မိမိအနေဖြင့် နောင်ချိုမြို့နယ်၊ ကော်ဖီစိုက်ပျိုးရေးနှင့် မွေးမြူရေးစခန်းတွင် ရဲဘက်အဖြစ်လုပ်ကိုင်ခဲ့သော အောင်စိုး ခေါ် ထူးကျော် မှ ရဲဘက်စခန်းတွင် ၎င်းတို့ခံစားရသော ဒုက္ခအပြည့်အစုံကို စာတစ် စောင်ပေတစ်ဖွဲ့နှင့် ပေးပို့လာသည်ကိုလည်းကောင်း၊ ထို့ပြင် သြဂုတ်လ ၈ ရက် ၂၀၁၄ ခုနှစ်က Voice ဂျာနယ်တွင် ခင်စန်းနွယ်အမည်ရှိ ဆောင်းပါးရှင်က ရဲဘက်စခန်းများ၏ အခြေအနေဆိုးရွားမှုကို အသေးစိတ် ရေးသားဖော်ပြပြီး လွှတ်တော်အနေဖြင့် ယင်းကိစ္စရပ်များအပေါ် လုပ်ပေးသင့်သည်များကို လုပ်ပေးသင့် ကြောင်း၊ မွန်ပြည်နယ်၊ တောင်စွန်းရဲဘက်စခန်းတွင် အကျဉ်းသားများ၏ နေထိုင်စားသောက်ရသော ဘဝများသည် လွန်စွာ ဆိုးရွားနေကြောင်းများကို Voice ဂျာနယ်တွင် ရေးသားခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရဲဘက်အကျဉ်းသားစခန်း မည်မျှရှိပြီး ရဲစခန်းများတွင် ရဲဘက်အရေ အတွက် မည်မျှရှိသည်။ ရဲဘက်စခန်းများ၌ အလုပ်ကြမ်းများလုပ်နေကြသော အကျဉ်းသားများကို အစာရေစာ မလုံလောက်မှု၊ ရေချိုးရန် အခက်အခဲရှိမှု၊ ဆေးကုသခွင့် အခက်အခဲရှိမှုတို့ကြောင့် ရဲဘက်စခန်း ဖွင့်သည့်အချိန်မှ ယနေ့အထိ ရဲဘက်စခန်း မသွားချင်သူများထံမှ ထောင်တာဝန်ခံနှင့် ထောင်ဆရာဝန် တို့မှ လာဘ်ပေးလာဘ်ယူမှုများ ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့အရေးယူပါသနည်း။ ရဲဘက်စခန်း အပို့ ခံရမှုများကို မည်သည့်စံသတ်မှတ်ချက်ဖြင့် ရွေးချယ်ပါမည်နည်း။ တော်လှန်ရေးကောင်စီအစိုးရ လက်ထက်က ဖွင့်လှစ်သော ရဲဘက်စခန်းများသည် ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလနှင့် လူ့အခွင့်အရေးစံနှုန်းများအရ ပြုပြင်ပြောင်းလဲပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ရဲဘက်အကျဉ်းသားစခန်း မည်မျှရှိပါသနည်း။ ယင်းစခန်း များတွင် ရဲဘက်အရေအတွက် မည်မျှရှိပါသနည်းဆိုတဲ့ မေးခွန်းနှင့်စပ်လျဉ်း၍ ၁၉၇၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှ စတင်ပြီး ရဲဘက်စခန်းများကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် စခန်းပေါင်း ၃၆ ခုကို ဖျက်သိမ်းခဲ့ပြီး ယင်းဖျက်သိမ်းခံစခန်းများကို စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်စခန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး ယင်းစခန်းတွေကို စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ၊ ကုန်ထုတ်စခန်း များအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်းဦးစီးဌာနများသည်ယနေ့အချိန်ထိ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင် စခန်းများ၊ ကုန်ထုတ်စခန်းများ အရေအတွက် စုစုပေါင်း ၄၆ ခုရှိပြီးတော့ အကျဉ်းသားဦးရေ ၁၀၀၀၀ ကျော်ရှိပါကြောင်း၊
