ရွှေကူမြို့နယ်၊ စီသာတိုက်နယ်သည် ရွှေကူမြို့၊ မြို့မရဲစခန်းနှင့် ၁၀ မိုင်ကျော်ဝေးပြီး ကျေးရွာအုပ်စု (၈)အုပ်စုရှိ၍ ကျေးရွာပေါင်း ၂၀ ကျော်ရှိပါသည်။ အချို့ရွာများသည် ၁၅ မိုင်ကျော်ခန့်ဝေးကွာပြီး ကျယ်ပြန့်သောဒေသ ဖြစ်သဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လက်လှမ်းမမီဖြစ်လျက်ရှိပါကြောင်း၊ ယခင်အစိုးရ များလက်ထက်၌ စီသာတွင် ရဲကင်းထားရှိခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး အကြောင်းအမျိုးမျိုးကြောင့် စီသာရဲကင်းအား ယနေ့အထိ ရုပ်သိမ်းထားခဲ့ပါကြောင်း၊ ယခုအခါတွင် ဒေသအခြေအနေအရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မရှိမဖြစ် လိုအပ်လာပါကြောင်း၊
မြို့ကုန်းတိုက်နယ်သည် ရွှေကူမြို့နှင့် ၁၅ မိုင်မှ ၁၈ မိုင်အထိ ဝေးကွာပြီး မြို့လှမြို့နယ်ခွဲနှင့် အလှမ်း ဝေးခြင်း၊ ကျောက်ကြီးရဲစခန်းနှင့်လည်း အလှမ်းကွာဝေးသောဒေသဖြစ်ပါသည်။ ယခုအခါ ကသာ-ဗန်းမော်ကားလမ်းနှင့် ကသာ-ဗန်းမော်ရထားလမ်းပေါ်တွင်ရှိ ရထားဘူတာများ၊ ကားဂိတ်များရှိလာခြင်းကြောင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ရဲစခန်းတစ်ခုထားရှိရန် လိုအပ်လာပါကြောင်း၊
သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာတိုက်နယ်တွင် ရဲကင်း သို့မဟုတ် ရဲစခန်း ပြန်လည်ထားရှိရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နည်း။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ထားရှိပေးမည်နည်း။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းတိုက်နယ် တွင်လုံခြုံရေးအတွက် ရဲစခန်းတစ်ခုဖွင့်လှစ်ထားရှိရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့်နည်း၊ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ထားရှိပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်တွင်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် လူဦးရေသိပ်သည်းမှု၊ မှုခင်းဖြစ်ပွားမှု၊ တရားဥပဒေစိုးမိုးရေးလွှမ်းခြုံနိုင်မှု အခြေအနေများပေါ်မူတည်ပြီး မြို့မရဲစခန်း၊ နယ်မြေရဲစခန်းနှင့် ရဲကင်းရဲစခန်းများကို တိုးချဲ့ဖွင့်လှစ်နိုင်ရန် ဦးစားပေးအစီအစဉ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ရွှေကူမြို့မရဲစခန်း၊ မြို့လှနယ်မြေရဲစခန်း၊ ဘိုကုန်းရဲကင်းစခန်းနှင့် ကျောက်ကြီးရဲကင်းစခန်းတို့ ဖွင့်လှစ်ထားရှိပါကြောင်း၊ စီသာ(ခ) စီသောင်ရဲကင်း စခန်းကို ၁၉၇၀ ခုနှစ်က တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ဖွင့်လှစ်ခဲ့ရာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်အတွက် ရဲကင်းစခန်းအဆောက်အဦကို စနစ်တကျဆောက်လုပ်နိုင်ခြင်းမရှိသည့် အတွက်ကြောင့် နယ်မြေလုံခြုံရေးအခြေအနေအရ ၁၉၈၈ ခုနှစ်တွင် ရဲကင်းစခန်းကို ပြန်လည် ရုပ်သိမ်းခဲ့ပါကြောင်း၊
စီသာ(ခေါ်) စီသောင်ရဲကင်းစခန်းနယ်မြေတွင် ကျေးရွာအုပ်စု (၈)အုပ်စု၊ ကျေးရွာပေါင်း ၂၅ ရွာ၊ အိမ်ခြေပေါင်း ၁၈၄၇ အိမ်၊ လူဦးရေပေါင်း ၁၃၄၄၀ ဦးနေထိုင်လျက်ရှိပြီး စီသာ(ခ)စီသောင်ကျေးရွာ ၂၅ ရွာသို့ အချိန်တိုအတွင်း သွားလာနိုင်သည့်အပြင် ရွှေကူမြို့တွင် ကျောက်ချောလမ်းရှိပြီး (၉)မိုင်ခန့်ကွာဝေးပါကြောင်း၊ ရဲစခန်း၏လက်ရှိအခြေအနေတွင် ရဲကင်းစခန်းပြန်လည်ဖွင့်လှစ်ရန် မြေနေရာရှိသော်လည်း အဆောက်အဦ မရှိသည့်အတွက် ဖွင့်လှစ်ရန် ကျန်ရှိနေပါကြောင်း၊ မြို့ကုန်းရွာသည် ရွှေကူမြို့၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး ရွှေကူမြို့နှင့် ၁၅ မိုင်ခန့်ကွာဝေး၍ မြေသားလမ်းနှင့် ဆက်သွယ်ထားပါကြောင်း၊ စင်းခန်းတံတားမှ တစ်ဆင့်သွားမည်ဆိုပါက မိုင် ၃၀ ခန့်ကွာဝေးပါကြောင်း၊ မြို့ကုန်းကျေးရွာအုပ်စုတွင် ကျေးရွာ (၇)ရွာ၊ အိမ်ခြေ ၅၉၄ အိမ်၊ လူဦးရေ ၄၆၉၂ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် မှုခင်းဖြစ်ပွားခြင်းမရှိဘဲ ၂၀၁၄ ခုနှစ် အခြားအမှု (၃)မှုဖြစ်ပွားခဲ့ပါကြောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရ ရဲစခန်းဖွင့်လှစ်ရန် မသင့်သေးပါကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ကရင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ စီသာ (ခေါ်) စီသောင်ရဲခင်းစခန်းနှင့် မြို့ကုန်းကျေးရွာအုပ်စုတွင် ရဲစခန်းဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
