မိမိတို့နိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စု ၁၀၀ ကျော်ရှိပြီး မူလတိုင်းရင်းသားမျိုးနွယ်စုတွင် ရိုဟင်ဂျာ မပါ သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ရိုဟင်ဂျာ အမည်သည် ဗြိတိသျှကိုလိုနီကာလ တစ်လျှောက်လုံး တွင် တရားဝင်စာရွက် စာတမ်းများမရှိသည့် အမည်ဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအရ လူမျိုးသစ် တစ်ခုအဖြစ် ဖန်တီးလာခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးမှတ်တမ်းတွေ ထိန်းသိမ်းထားသည့် လန်ဒန်ရှိ India Office Record (မှတ်တမ်း)တွင် ရိုဟင်ဂျာဆိုသည့် ဝေါဟာရ ဖော်ပြထားခြင်းမရှိသည်ကို လေ့လာသိရှိခဲ့ပါကြောင်း၊ ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ UNHCR အကြီးအကဲ Antonia Guterres နှင့် တွေ့အချိန် တွင် လည်းကောင်း၊ နယ်သာလန်ခရီးစဉ်တွင်လည်းကောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ယခင်အစိုးရနှင့် ယခုအစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇူလိုင်လ BBC ရုပ်သံဌာနနှင့် တွေ့ဆုံ မေးမြန်းစဉ်တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် တွေ့ဆုံချိန်တွင်တစ်ကြိမ်၊ ၂၇-၃-၂၀၁၇ ရက်နေ့ (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်တစ်ကြိမ်၊ အောက်တိုဘာလ ၁၆ ရက် ကုလသမဂ္ဂနိုင်ငံရေးဌာနအကြီးအကဲဖြစ်သည့် Mr. Jeffrey Feltmanနှင့် တွေ့ဆုံချိန်တွင် တစ်ကြိမ် ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေးအကြောင်းပြပြီး ပဋိပက္ခဖြစ်စဉ် ရှုပ်ထွေးမှုများ ဖြစ်နေခြင်းသည် ရှေးယခင်ကတည်းကဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများ ကို စနစ်တကျ ရှင်းလင်းနိုင်ခြင်းမရှိပါက ရခိုင်ပြည်နယ်သည် Disintegration ဖြစ်သွားနိုင်ပါကြောင်း၊ ရိုဟင်ဂျာမရှိကြောင်း၊ ပြတ်ပြတ်သားသားတုံ့ပြန်မှုမရှိဘဲ မြွေမသေ၊ တုတ်မကျိုးပုံစံမျိုးဆိုပါက ဆိတ်ဆိတ်နေ ခြင်းသည် ဝန်ခံခြင်းသဘောကို သက်ရောက်သွားသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် UN အပါအဝင် OIC လို အဖွဲ့ကြီးများ၏ ဖိအားများအောက်တွင်ရုန်းထွက်ရန် ခက်ခဲသွားမည်ဖြစ်ပါကြောင်း၊ UN ၏ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ၁၆-၉-၂၀၁၆ ရက်နေ့ တွင် ရိုဟင်ဂျာများ Self Identification လို့ခေါ်သည့် မိမိကိုယ်ကို မိမိအတည်ပြုဖော်ပြခွင့်ကို UN ၏ နိုင်ငံတကာ အတည်ပြုထား သည့် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးဥပဒေအရ ဖော်ပြခွင့်ရှိရမည်ဟု R to P အဖွဲ့၏ ကြေညာစာတမ်းတွင် မှတ်ချက်ပြုခဲ့ပါကြောင်း၊ ၎င်းထက်ဆိုးသည်မှ ရိုဟင်ဂျာများကို တိုင်းရင်းသားလူမျိုးစုအဖြစ် ပေးရန်ဖော်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ရိုဟင်ဂျာ၊ ဘင်္ဂါလီအရေး သည် ရှုပ်ထွေးပြီး နူးညံ့သိမ်မွေ့စွာ ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ အချိန်ကြာလာမည်ဆိုပါက အသိုင်းအဝိုင်း နှစ်ခုကြားတွင် ပဋိပက္ခများ ပိုမိုဆိုးရွားစွာ ဖြစ်လာနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါ ကြောင်း၊ ရခိုင် ပြည်နယ်အရေးတွင် နိုင်ငံတကာဖိအားကို ဂရုမစိုက်၍မရဘူးဆိုသည်မှ မှန်သော်လည်း ဂရုစိုက်လွန်းအားကြီးပါက အမှားမှားအယွင်းယွင်း မလုပ်မိရန် သတိပြုရမည်ဖြစ်သလို ထိလွယ်ရှလွယ် အနေ အထားဖြစ်သည့်အတွက် ထိမှာရှမှာကြောက်၍ မကိုင်တွယ်ဘူးဆိုပါက ပိုမိုဆိုးရွားသွားနိုင်သည်ကို