းသောအစိုးရ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေရန်အတွက် များစွာအထောက်အကူပြုနိုင်သော Procurement Law ကို ရေးဆွဲထုတ်ပြန်ရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ထုတ်ပြန်ရန် ဆောင်ရွက်နိုင်သော အခြေအနေရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
အစိုးရပစ္စည်းဝယ်ယူရေးဆိုသည်မှာ အစိုးရပစ္စည်းများဝယ်ယူရန်အတွက် ပြည်သူအတွင်း အစိုးရကိုယ်စား အခွင့်ရ အရာရှိက တင်ဒါခေါ်ယူ၍ ဝယ်ယူခြင်းဖြစ်ပါကြောင်း၊ Government Procurement ဆိုသည်မှာ နိုင်ငံတော်အစိုးရ၏အဖွဲ့အစည်းများက ကူးသန်းရောင်းဝယ်ရေးပြုလုပ်ရန် မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင် အသုံးပြုရန်အတွက် ဝယ်ယူသောပစ္စည်းနှင့် ဝန်ဆောင်မှုများဖြစ်ကြောင်း General Agreement on Tariffs Trade (GATT) 1947 တွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ အဆိုပါစာချုပ်အရ နိုင်ငံခြားသားနှင့် ပြည်တွင်း Supplier များအား အခွင့်အရေးတန်းတူပေးရန်နှင့် မြန်ဆန်သွက်လက်မှုရှိသော ဝယ်ယူမှုဖြစ်စေရန်အတွက် အစိုးရအေဂျင်စီများသည် ပွင့်လင်းမြင်သာမှုရှိစေရန် တင်ဒါခေါ်ယူရာတွင် (၁) စိတ်ဝင်စားသူ Supplier အားလုံးကို တင်ဒါခေါ်ယူခြင်း၊ (၂) အရည်အချင်းပြည့်မီသူကိုသာ ရွေးချယ်ခေါ်ယူခြင်းနှင့် (၃) အထူးကိစ္စရပ် အနေဖြင့် သတ်မှတ်ထားသော Supplier နှင့် တိုက်ရိုက်ညှိနှိုင်းဝယ်ယူခြင်း ဟူ၍ နည်းလမ်း (၃) ခုရှိသည့် အနက် တစ်ခုခုကို ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့် ၅-၄-၂၀၁၃ ရက်စွဲပါ တင်ဒါစည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ သတင်းစာတွင် ထည့်သွင်း၍ အိတ်ဖွင့်တင်ဒါခေါ်ယူပြီး ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရက ပစ္စည်းဝယ်ယူခြင်းသည် စီးပွားရေးနယ်ပယ်တစ်ခုလုံးအပေါ်တွင် လည်းကောင်း၊ စီးပွားရေးအကျိုးဖြစ်ထွန်းမှုအပေါ်တွင်လည်းကောင်း၊ အခွန်အကောက်ဆိုင်ရာ အဆင့်အတန်းကိုလည်းကောင်း၊ နိုင်ငံတော်၏ ရေရှည်အကျိုးဖြစ်ထွန်းမှုအပေါ်တွင်လည်းကောင်း အကျိုးသက်ရောက်မှုရှိသကဲ့သို့ ဈေးကွက်စီးပွားရေးယှဉ်ပြိုင်မှုကိုလည်း ဖြစ်ထွန်းပေါ်ပေါက်စေပါကြောင်း၊ ယှဉ်ပြိုင်မှုသည် အကောင်းဆုံးပစ္စည်းကို ရရှိစေသကဲ့သို့ ဝယ်ယူပြီးမှရရှိသော ဝန်ဆောင်မှု လုပ်ငန်းကောင်းများကိုလည်း ရရှိစေသည့်အပြင် ငွေကြေးဖောင်းပွမှု၊ အဂတိလိုက်စားမှုတို့ကိုလည်း တိုက်ဖျက်ရာ ရောက်ပါကြောင်း၊ ယှဉ်ပြိုင်မှု၊ ပွင့်လင်းမြင်သာမှုတို့သည် ဈေးကွက်စီးပွားရေးစနစ်တွင် အဓိကကျသည့် သော့ချက်များဖြစ်သကဲ့သို့ အခြေခံအုတ်မြစ်လည်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅ အရ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသောနိုင်ငံဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု တတိယအဆင့်၌ ရောက်ရှိနေပြီး စီးပွားရေးအရှိန်မြှင့်တင် ဆောင်ရွက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်စက်ကိရိယာများ၊ ပစ္စည်းများကို အခြားနိုင်ငံများမှဝယ်ယူရာတွင် ပွင့်လင်းမြင်သာမှု၊ ယှဉ်ပြိုင်မှု၊ ပစ္စည်းအရည်အသွေး ကောင်းမွန်မှု၊ အဂတိလိုက်စားမှုများကို ပပျောက်စေလိုမှုတို့ကို ရည်ရွယ်သော အစိုးရကဏ္ဍများ၏ ပစ္စည်းဝယ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် Government Procurement Law တစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယခင်က အဆိုပါ ဥပဒေမျိုးပြဋ္ဌာန်းခဲ့ခြင်း မရှိသေးသဖြင့် ယင်းဘာသာရပ်သည် မိမိတို့နိုင်ငံအတွက် အကြောင်းအရာသစ်တစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကောင်းမွန်သော အစိုးရပစ္စည်းဝယ်ယူရေးဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကူးသန်းရောင်းဝယ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာဥပဒေအမြင်များကိုလည်း ကြည့်ရှုရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ၁၉၉၅ ခုနှစ်မှ စတင်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှ ကုန်စည်ဝယ်ယူရေးနှင့်ပတ်သက်သော အစီအစဉ် ၁၃၈ အရ ကုလသမဂ္ဂ၏ (၆) ကြိမ်မြောက်စာတမ်းဖြစ်သော A/49/739၊ အစိုးရအဖွဲ့များ၏ ပစ္စည်းဝယ်ယူရေးနှင့်စပ်လျဉ်းသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူညီချက်အပြီး ပြည်သူ့ပစ္စည်းဝယ်ယူမှု နမူနာပုံစံ UNCITRAL Model Law on Public Procurement နှင့် ၎င်းဥပဒေ နမူနာပုံစံနှင့်စပ်လျဉ်းသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ၂၂၀၅ တို့ကိုလည်း လေ့လာရန် လိုအပ်ပါကြောင်း၊ အစိုးရပစ္စည်းဝယ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လေ့လာသိရှိနိုင်ရန် ဆွေးနွေးပွဲများကို ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၂၈၊ ၂၉ ရက်နေ့များတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် USH အဖွဲ့တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ကိစ္စမျိုးတွင် အပြည်ပြည်ဆိုင်ရာဥပဒေများကို စံထား၍ ပြည်တွင်းဥပဒေများကို ပြဋ္ဌာန်းလေ့ရှိကြသည့်အတွက် ယင်းဥပဒေများကိုလည်း လေ့လာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ Government Procurement နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို လေ့လာပြီး မူဝါဒများချမှတ်ပြီးမှသာ ဥပဒေ၊ နည်းဥပဒေများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ရေးဆွဲပြဋ္ဌာန်းရန်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
