(င)-မြေပုံမြို့နယ်အား လူမှုရေးခက်ခဲသော မြို့နယ် အဖြစ်သတ်မှတ်ပြီးဝန်ထမ်းများအားလစာနှင့်ညီ မျှသော ငွေကို ဒေသစရိတ်အဖြစ် ခံစားခွင့်ပြုရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂.၁၀.၂၀၁၄)

ဦးဖေသန်း (မြေပုံ)ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုနောက်ကျဆုံး ပြည်နယ်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းရှိသော မြေပုံမြို့နယ်သည် ရခိုင်ပြည်နယ်တွင်  လူမှုရေးခက်ခဲဆုံးသော မြို့နယ်ဖြစ်ပါကြောင်း၊ မြေပုံမြို့နယ်ကို ကျွန်းစဉ်၊ ကျွန်းလမ်းပေါင်း ၁၄၀ဖြင့် ဖွဲ့စည်းထားပြီး ကားလမ်းလုံးဝမရှိသည့်အတွက် ရေလမ်းကိုသာ အားကိုးအားထားပြုရပါကြောင်၊  ထိုသို့ ရေလမ်းဖြင့် သွားလာရာတွင် မိုးတွင်း၊ မိုးဦးနှင့် မိုးနှောင်းကာလများ၌ သွားလာရေးအလွန်ခက်ခဲပြီး အန္တရာယ်ရှိပါကြောင်း၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်  အကြောင်းအမျိုးမျိုးကြောင့် မြို့သို့လာရောက်ရသည့်အချိန်တွင် အချိန်ကြန့်ကြာခြင်း၊ ခရီးစရိတ်ကုန်ကျများခြင်း၊ သဘာဝဘေးအန္တရာယ် စသည်တို့ကြောင့် အလွန်ခက်ခဲကြုံတွေ့နေရပါကြောင်း၊ အခြားဒေသမှလာရောက်သော ဝန်ထမ်းများအနေဖြင့် လာရောက်တာဝန်ထမ်းဆောင်လိုစိတ်မရှိကြဘဲ ပြန်လည်ပြောင်း ရွေ့သွားတက်ကြပါကြောင်း၊  အခြားမြို့နယ်များနှင့်လည်း ကားလမ်းအဆက်အသွယ် မရှိဘဲ သင်္ဘောများသည် တစ်ပတ်နှစ်ကြိမ်သာ ဆိုက်ကပ်မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အဆက်အသွယ် ပြတ်တောက်ခြင်း၊ စာနှင့် သတင်းစာများ အချိန်များစွာ နောက်ကျပြီးမှ ရောက်ခြင်း၊ Auto Telephoneမရှိခြင်း၊ ရုပ်မြင်သံကြားမရှိခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်း စသည်‌့အခက်အခဲများစွာရှိပါကြောင်း။

 မြို့နယ်၏အဓိက စီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်ပါကြောင်း၊ သို့သော် ရေငန်တားတာတမံနှင့် စိုက်ပျိုးရသည် ဖြစ်ခြင်းကြောင့် ဆိုင်ကလုန်းမုန်တိုင်းများ မကြာခဏဝင်ရောက်တိုက်ခိုက်ခြင်း၊ တာပေါင်တာရိုးများ ကျိုးပေါက်ခြင်းများဖြစ်ပေါ်ကာ ဒေသခံများ စားဝတ်နေရေး အလံမထူနိုင်ဘဲရှိနေပါကြေင်း၊  မြေပုံမြို့နယ်အတွင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ၁၅ ခုတင်ဆံ့ ဆေးရုံ(၁)ရုံနှင့် ၁၆ ခုတင်ဆံ့ ဆေးရုံ(၁)ရုံရှိပါသော်လည်း  ဆရာဝန်နှင့်ဆေးခန်း၊ ဆေးဝန်ထမ်းများ၊ ကျန်းမာရေးအထောက်အကူပစ္စည်များ၊ လူနာတင်ကားများမရှိသဖြင့် မသေသင့်ဘဲ သေဆုံးရခြင်းမျိုးလည်း မကြာခဏကြုံတွေ့ရပါကြောင်း၊ ပညာရေးတွင်လည်း စီးပွားရေး နိမ့်ကျခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲရှိခြင်းတို့ကြောင့် အခြားဒေသသို့ သွားရောက်မသင်ယူနိုင်ကြဘဲ အလယ်တန်းပညာကို ၅၀ ရာခိုင်နှုန်း၊ အထက်တန်းပညာကို ၂၀ ရာခိုင်နှုန်းခန့်သာ သင်ယူနိုင် ကြပြီး၊ နှစ်စဉ် ၁၀ တန်းအောင်စာရင်းက ၂၀ ရာခိုင်နှုန်းအောက်တွင်သာရှိပါကြောင်း။