အလုပ်ကြမ်းလုပ်သော အကျဉ်းသားများကို အစာရေစာမလုံလောက်မှု၊ ရေချိုးရန်အခက်အခဲ ရှိမှု၊ ဆေးကုသခွင့်အခက်အခဲရှိမှုတို့ကြောင့် သေဆုံးသူအရေအတွက် မည်မျှရှိသနည်းဆိုတဲ့မေးခွန်းနှင့် စပ်လျဉ်း၍ ရဲဘက်စခန်းများ စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ၂၀၀၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် စခန်း ၃၆ ခုကို ဖျက်သိမ်းပြီးနောက် လက်ရှိအစိုးရသစ် လက်ထက်တွင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းများ၊ ကုန်ထုတ်စခန်းများကို အောက်ပါရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊
အကျဉ်းထောင်များတွင် အလဟဿ လေလွင့် ပြုန်းတီးနေသည့်အကျဉ်းသားများကို အခြေခံပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျောက်ထုတ်လုပ် ရေးလုပ်ငန်းများကို လုပ်ကိုင်ပြီးတော့ နိုင်ငံတော် စီမံကိန်းဝင် လုပ်ငန်းများအတွက် အကျိုးရှိစွာ အသုံး ချနိုင်ရန်၊ ပြစ်ဒဏ်ကာလကုန်ဆုံး၍ လွတ်မြောက်သောအခါမှာ အသက် မွေးဝမ်းကြောင်းပညာရပ် တစ်ခုတတ်မြောက်သွားစေရန် ရည်ရွယ်ပြီး စက်မှုလက်မှုနှင့် စိုက်ပျိုး မွေးမြူရေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးရန်၊ အကျဉ်းကျခံအကျဉ်းသားစိတ် ပပျောက်ပြီး စိတ်ဓာတ်မြင့်မားလာစေရန်၊ ဒေသအလိုက် လယ်ယာမြေသစ်ဖော်ထုတ်ကာ ထွက်ပေါ်လာသော ထွက်ကုန် များကို နိုင်ငံတော်နှင့် ပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်၊ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သော အမျိုးအစားကောင်းကျောက်များကို ထုတ်လုပ်ပေးရန်၊ အိုးမဲ့၊ အိမ်မဲ့၊ အလုပ် လက်မဲ့၊ လယ်ယာမြေမဲ့ အကျဉ်းသားများကို ပြစ်ဒဏ်ကျခံနေစဉ်ကာလအတွင်းနဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးပြီးနောက်တွင် အိုးပိုင်၊ အိမ်ပိုင်၊ လယ်မြေပိုင်ဆိုင်ပြီးတော့ ဘဝသစ်တစ်ခုအဖြစ် အတည်တကျ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊
စခန်းတွင် အထက်ပါရည်ရွယ်ချက်အတိုင်း ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ပြစ်ဒဏ်ကနေ လွတ်မြောက်လာချိန်တွင် ဘဝရပ်တည်မှုအတွက် လုပ်ကိုင်စားသောက်နိုင်ရန် ရည်ရွယ်ပြီး အသက် မွေးဝမ်းကြောင်းပညာရပ်များကို စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ လေ့ကျင့် သင်ကြား ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့်စပ်လျဉ်း၍ စခန်းတိုင်းတွင် ကျန်းမာရေးမှူးတစ်ဦးစီ ခန့်အပ်ထားရှိသည့်အပြင် မကျန်းမာသော အကျဉ်းသားများကို နီးစပ်ရာဆေးရုံ/ဆေးရုံကြီးများသို့ တက်ရောက် ကုသခံယူခွင့်၊ ပြည်တွင်းပြည်ပကျန်းမာရေးအဖွဲ့ အစည်းများ၏ စစ်ဆေးကုသခံယူခွင့်များကို လည်း စီမံဆောင်ရွက်ပေးလျက်ရှိခြင်း၊ ဆေးဖိုးကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် အခမဲ့ကုသပေးလျက်ရှိခြင်းတို့ကြောင့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ စခန်း ၄၆ ခုအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သိန်း ၃၆၀၅၉၆၉၂ ကျပ် သုံးစွဲခဲ့ပြီးဖြစ်ပါကြောင်း၊ ICRC မှ အကျဉ်း သား အကျဉ်းသူများအတွက် ပထမအကြိမ် ၁၃-၁၁-၂၀၁၃ ရက်နေ့တွင် ဆေးဝါးမျိုးစုံ ၃၁ မျိုး တန်းဖိုး ငွေ ၇၅၆၇၇၈၇၀ ကျပ်အားလည်းကောင်း၊ ဒုတိယအကြိမ် ၂၆-၇-၂၀၁၄ ရက်နေ့မှာ ဆေးဝါးမျိုးစုံ ၃၉ မျိုး တန်ဖိုးငွေ ၉၂၁၆၅၇၆၆ ကျပ်အားလည်းကောင်း လှူဒါန်းခဲ့သည့်အတွက် ယင်းဆေးဝါးများကို စခန်းများသို့ ဖြန့်ဝေ သုံးစွဲလျက်ရှိပါကြောင်း၊ ၁၉၇၈ ခုနှစ်မှ ရဲဘက်စခန်းများ ဖျက်သိမ်းခဲ့သော ၂၀၁၄ ခုနှစ်အထိ ရဲဘက်များသေဆုံးမှုမှာ ၄၁၈၇ ဦးရှိခြင်းကြောင့် တစ်နှစ်လျှင် ပျမ်းမျှ ၁၆၁ ဦး သေးဆုံးခဲ့ပါကြောင်း၊ ရဲဘက်စခန်းများဖျက်သိမ်းပြီးနောက်၂၀၀၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့အထိ စိုက်ပျိုးမွေးမြူရေးစခန်းများနှင့် ကုန်ထုတ်စခန်းတွေမှာ အကျဉ်းသား သေဆုံးမှုသည် ၉၉၉ ဦးရှိခြင်းကြောင့် တစ်နှစ်လျှင် ပျမ်းမျှ ၁၄၂ ဦး သေဆုံးခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ အထိ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းတွေ ကုန်ထုတ်စခန်း ၄၆ ခုတွင် သေဆုံးမှုမှာ ၁၂၀ ဦးရှိခြင်းကြောင့် တစ်နှစ်လျှင်ပျမ်းမျှ ၃၆ ဦး၊ စခန်းတစ်ခုလျှင် ဝ.၇၈ ဦး သေဆုံးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
သေဆုံးသော အကြောင်းအရာများမှာ စခန်းများသို့ ရောက်ရှိပြီး ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေစွာ မနေထိုင်နိုင် ခြင်း၊ အစားအသောက်အနေအထိုင်လွဲမှားခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း စသည့်အကြောင်း များကြောင့် သေဆုံးရခြင်းသာ ဖြစ်ကာ အစာရေစာမလုံလောက်မှု၊ ရေချိုးရန်အခက်အခဲရှိမှု၊ ဆေးဝါး ကုသရန်အခွင့်အရေးမရရှိသော သေဆုံးမှုများ မရှိခဲ့ပါကြောင်း၊
လာဘ်ပေး လာဘ်ယူမှုများ၊ ယင်းကဲ့သို့ လာဘ်ပေး လာဘ်ယူမှုများကို အရေးယူမှုများ ရဲဘက် စခန်းအပို့ခံရသော စံသတ်မှတ်ချက်များ နှင့် စပ်လျဉ်း၍ အကျဉ်းသားတွေကို စိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးမှုအတတ်သင်စခန်းများ၊ ကုန်ထုတ်စခန်းများကို စေလွှတ်သော နေရာတွင် အောက်ဖော်ပြပါ စည်းကမ်းများ အတိုင်း အဆင့်ဆင့်စိစစ်ရွေးချယ်၍ စေလွှတ်ပါကြောင်း၊
