(စ)-တမူးမြို့မှ တစ်ဖက်နိုင်ငံနယ်စပ်မြို့သို့ ခုနှစ်ရက်ပတ်စပို့ သို့မဟုတ် နေ့ချင်းပြန် ပတ်စပို့ဖြင့် တရားဝင် ကူးသန်းသွားလာခွင့်ရရှိရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၅.၂.၂၀၁၈)

တမူးမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ စီးပွားရေးတံခါးပေါက်မြို့တစ်မြို့ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့စားသုံးသူ အကြီးမားဆုံး ဈေးကွက်တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် အများဆုံး ကုန်သွယ်မှုပြုနေသော နယ်စပ်မြို့လည်း ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့လည်းဖြစ်ပါကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နယ်နိမိတ် မျဉ်းပေါ်တွင် တည်ရှိသော တံတားကို တစ်ဝက်စီ ပိုင်ဆိုင်ပါကြောင်း၊ တစ်ဖက်နိုင်ငံက အိန္ဒိယ နိုင်ငံသားများသည် မြန်မာနိုင်ငံကို လာရောက်မည်ဆိုပါက  ဂိတ် Pass အနေဖြင့် အိန္ဒိယငွေ ၁၀ ရူပီ ကောက်ခံပါကြောင်း၊ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ခွင့်ပြုထားပါကြောင်း၊ အိန္ဒိယနိုင်ငံသား များထံမှ Identity Card သို့မဟုတ် မဲပေးကဒ်တစ်ခုခု လက်ခံရယူထားပါကြောင်း၊ ဖြတ်ပိုင်းကို မိမိတို့ပြန်ပေးပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံသားများ တစ်ဖက်အိန္ဒိယနိုင်ငံကိုသွားရောက်ပါက အဆိုပါ ဂိတ်တွင် မိမိတို့က မှတ်ပုံတင်ကဒ်များထားခဲ့ပြီး အမည်စာရင်းပေးရပါကြောင်း၊ ၎င်းတို့ လက်ခံ ရေးထားသော်လည်း မိမိတို့ကို တရားဝင်အထောက်အထား မည်သည်ကိုမျှ  ပေးအပ်ခြင်းမရှိပါ ကြောင်း၊ မိမိတို့ ယခုကဲ့သို့ တရားမဝင်သွားရောက်နေသည့်အတွက် တစ်ဖက်နိုင်ငံတွင် နယ်မြေ မအေးချမ်းမှုဖြစ်ပါက မိမိတို့နိုင်ငံမှ တရားမဝင်ဖြတ်သန်းသွားလာသူများအတွက် အာမခံချက်နှင့် လုံခြုံမှုမှာ ထိခိုက်မှုများ၊ အားနည်းမှုများနှင့် ပြဿနာမျိုးစုံဖြစ်စေပါကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်များ ကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသားများသည် လူတစ်ဦးချင်းလွတ်လပ်မှု၊ လုံခြုံမှုကိုပေးသည့် တရားဝင်ကူးသန်းသွားလာခွင့်ကိုသာ ရရှိလိုပါကြောင်း၊ သို့သော် ယခုအချိန်တွင် စီးပွားရေးအရ ကူးလူးဆက်ဆံနေရသဖြင့် မသွားဘဲ မနေနိုင်ကြပါကြောင်း၊

Main Arterial Road 22 High Way လမ်းကြီး၊ တမူး-စစ်တောင်း-ပင်လယ်ဘူး-ထီးချိုင့်-မန်ဝင်းလေး-စက်ဝန်း-ခတောင်း-မံစီ-နမ့်ခမ်း-မူဆယ်လမ်းကြီးသည် ၃၄၈.၇၅ မိုင်သာ ရှည်လျားပါကြောင်း၊ လူဦးရေ ၁၃၄၇ သန်းကျော်ရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေ ၁၄၁၂ သန်းကျော်ရှိသည့် တရုတ်နိုင်ငံကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး တည်ဆောက်ပြီးစီးမည်ဆိုပါက ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကို အနီးဆုံးဆက်သွယ်ပေးမည့် လမ်းတစ်လမ်းဖြစ်မည်ဖြစ်ပါကြောင်း၊ ထိုလမ်း၏ အဝင်/အထွက်ပေါက်မှာ တမူးမြို့ဖြစ်နေသဖြင့် မကြာခင် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရေးအပါဆုံးဖြစ်လာမည့် တမူးမြို့နယ်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တရားဝင်ကူးသန်း သွားလာ ခွင့်ရရှိရေး ကြိုတင်လုပ်ဆောင်ရန် လိုနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံတမူးမြို့နယ်မှ တစ်ဖက် နိုင်ငံနယ်စပ်မြို့သို့ ခုနစ်ရက် သို့မဟုတ် နေ့ချင်းပြန် ပတ်စပို့ဖြင့် တရားဝင်ကူးသန်းသွားလာခွင့် ရရှိစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အိန္ဒိယ- မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းထားဆဲ အနေအထားဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အကြား တရားဝင်နယ်စပ်ဖြတ်သန်းခွင့် စာချုပ်ချုပ်ဆိုခြင်းမပြုနိုင်သည့်ကာလအတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသတွင် နေထိုင်သူများ ဝင်ထွက်မှုလွယ်ကူနိုင်စေရန် တမူး-မိုးရေးဝင်ထွက်ပေါက်နှင့် ရိဒ် (ခေါ်) ဇို(ခေါ်) မီဇိုရမ် ဝင်/ထွက်ပေါက်များမှ ဒေသအာဏာပိုင်များနှင့်ညှိနှိုင်းပြီး ဖွင့်လှစ်ထားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားများ နေ့ချင်းပြန် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်များဖြင့် ယာယီဝင်/ထွက် သွားလာခွင့်‌ပြုလျက်ရှိပါကြောင်း၊ မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုးရေးဝင်ထွက်ပေါက်မှ နိုင်ငံကူး လက်မှတ်၊ပြည်ဝင်ဗီဇာနှင့် ဝင်ရောက်လိုသူများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ရရှိပါက မိမိတို့ ဝန်ကြီးဌာနမှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ညှိနှိုင်းဆဲဖြစ်သည့် မြန်မာ-အိန္ဒိယ သဘောတူစာချုပ်ကို ချုပ်ဆိုပြီးမည်ဆိုပါက စာချုပ်ပါအတိုင်း နယ်စပ်ဝင်ထွက်ပေါက် များမှ သတ်မှတ်ပြီးမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် အသုံးပြုမှုစနစ်နှင့် လွှတ်တော်ကိုယ်စားလှယ် တောင်းဆိုသည့် ခွင့်ပြုချက်များကို ခွင့်ပြုပေးနိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် နယ်စပ်ဒေသများတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ပြီး ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်း၊ တင်သွင်းခြင်းများကိုလည်း ပို့ကုန်/သွင်းကုန်လိုင်စင်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကိုလည်း One Stop Service အဖွဲ့ ခြောက်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

လူဝင်မှုကြီးကြပ်ရေးဌာနစု တမူးရှိ နယ်စပ်ကင်းစခန်းသုံးခုမှ ဝင်/ထွက်သွားလာမှုများကို စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ သွားရောက်သူများသည် သက်ဆိုင်ရာအထောက်အထား လက်မှတ်များနှင့် အိန္ဒိယနိုင်ငံ မိုးရေးသို့ နေ့ချင်းပြန်သွားရောက်ခွင့်ရှိပြီး အိန္ဒိယဘက်မှ လာရောက်သူများကိုလည်း အထောက်အထားလက်မှတ်များဖြင့် မြန်မာနိုင်ငံ၊ တမူးမြို့အတွင်းသို့ လူများ၊ ကားများကို နေ့ချင်းပြန် ဝင်ထွက်ခွင့်ပြုလျက်ရှိပါကြောင်း၊ သက်တမ်းရှိသည့် နိုင်ငံကူး လက်မှတ်နှင့် ပြည်ဝင်ဗီဇာရှိသူများကိုလည်း နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်နှင့် ဝင်ထွက်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထက်တွင်တင်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ် သွားလာရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် နိုင်ငံတော်အဆင့် လက်မှတ်ရေးထိုးပြီးမည်ဆိုပါက ကူးသန်းသွားလာလိုသည့်ပုဂ္ဂိုလ်များကို ၁၃ ညအိပ် ၁၄ ရက် (သို့) ၆ ညအိပ် ၇ ရက် ခွင့်ပြုပေးနိုင် မည်ဖြစ်ပါကြောင်း၊ MOU ရေးထိုးနိုင်ရေးအတွက်လည်း နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တမူးမြို့နယ်ရှိ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သည့် တမူး မြို့နယ်မှ တစ်ဖက်နိုင်ငံနယ်စပ်မြို့သို့ ခုနစ်ရက်ပတ်စပို့ (သို့) နေ့ချင်းပြန်ပတ်စပို့ဖြင့် တရားဝင် ကူးသန်းသွားလာ‌ခွင့်ပြုနိုင်ရေး မြန်မာနှင့်အိန္ဒိယနိုင်ငံကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စာချုပ်ချုပ်ဆို ပြီးပါက နယ်စပ်ဝင်ထွက်ပေါက်များမှတစ်ဆင့် တရားဝင်သတ်မှတ်ပြီး နှစ်နိုင်ငံနိုင်ငံသားများအား နယ်စပ်ဖြတ်သန်းသွားလာခွင်‌့လက်မှတ်များဖြင့် တရားဝင်ကူးသန်းသွားလာခွင့်ရှိပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။