မြို့ပေါ်တွင် လျှပ်စစ်မီးဓာတ်အားရရှိမှု အခြေအနေမှာ တစ်နေ့လျှင် ၃ နာရီသာရရှိပြီး ပျမ်းမျှအားဖြင့် တစ်ယူနစ်ကို ၃၅၀ က ၄၀၀ ဖြစ်ပါကြောင်း၊  ထို့ကြောင့် မြေပုံမြို့နယ်သည် ရာသီဉတုဆိုးဝါးပြင်းထန်ခြင်း ကြောင့်  စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးခြင်းများ ကြုံတွေ့ရကာ ဒေသဝမ်းစာမဖူလုံခြင်း၊ ကုန်ဈေး နှုန်းကြီးမြင့်ခြင်း၊ ကူးသန်းရောင်းဝယ် ရေးအခွင့်အလမ်းနည်းပါးခြင်းများကြံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ မြေပုံမြို့နယ် အတွင်းလာရောက် တာဝန်ထမ်းဆောင်လျက်ရှိကြသောဝန်ထမ်းများနှင့် မိမိတို့၏ဝန်ထမ်းများကို စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ထမ်းဆောင်နိုင်ကြစေရန် ဒေသအကျိုးအတွက် ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းလျက် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အား လူမှုရေးခက်ခဲသော မြို့နယ်တစ်ခုသတ်မှတ်၍ မြို့နယ်အတွင်းတာဝန်ထမ်းဆောင်နေရသော ဝန်ထမ်းများအား လစာနှင့်ညီမျှသည်‌့ ဝင်ငွေကို ဒေသစရိတ်အဖြစ် ပြင်ဆင်ခံစားခွင့်ပြုနိုင်ပါရန်  အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်စွဲပါ အမိန့်ကြောငြာစာအမှတ်၊ ၁၅၁၃/၂၀၁၃ နဲ့ တိုင်းဒေသကြီး/ ပြည်နယ်များရှိသော ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော မြို့အပါအဝင် မြို့နယ်စုစုပေါင်း ၁၁၀တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများကို ၎င်းတို့၏ လစာနှင့် ညီမျှသော ငွေကို ဒေသစရိတ် အဖြစ် ခံစားခွင့်ပြုခဲ့သည်ကို သိရှိရပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျန်ရှိသော မြို့/ မြို့နယ်များကို  ဝေးလံခေါင်သီဒေသအဖြစ် ဆက်လက်သတ်မှတ်နိုင်ရန်အတွက် သင့်လျော်သော အချက်များ ပြုစုကာဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၃)တွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့ကို ဝေးလံခေါင်သီရှားပါးဒေသအဖြစ် သတ်မှတ်ပေးရန် ဆုံးဖြတ်ချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်စွဲပါ စာအမှတ်၊ ပထရ/အဖခ-၂(၁၇၇၃)/ ရေး ၁ နှင့် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲ့သော ဒေသအဖြစ် ထပ်မံသတ်မှတ်ပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ထောက်ခံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်အပါအဝင် လူမှုရေးခက်ခဲသော မြို့နယ်/မြို့များတွင် ဒေသစရိတ် ခံစားခွင့်ပြုနိုင်ရန်အတွက် ပိုမိုသုံးစွဲရမည့် အသုံးစရိတ်များကို တွက်ချက်ကာ လက်ရှိဒေသဖွံ့ဖြိုး တိုးတက်မှု အခြေအနေပေါ်မူတည်ပြီး စိစစ်သုံးသပ်မှုများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။