သက်ဆိုင်ရာ ဆရာဝန်၊ ကျန်းမာရေးမှူးများ၏ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ရရှိသူများ ကိုသာ စေလွှတ်ပါကြောင်း၊ အကျဉ်းထောင်တွင် နေသားကာလအနည်းဆုံး လေးလ သတ်မှတ်ထားပြီး သွားရောက်လိုသောသူများပြားပါက နှစ်လအထိ လျော့ချပေးပါကြောင်း၊ ကျခံရန် ကျန်ကာလ ၁၅ နှစ်အောက် အကျဉ်းသားများကို စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများသို့ လည်းကောင်း၊ ကျခံရန် ကျန်ကာလ ၂၀ နှစ်အောက် အကျဉ်းသားများကို ကုန်ထုတ်စခန်းများသို့ လည်းကောင်း၊ ရွေးချယ် စေလွှတ်ပါ ကြောင်း၊ အသက် ၁၈ နှစ်အောက် လူငယ်အကျဉ်းသား၊ အသက် ၆၀ နှစ်အထက် အသက်ကြီး အသင်းသား၊ ကိုယ်အင်္ဂါချို့ပြီး မသန်မစွမ်းဖြစ်နေသောအကျဉ်းသား၊ နိုင်ငံခြားသားနှင့် နိုင်ငံသားမဟုတ်သူ အကျဉ်းသား၊ စခန်းများမှ နှစ်ကြိမ်အထိ ထွက်ပြေးသည့်အကျဉ်းသားများကို ရွေးချယ်စေလွှတ်ခြင်း မပြုပါကြောင်း၊ အကျဉ်းသားများကို စခန်းသို့မစေလွှတ်မီ ၎င်းတို့၏ ကိုယ်ရေးအချက်အလက် ထောင်ပုံစံ ၃၂ တို့ကို သက်ဆိုင်ရာထောင်မှူးနှင့် ထောင်မှူးကြီး အဖွဲ့နှင့် စစ်ဆေးပြီးတိုင်းဒေသကြီး/ ပြည်နယ်အကျဉ်း ဦးစီးမှူးရုံးသို့ တင်ပြရပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အကျဉ်းဦးစီးမှူးရုံးကနေ အဖွဲ့နှင့် စိစစ်ပြီးမှ အကျဉ်းဦးစီး ဌာနကို တင်ပြပြီးကာ အကျဉ်းဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီမှ စိစစ်ဆုံးဖြတ်ချက်နှင့် စခန်းများကို စေလွှတ်ဖို့အတည်ပြုရွေးချယ်တာဖြစ်ပါကြောင်း၊ အချို့အကျဉ်းသားများနှင့် စခန်းတွင် အလုပ်လုပ်ရ သော်လည်း ပြင်ပပတ်ဝန်းကျင်ကို တွေ့မြင်ခွင့်ရခြင်း၊ တစ်လလျှင် မိသားစုနှင့် ညအိပ်ညနေ သုံးရက် နေထိုင်ခွင့်ရရှိခြင်း၊ ထိုကာလအတွင်းမှာ အလုပ်နားရက်ရရှိခြင်း၊ လျော့ရက်အပြည့်အဝရရှိခြင်း၊ ကိုယ်တိုင်စိုက်ပျိုးထားသောသီးနှံများကို လတ်ဆက်စွာစားသုံးခွင့်ရရှိခြင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများကို သင်ယူခွင့်ရရှိခြင်းတို့ကြောင့် သွားရောက်ရန်ဆန္ဒပြုသူများလည်း ရှိပါကြောင်း၊ ယင်းစခန်း များတွင် အကျဉ်းသားများကို အလုပ်လုပ်သောနေ့ကိုတွက်ပြီး တစ်ရက်ကို ငွေ ၂၀၀ ကျပ်နှုန်းဖြင့် လုပ်အားရှင် ခံစားခွင့်များကိုလည်း ပေးထားပါကြောင်း၊ ပြစ်ဒဏ်ခံစားနေစဉ်ကာလအတွင်းတွင် ရသင့်သော လုပ်အားရှင် ခံစားခွင့်များကို ဘဏ်တွင် စုဆောင်ထားပေးပြီး လွတ်ရက်စေ့သည့်အခါတွင် တစ်ပါတည်း