သတိ ထားရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးတွင် အတိတ်ကဖြစ်ခဲ့သည်ကို ပြန်ပြင်၍ မရသော် လည်း သင်ခန်းစာယူပြီး အနာဂတ်အတွက် ပိုမိုကောင်းမွန်အောင် အချင်းမပွား၊ အငြင်းမပွား၊ ဖြစ်စဉ်အမှန် များကို နိုင်ငံတကာအစိုးရအဖွဲ့အစည်း၏ မီဒီယာများသိရှိအောင် မည်ကဲ့သို့ဆောင်ရွက်မည်ကို အစိုးရ၊ လွှတ်တော်၊ သမိုင်းပညာရှင်များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်စိတ်တစ်ဝမ်းတည်းပူး ပေါင်းဆောင်ရွက်ကြရန်နှင့် Printed Medial Social Media များမှလည်း ဝိုင်းဝန်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားမျိုးနွယ်စုများ တွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းအား မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံ အသီးသီးအား သိရှိစေရန် မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကို သိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် လူမျိုးစာရင်းကောက်ယူခြင်းကို လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရ လက်ထက် ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းများမှာ ကောက်ယူခဲ့ပါကြောင်း၊ လွတ်လပ် ရေးရပြီးသည့် အချိန် ၁၉၅၃-၅၄ ခုနှစ် သန်းခေါင်စာရင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကို ကောက်ယူခဲ့သည်ဟု မှတ်တမ်းများ အရ သိရပါကြောင်း၊ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာ၏ Part-1 Provincial Total Race and Relation မှတ်တမ်းများအရ ရိုဟင်ဂျာလူမျိုး အမည်ကို မည်သည့်သန်းခေါင်စာရင်းတွင်မှ မတွေ့ရ သည်ကို မှတ်တမ်းများအရ သိရပါ ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်းကောက်ယူရန်အတွက် မြန်မာနိုင်ငံမှာနေထိုင်သည့် တိုင်းရင်းသားလူမျိုးနွယ်စု အမည်စာရင်းများ သတ်မှတ်ပြုစုရာတွင် ၁၉၉၃ ခုနှစ် ပြုစုသောသန်းခေါင် စာရင်းအရ လူမျိုးစုစာရင်းအပေါ်အခြေခံပြီးလည်းကောင်း၊ ၁၉၅၃-၅၄ ခုနှစ် စာရင်း အရလည်းကောင်း၊ ၁၉၆၁ ခုနှစ် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်တွင်ရှိသည့် ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံပြုချက် နှင့် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာ ညှိနှိုင်းပေးချက်အရ လည်းကောင်း၊ လူမျိုးစာရင်းကိုပြုစုပြီး ၁၉၇၃ ခုနှစ်၊ လူဦးရေသန်းခေါင် စာရင်းတွင် အသုံးပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါသန်းခေါင်စာရင်းများတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ရိုဟင်ဂျာလူမျိုး မပါရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင်လည်း အဆိုပါလူမျိုးစာရင်းကို အခြေခံပြီးမှ ကောက်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊၂၆-၉- ၁၉၉၀ ရက်နေ့ထုတ် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာတွင် မြန်မာပြည်သားရေးသားထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး နေထိုင်ရာ တို့ပြည်ထောင်စုသမ္မတနိုင်ငံ ဆောင်းပါးတွင်လည်းကောင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအမည်စာရင်းကို လုပ်သားပြည်သူများသိအောင် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိမှထုတ်ဝေ သည့် မီဒီယာများမှာလည်း ရိုဟင်ဂျာဆိုသည့် လူမျိုးအမည်ကို ထည့်သွင်းအသုံးမပြုဘဲနှင့် ရိုဟင်ဂျာ လူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး စာရင်းတွင် မပါဝင်ကြောင်း ကြိမ်ဖန်များစွာ မိမိတို့ ဖော်ပြပြီး ဖော်ပြဆဲလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ၊ သဝဏ်လွှာ များတွင် လည်း ရိုဟင်ဂျာ ဆိုသည့်အသုံးအနှုန်းကို ထည့်သွင်းသုံးနှုန်းဖော်ပြခြင်းမပြုသည်ကို အားလုံးအသိ ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိ မြန်မာသံရုံးဝန်ထမ်းများ၊ သံအမတ်ကြီးများ၊ UN အဖွဲ့အစည်းများတွင် ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ကြီးများကလည်း ၎င်းအသုံး အနှုန်း ကို အသိအမှတ် မပြုဘဲ ထိုသို့သုံးစွဲလာသည့် အခြားသောကိုယ်စားလှယ်များကို အစည်းအဝေးများတွင် တရားဝင်သုံးစွဲ ခေါ်ဆိုလာပါက တရားဝင်ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ထောက်ပြခြင်းများ ကိုလည်းစဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါကြောင်း၊ အာဆီယံအစည်းအဝေးများ၊ ကမ္ဘာ့နိုင်ငံများနှင့် UN အဖွဲ့အစည်း INGO များမှ ပြုလုပ်သည့် နိုင်ငံတကာအစည်းအဝေးများကို သွားရောက်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို တက်ရောက်သည့် မိမိတို့ ဝန်ကြီးဌာနအသီးသီးမှ အဆင့်ဆင့်သောဝန်ထမ်းများမှလည်း ၎င်းကိစ္စနှင့် ပတ်သက်၍ အလားတူ စဉ်ဆက်မပြတ် တုံ့ပြန်ပြောကြားလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ချက်များ သည် မြန်မာတိုင်းရင်းသား လူမျိုးများအနွယ်စုများမှာ ရိုဟင်ဂျာမျိုးရိုး မပါရှိကြောင်းကို ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းအသီးသီးများမှသိရှိအောင် လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားအကျိုးစီးပွား၊ တိုင်းရင်းသားလူမျိုးများ အားလုံး၏ ရေရှည် အကျိုးစီးပွားကို ရှေးရှုဆောင်ရွက် လျက် ရှိပါကြောင်း၊ ရေရှည်အတွက်စဉ်းစားပြီး ကျယ်ပြန့်သော အမြင်များ၊ မှန်ကန်သော လုပ်ဆောင်ချက် များနှင့် မိမိတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့်နေရာတွင် ခံစားချက်(Emotion)၊ စကားလုံးတစ်လုံးတစ်လုံးဖြင့် တုံ့ပြန်ခြင်းထက် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ တည်တည် ငြိမ်ငြိမ်၊ ဂုဏ်သိက္ခာရှိရှိ၊ ဉာဏ်အမြော်အမြင် (Wisdom)နှင့် ဆင်ခြင်တုံတရားကို အလေးအနက်ထားပြီး ထိရောက်သည့်တုံ့ပြန်မှုများနှင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနဖြင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရရှိသည့် လူမျိုးစုစာရင်းများတွင် တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုငယ်များပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ အမည်နာမအသစ် တိုင်းရင်းသားဖြစ်ခြင်း / မဖြစ်ခြင်း စသည့် ကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာရှိနေပါသဖြင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ပြီးမှ ထုတ်ပြန် သွားရန် လျာထားပါကြောင်း၊ ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်ရာတွင် ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ချက် နှင့် တိုင်းရင်းသားရေးရာကော်မတီဝင် များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ် များ၊ သမိုင်းပညာရှင်များနှင့် လူဦးရေပညာရှင်၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ညှိနှိုင်းသဘောတူညီချက် ရရှိချိန်တွင် တိုင်းရင်းသားလူမျိုးများစာရင်းကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
