(ဇ)-ကျိုက်လတ်မြို့နယ်မှရန်ကုန်မြို့သို့သင်္ဘောများ သွားလာရာတွင်မြစ်ကြောင်းကျဉ်း၍အခက်အခဲများ ရှိနေပါသဖြင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၃.၁၀.၂၀၁၄)

ဦးသန်းဝင်း (ကျိုက်လတ်) ဧရာဝတီ တိုင်းဒေသကြီးသည် မြစ်ချောင်းများဖြင့် ဖွဲ့စည်းထားသောဒေသဖြစ်ပါကြောင်း၊  ယခင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်ရောက်မှသာလျှင် ကားလမ်းများ ပေါ်ပေါက်လာခဲ့ပြီး  ယခု အခါ ဧရာဝတီတိုင်းဒေသကြီး၂၆ မြို့နယ်အားလုံး ကားလမ်းများဖြင့် သွားလာ၍ရပြီ ဖြစ်ပါကြောင်း၊ ယခင်က ကျိုက်လတ်မြို့မှ ရန်ကုန်မြို့သို့ ရေယာဉ်ဖြင့် ၇ နာရီခန့်သွားလာရသော်လည်း ယခုအခါ ရန်ကုန်မြို့သို့ ကားဖြင့် ၂ နာရီခွဲခန့်ဖြင့် သွားရောက်နိုင်ပြီဖြစ်ပါကြောင်း၊ သို့သော် ဒေသထွက် ဆန်စပါး၊ အုန်း၊ ငှက်ပျော၊ ဆား၊ စားသောက်ကုန်ပစ္စည်းများအား သင်္ဘောများဖြင့်သာ ရန်ကုန်မြို့သို့ ပို့ဆောင်နေရခြင်းများရှိပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ပိုင် သမြတ်ပင် ကျေးရွာ အုပ်စု ကျောက်တိုင်စု ကျေးရွာရှိ မြစ်ကြောင်းတွင် တစ်မိုင်ခန့် သောင်ထွန်းနေခြင်း၊ လင်းတွန်ကျေးရွာ နှင့် ဒါနချောင်းကျေးရွာကြားတွင် မြစ်ကြောင်း ၆၀ ပေခန့်ရှိ၍ ၆ ဖာလုံခန့် သောင်ထွန်းနေခြင်း၊ ဒါန ချောင်းကျေးရွာမြစ်ဂွစုံတွင် မြစ်ကြောင်း ၅၀ ပေခန့်ရှိ၍ သောင်ထွန်းနေခြင်းကြောင့် ကျိုက်လတ်-ရန်ကုန်သင်္ဘော ၁၉ စီး၊ ဖျာပုံ-ရန်ကုန် ၂၁ စီး၊ ဘိုကလေး-ရန်ကုန် ၁၄ စီး၊ မော်လမြိုင်ကျွန်း-ရန်ကုန် ၃၁ စီးနှင့် လပွတ္တာမြို့မှ အခြားသင်္ဘောများ နေ့စဉ် သွားလာမှုများ တွင် အခက်အခဲများဖြစ်နေပါ၍ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်မြို့သို့ သင်္ဘောများသွားလာရာတွင် မြစ်ကြောင်း အကျယ် ကျဉ်းမြောင်း၍ သောင်ထွန်းနေခြင်းကြောင့် အခက်အခဲများရှိနေသော မအူပင်မြို့နှင့် ကျိုက်လတ်မြို့ အကြား တိုးမြစ်နှင့် ကျိုက်လတ်မြစ်ကို ဆက်သွယ်ထားသော ဖိုးတုတ်ဝ မြစ်ရေလမ်း ပိုင်းအတွင်း တည်ရှိပါ ကြောင်း၊ အဆိုပါ ရေလမ်းကြောင်းသည် ရန်ကုန်-ပုသိမ် ရေယာဉ်လမ်းကြောင်း ပေါ်တွင် ပါဝင်ခြင်း မရှိသည့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်း သတ်မှတ်ရေးလုပ်ငန်း ပုံမှန်ဆောင်ရွက်ပေးလေ့ရှိသော နေရာ မဟုတ်သည်ကို စစ်ဆေး တွေ့ရှိရပါကြောင်း၊

သို့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကြပ်တည်းရေလမ်းကြောင်းများ အခြေအနေကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုင်းတာစစ်ဆေးချက်အရ အဆိုပါနေရာများသည် သဲသောင်များ ဖြစ်ထွန်း ပိတ်ဆို့လာမှု ကြောင့် အမှန်တကယ် ကျဉ်းမြောင်းကြပ်တည်းသော ရေလမ်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း၊

 ဖိုးတုတ်ဝကျေးရွာအနီးတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၁၉၉၂-၁၉၉၃ ခုနှစ်တွင် သောင်တူးလုပ်ငန်း ၉၁၀၆၄ ကုဗမီတာ ဆောင်ရွက်ပေးခဲ့ပါသော်လည်း ၁၉၉၃ ခုနှစ် နောက်ပိုင်းတွင် ရန်ပုံငွေခွဲဝေရရှိမှု အခြေအနေအရ ဖိုးတုတ်ဝချောင်း ရေလမ်းကြောင်းအား ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် သောင်တူးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း၊

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပုံမှန် ဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများကို နှစ်အလိုက်ရရှိသော ရန်ပုံငွေအားခွဲဝေ၍ မဖြစ်မနေအရေးကြီး ဆောင်ရွက် သင့်သော နေရာများကို အဓိက ဦးစားပေး ဆောင်ရွက်နေရသဖြင့် သောင်တူးပေးနိုင်ခြင်းမရှိသေးဘဲ လတ်တလော အန္တရာယ် ကင်းစေရေး အတွက် ဖိုးတုတ်ဝရေလမ်းကြောင်းတွင် ရေလမ်းညွှန်အမှတ် အသားပြသ၍ ယာယီ ထိန်းသိမ်းပေးမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။