ထုတ်ပေးပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ အထိ ပြစ်ဒဏ်စေ့၍ လွတ်မြောက်သော အကျဉ်းသား ၅၀၁၉ ဦးအတွက် လုပ်အားရှင်ခံစားခွင့်ငွေ စုစုပေါင်း ၂၁၈၈၀၉၇၄၀၀ ကျပ်ကို ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများ၊ ကုန်ထုတ် စခန်းများကို အကျဉ်းသားများ စေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ ထောင်တာဝန်ခံနှင့် ထောင်ဆရာဝန်များကို တိုင်ကြားမှုများမရှိပါကြောင်း၊ ထောင်တာဝန်ခံနှင့် ထောင်ဆရာဝန် များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိလျှင်သော် လည်းကောင်း၊ တိုင်ကြားမှုများရှိ လာလျှင် သော်လည်းကောင်း၊ စုံစမ်းစိစစ်ပြီးတော့မှ မှန်ကန်ကြောင်း စိစစ်ပေါ်ပေါက်လာပါက ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၅ နိုင်ငံဝန်ထမ်းများဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
တော်လှန်ရေးကောင်စီအစိုးရလက်ထက်က ဖွင့်ခဲ့သော ရဲဘက်စခန်းများသည် ဒီမိုကရေစီအသွင် ကူးပြောင်းမှု ကာလနှင့် လူ့အခွင့်အရေးစံနှုန်းများအရ ပြုပြင်ပြောင်းလဲပေးရန် အစီအစဉ် ရှိ/မရှိ။ ရှိပါ က မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းလို့ လက်ရှိအစိုးရသစ်လက်ထက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်းဦးစီးဌာန၏ အဓိကရည်မှန်းချက်တာဝန်သည် တည်ဆဲဥပဒေကို ချိုးဖောက်သော ပြစ်ဒဏ်ချ ခံနေရသော အကျဉ်းသားများကို လုံခြုံစွာထိန်းသိမ်းရခြင်းဖြစ်ပါကြောင်း၊ အကျဉ်းဦးစီးဌာနအနေနှင့် အကျဉ်းသားများကို ပြစ်ဒဏ် ပေးခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပြုပြင် ပြောင်းလဲ ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးမှု အတတ်သင် စခန်းများအား ကုန်ထုတ်လုပ်မှု စခန်းများတွင် အကျဉ်းသားများအား မိမိတို့ယုံကြည်ရာ ဘာသာ အလိုက် ဝတ်ပြု ကိုးကွယ်စေပါကြောင်း၊ တရားဟောရန်နှင့် ဘာသာရေးပွဲများပြုလုပ်ရန် တင်ပြလျှောက်ထားလာပါက စိစစ် ခွင့်ပြုပေးလျက် ရှိခြင်းများရှိပါကြောင်း၊ ထို့အပြင် စခန်းများတွင် စာကြည့်တိုက်၊ TV များ ထားရှိပေးသော အပြင် အလုပ်ပိတ်ရက်များတွင်လည်း နားနေချိန်များတွင် Video ပြသပေးခြင်း၊ အကျဉ်းသား စာဖတ်ဝိုင်းများ ဆောင်ရွက် ပေးခြင်း၊ အကျဉ်းသားများ၏ ကျန်းမာရေး၊ ကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရှိရေး အတွက် မိုးရာသီ၊ ဆောင်းရာသီအားကစားပြိုင်ပွဲတွေ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲ တွေကိုလည်း ကျင်းပပေးလျက်ရှိပါကြောင်း၊ အခန်း ၃၉ ခုမှာ ပြည်ထောင်စုအစိုးရဘဏ္ဍာရန်ပုံငွေ နှင့်လည်း ကောင်း၊ ICRC အပါအဝင် အလှူရှင်များရဲ့အကူအညီနှင့် လည်းကောင်း ကာလတန်ဖိုးငွေ ကျပ် ၉၂၄.၀၈၃ သန်းရှိတဲ့ ရေသန့်စက်ရုံများကိုလည်း ဆောက်လုပ်ထားပြီးဖြစ်ပါကြောင်း၊
