(ဂ)-အရည်အသွေးမမီသော ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေးများ သုံးစွဲနေမှုများကြောင့် သီးနှံများ ဆုံးရှုံးပျက်စီးနေရမှု နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၃.၁၀.၂၀၁၄)

ဦးအောင်မြသန်း (ညောင်တုန်း)တောင်သူလယ်သမားများသည် ပိုးသတ်ဆေးများကို ရည်ညွှန်းပါအတိုင်း အသုံးပြုသော်လည်း ပိုးများမသေသည့်အတွက် သီးနှံများ ဆုံးရှုံးပျက်စီးခဲ့ရခြင်း၊ ပေါင်းသတ်ဆေးကို အသုံးပြုသော်လည်း ပေါင်းများ၊ မြက်များမသေသည့်အတွက် ငွေကြေးဆုံးရှုံးနစ်နာမှုများ ခံစားနေရပါကြောင်း၊ တည်ဆဲဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေများတွင် နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပြဋ္ဌာန်းပေးထားခြင်း မပါရှိသေးသည့်အတွက် အရည်အသွေးမမီသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သုံးစွဲမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော သီးနှံတန်ဖိုးနှင့် ဆေးဖိုးများကို သက်ဆိုင်ရာဆေးအရောင်းဆိုင် သို့မဟုတ် ကိုယ်စားလှယ် သို့မဟုတ် ကုမ္ပဏီများက နစ်နာသူတောင်သူ လယ်သမားများအား ပေးလျော်ရမည်ဟု ဥပဒေတွင် ဖြည့်စွက်ပြဋ္ဌာန်းရန် လိုအပ်နေပါကြောင်း၊ အကယ်၍ ဖြည့်စွက်ပြင်ဆင်ခြင်း မပြုနိုင်ပါက တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေများအား ပြဋ္ဌာန်းခဲ့စေကာမူ တောင်သူလယ်သမားများ အနေဖြင့် နစ်နာ ဆုံးရှုံးနေရဦးမည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ (၁) ယနေ့တောင်သူလယ်သမားများသည် အရည်အသွေးမမီသော ပိုးသတ်ဆေး သို့မဟုတ် ပေါင်းသတ်ဆေးများ သုံးစွဲနေမှုများကြောင့် သီးနှံများဆုံးရှုံးပျက်စီးနေရမှုနှင့် ဆေးတန်ဖိုးများ ကုန်ကျနေရသည်ကို သိရှိမှုရှိ/မရှိ၊ (၂) တည်ဆဲပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေများတွင် အရည်အသွေးမမီသော ပိုးသတ်ဆေးများ သို့မဟုတ် ပေါင်းသတ်ဆေးများ သုံးစွဲမှုများကြောင့် နစ်နာဆုံးရှုံး ပျက်စီးသွားသော သီးနှံများ၏ နစ်နာမှုနှင့် ဆေးတန်ဖိုးများအား အကျိုးခံစားခွင့်ရရှိရန် ဥပဒေတွင် ပြဋ္ဌာန်းချက်မပါရှိသည်ကို သိရှိမှုရှိ/မရှိ၊ (၃) တောင်သူလယ်သမားများအကျိုးငှာ တည်ဆဲပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေများကို တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနက ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၄) ပြင်ဆင်ပေးရန်မရှိပါက လွှတ်တော်က တောင်သူလယ်သမားများအကျိုးငှာ တည်ဆဲပိုးသတ်ဆေးဥပဒေအား ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်မေးခွန်း(၁)နှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တည်ဆဲပိုးသတ်ဆေးဥပဒေနှင့် နည်းဥပဒေများတွင် တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု မရှိစေရေး အတွက် ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများ တင်သွင်းခွင့်ပြုရာ၌ သတ်မှတ်ထားသော အရည်အသွေးနှင့် ကိုက်ညီသည့် ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများ တင်သွင်းရန် စနစ်တကျ မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းတို့ကို ပိုးသတ်ဆေးဥပဒေပုဒ်မ ၁၂ မှ ၁၆ အထိ ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး တရားမဝင်သောပစ္စည်းများ ရောင်းချခြင်းမပြုရန် ပိုးသတ်ဆေးဥပဒေ ပုဒ်မ ၃၀ မှ ၄၀ အထိ ပြဋ္ဌာန်းချက်များနှင့်အညီ  တားမြစ်ခြင်းနှင့် ဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက စီရင်ခြင်းခံရမည့် ပြစ်ဒဏ်များကို ပုဒ်မ ၄၁ မှ ၄၃ အထိ သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို တင်သွင်းလိုသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီစသည်တို့မှ မှတ်ပုံတင်လျှောက်လွှာများကို စိစစ်ခြင်း၊ ပြဋ္ဌာန်းထားသော ဥပဒေနှင့် ညီညွတ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ပါဝင်ဖွဲ့စည်းထားသော ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ မှတ်ပုံတင်ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မေးခွန်း (၂)နှင့်စပ်လျဉ်း၍ ပိုးသတ်ဆေးဖော်စပ်ရောင်းချခွင့် လိုင်စင်ရရှိသူ၏ တာဝန်နှင့် ဆောင်ရွက်နိုင်ခွင့်များ ကိုလည်း ပိုးသတ်ဆေးဥပဒေပုဒ်မ ၂၄ ပုဒ်မခွဲ(ဂ) တွင် လိုင်စင်လျှောက်ထားစဉ် တင်ပြခဲ့သည့် အဆိပ်ရှိပစ္စည်း ပါဝင်မှုရာခိုင်နှုန်းအတိုင်း ပြည့်မီအောင် ဖော်စပ်ရမည်။ ပုဒ်မခွဲ(ဃ)တွင် ဖော်စပ်သည့် ပိုးသတ်ဆေးအတွက် သုံးစွဲရန်အညွှန်းစာတွင် ပိုးသတ်ဆေးအမျိုးအမည်၊ ကာကွယ်နှိမ်နင်းနိုင်သည့် ပိုးများ၊ အဆိပ်သင့်နိုင်မှု အဆင့်အတန်း၊ အသုံးပြုနိုင်မည့် ဆေးအချိုးအစားတို့ဖြင့် အဆိပ်သင့်နိုင်မှု အန္တရာယ်မှကင်းရှင်းရန် နည်းလမ်းများကိုလည်း ဖော်ပြရမည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၅ ပုဒ်မခွဲ (ဃ) တွင် ရောင်းချသည့် ပိုးသတ်ဆေးများ၏ အာနိသင်ကျဆင်းစေရန် အခြားအရာဝတ္ထုပစ္စည်းတစ်စုံတစ်ရာနှင့် ရောနှောခြင်း၊ ပြုပြင်ခြင်း၊ မမှန်မကန် ကြော်ငြာရောင်းချခြင်း မပြုလုပ်ရဟု အတိအလင်းပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ ပိုးသတ်ဆေးဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင် အသီးသီးမှ သီးနှံကာကွယ်ရေးတာဝန်ခံများနှင့် ရုံးချုပ်မှ နယ်လှည့်စစ်ဆေးရေးအဖွဲ့မှ ဆေးအမျိုး အစားပေါင်း ၁၀၄၅ မျိုးအား ကွင်းဆင်းနမူနာရယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ရာ စံချိန်စံညွှန်း မပြည့်မီသော ပိုးသတ်ဆေး အမျိုးအစား ၆၅ မျိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အား ပစ္စည်းများ သိမ်းဆည်းဖျက်ဆီးခြင်း၊ တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်း၊ သီးနှံထိခိုက်မှုအတွက် လျော်ကြေးငွေများ ပေးအပ်စေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။

မေးခွန်း (၃)နှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေးရှု၍ ခေတ်နှင့်လျော်ညီမှုမရှိသည့် မြေသြဇာဥပဒေကိုလည်းပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လွှတ်တော်သို့ ဆက်လက်ပေးပို့ရန် ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေပုဒ်မ ၁၈ နှင့် ပုဒ်မ ၂၀ ပုဒ်မခွဲ(စ)တို့တွင် စံချိန်စံညွှန်းအာမခံချက် ချို့ယွင်းမှု၊ မကိုက်ညီမှုကြောင့် တောင်သူလယ်သမားများ၏ လယ်ယာထုတ်ကုန်များ ထိခိုက်ပျက်စီးခြင်း၊ အရင်းအနှီးများဆုံးရှုံးခြင်းတို့အတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရန် ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ ပိုးသတ်ဆေးများ၊ ရောဂါသတ်ဆေးများ၊ ပေါင်းသတ်ဆေးများနှင့် အဆိပ်ရှိ ပစ္စည်းများကို သုံးစွဲသူ တောင်သူလယ်သမားများသုံးစွဲရာ၌ ထိရောက်မှုရှိပြီး အကျိုးကျေးဇူးခံစားရရှိစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဝန်ထမ်းများအနေဖြင့် ကျေးရွာအထိ ကွင်းဆင်းပြီး ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တောင်သူလယ်သမားများ အကျိုးစီးပွားအတွက် အရည်အသွေးနှင့် စံချိန်စံညွှန်း မပြည့်မီသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာအတုအပများ ဈေးကွက်တွင် ရောင်းချမှုမရှိစေရေးအတွက် နိုင်ငံပိုင်ရုပ်မြင်သံကြား၊ တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်း (Farmer Channel) အရုပ်အလှများနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အပတ်စဉ် ထုတ်ဝေသော  လယ်ယာစီးပွား သတင်းစာစောင်တို့တွင် အချိန်နှင့်တစ်ပြေးညီ နှိုးဆော်ချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း။

မေးခွန်း (၄) နှင့်စပ်လျဉ်း၍ လက်ရှိတည်ဆဲပိုးသတ်ဆေးဥပဒေသည် ၁၉၉၀ ပြည့်နှစ် မေလတွင် စတင်ရေးဆွဲပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ခေတ်ကာလနှင့်လျော်ညီသော ဥပဒေတစ်ရပ်ဖြစ်စေရန်အတွက် နိုင်ငံတကာ ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသော ပိုးသတ်ဆေးဥပဒေများ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ပြုစု၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ တည်ဆဲပိုးသတ်ဆေးဥပဒေ ပုဒ်မ ၄၁ မှ ၄၃ တွင်ပါရှိသော ပြစ်မှုများအလိုက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်များမှာလည်း ခေတ်နှင့်လျော်ညီမှုမရှိတော့သဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များအား ကျူးလွန်ဖောက်ဖျက်သူများကို ထိရောက်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရန်အတွက် ပြန်လည်ပြင်ဆင်သည့် ဥပဒေတွင် ဥပဒေပုဒ်မ  ၃၇ မှ ၃၉ အထိ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ အပြန်အလှန် ညှိနှိုင်းပြင်ဆင် စိစစ်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်မြသန်း (ညောင်တုန်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိကိုယ်တိုင် ပြောင်း ၈ ဧက စိုက်ပျိုးရာတွင် အရည်အသွေးမမီသော ပိုးသတ်ဆေးများကြောင့် ၁၈ သိန်းခန့် ဆုံးရှုံးသွားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ တောင်သူလယ်သမားများသည် အရည်အသွေးမမီသော ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ သုံးစွဲနေမှုကြောင့် သီးနှံများဆုံးရှုံးပျက်စီးနေရမှုနှင့် ဆေးတန်ဖိုးများ ကုန်ကျနေရသည်ကို ဝန်ကြီးဌာနအနေဖြင့် သိရှိမှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်

ပိုးသတ်ဆေး၊ အခြားပစ္စည်းများနှင့်ပတ်သက်၍ အသုံးပြုမှုနှင့်ပတ်သက်ပြီး မိုဘိုင်းတီးအနေဖြင့် မြို့နယ်များ တိုင်းများတွင် အားလုံးစီစဉ်ပြီး လိုအပ်သည်များကို အရေးယူလျက်ရှိပါကြောင်း၊ ယခုကိစ္စမှာလည်း အကယ်၍များ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသကဲ့သို့ ထိခိုက်မှု တစ်စုံတစ်ရာရှိပါက ယင်းပစ္စည်းကို မိမိတို့ထံ ပေးပို့ပြီး စိစစ်ကာ အရေးယူမှုဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။