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၅/၂၀၁၃)အရ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ ခရိုင်တရားသူကြီးများကလည်း အကျဉ်းသားများဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်စေရန်အတွက် ယနေ့အချိန်အထိ စခန်းပေါင်း ၂၈ ခုကို ဝင်ရောက်စစ်ဆေး ခဲ့ပြီးဖြစ်ပါကြောင်း။ ထို့ပြင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Ms.Tomas Ojea Quintana နှင့် Ms.Yanghee Lee တို့ကလည်း အကျဉ်းထောင်များသို့ ဝင်ရောက်လေ့လာကြည့်ရှုခြင်းများကို ခွင့်ပြုပေးလျက်ရှိပြီး စခန်းများကို ဝင်ရောက်လေ့လာရန် တောင်းဆိုမည်ဆိုပါကလည်း ခွင့်ပြုပေးသွားမှာဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC က လည်း ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ အထိ စခန်း ၁၁ ခုကို သွားရောက်ပြီး အကျဉ်းသားအခွင့်အရေးအပြည့်အဝရရှိရေးအတွက် ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ပြီး အကျဉ်းသားများနှင့် လွတ်လပ်စွာတွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ၏ အကြံပြုချက်များကိုလည်း ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့်ပတ် သက်၍ ကုသသမဂ္ဂမှ ထုတ်ပြန်ထားသော အနိမ့်ဆုံးထား ရှိရမည့် အခြေခံစည်းမျဉ်းနှင့်အညီ ခံစားခွင့် ရရှိစေရေးလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
အကျဉ်းထောင်လက်စွဲဥပဒေအပိုဒ် ၉၉၁ နှင့်အညီ အကျဉ်းသားတစ်ဦးစီ၏နေရာထိုင်ခင်းများကို စီစဉ်ပေးထားပါ ကြောင်း၊ အကျဉ်းထောင်လက်စွဲဥပဒေ အပိုဒ် ၅၁ နှင့်အညီ စခန်းတွေမှာ တာဝန်ခံအရာရှိ ကနေ အပတ်စဉ်တနင်္လာနေ့တိုင်း တန်းစီစစ်ဆေးပြီး အကျဉ်းသားများ၏ ကိုယ်ရေးကိုယ်တာအခက်အခဲများကို တင်ပြချက်များနှင့် တိုင်တန်းချက်များ ကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည့်အပြင် အကျဉ်းသားများကို ပြစ်ဒဏ်ကာလတိုတောင်း စေရန်အတွက် လျော့ရက်များ ခံစားခွင့်ပြုခြင်းကိုလည်း အကျဉ်းထောင်စွဲဥပဒေနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပြီး လူ့အခွင့်အရေးစံနှုန်းများအရ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်) က ပုဒ်မ ၁၄၄ ပုဒ်မခွဲ(ဃ)နှင့်အညီ ဆက်စပ် မေးခွန်းမေးမြန်းပါသည်။
ဒုတိယ ဝန်ကြီးဖြေကြားချက်အရကို လူ ၄၀၀၀ ကျော် သေခဲ့ပါကြောင်း၊ အောက်တိုဘာလ အတွင်း ထုံးဖိုကျောက်ထုစခန်းတွင် သေဆုံးမှုများသတင်းများလည်း ပူပူနွေးနွေး ထွက်ပေါ်နေပါကြောင်း၊ ထို့ကြောင့် အိမ်နီးချင်း နိုင်ငံကြီးတစ်ခု၏ ရဲဘက်စခန်းတွေကို၊ လုပ်အားပေးစခန်းတွေကို အတုယူပြီး တည်ဆောက်ခဲ့ သော ကျွန်တော်တို့ အခု ရဲဘက်စခန်းတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄ အရ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းနေသော ပြစ်ဒဏ်များ ပေးသော နေရာသဘောမျိုး သက်ရောက်နေခြင်းကြောင့်အတွက် ခုနက ၃၆ ခု ရဲဘက်စခန်းတွေဖျက်သိမ်းခဲ့သလို ကျန်တဲ့ ရဲဘက်စခန်းများကို ဖျက်သိမ်းရန်၊ အခြေခံဥပဒေပြဋ္ဌာန်းချက် နှင့်ညီညွတ်မှုရှိရန် ပြန်လည်သုံးသပ် စဉ်းစားဖို့ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အစီအစဉ်ရှိ/မရှိ၊ အထူးသဖြင့် လွှတ်တော် သက်တမ်းအတွင်း တင်ဖို့ဆောင်ရွက်နေသော အကျဉ်းထောင် ဥပဒေသစ်တွင်ပါ ယခုကဲ့သို့ အချက် အလက်များကို ထည့်သွင်းပြီး ပြဋ္ဌာန်းရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
၂၀၁၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ရဲဘက်စခန်း ၃၆ ခုကို ဖျက်သိမ်းခဲ့ပြီး ယခုလက်ရှိအခြေအနေအရ ဖျက်သိမ်းခဲ့သော စခန်းများကို စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ၊ ကုန်ထုတ်စခန်းများ အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားရာ ယခုအချိန်တွင် ၄၆ ခု ရှိပါကြောင်းနှင့် အဆိုပါစခန်းများ၏ ဖွဲ့စည်းထားသော ရည်ရွယ်ချက်နှင့် ဆောင်ရွက်နေသည့် အခြေအနေများကို ရှေ့က ဖြေကြားချက်တွင် အကျယ်ရှင်းလင်းတင်ပြ သွားပြီးဖြစ်ပါကြောင်း။ ယခုအနေအထားအရ အကျဉ်းသားများ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ဖြစ်စဉ်မျိုး ဖြစ်ရန် အကျဉ်း ဦးစီးဌာနအနေနှင့် လက်ရှိဆောင်ရွက်နေသော အနေအထားတွင် ထိုကဲ့သို့ မရှိပါကြောင်း၊ ထို့ကြောင့် ယခု လက်ရှိဖွဲ့စည်းထားသော အသက်မွေးမှု အတတ်သင်စခန်းများ၊ ကုန်ထုတ်စခန်းများ၊ စုစုပေါင်း ၄၆ ခုကို လက်ရှိအနေအထားတွင် ဖျက်သိမ်းရန်အတွက် အစီအစဉ်မရှိသေးပါကြောင်းနှင့် အသစ် ရေးဆွဲလျက်ရှိသော အကျဉ်းထောင်ဥပဒေနှင့်ပတ်သက်၍လည်း အကျဉ်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၊ ကုန်ထုတ်စခန်းများနှင့် ပတ်သက်ပြီး ယင်းအကျဉ်းထောင်ဥပဒေထဲတွင် ထည့်သွင်းရေးဆွဲထားပါကြောင်း ဆက်လက်ပြီး နည်းဥပဒေကို ထုတ်ပြန်ချိန်တွင်လည်း အဆိုပါစခန်း များနှင့် ပတ်သက်ပြီး အသေးစိတ်လိုက်နာရမည့်အချက်များ ရပိုင်ခွင့်အခွင့်အရေးများကိုလည်း ထည့်သွင်းပြုစု ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
