(က)-ရသေ့တောင်မြို့နယ်အားလူမှုရေးခက်ခဲသော မြို့နယ်အဖြစ်သတ်မှတ်ပြီးဝန်ထမ်းများအားလစာနှင့် ညီမျှသောငွေကို ဒေသစရိတ်အဖြစ်ခံစားခွင့်ပြုရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၃.၁၀.၂၀၁၄)

 ဒေါ်ခင်စောဝေ (ရသေ့တောင်) ရသေ့တောင်မြို့နယ်သည် ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးများနေထိုင်ရာ မြောက်ဘက် အစွန်ဆုံးမြို့နယ် တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်၏အဆင်းရဲဆုံး မြို့နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ရသေ့တောင်မြို့နယ်သည် မေယုတောင်တန်းနှင့် သြရမတောင်တန်းနှစ်ခုကြား တည်ရှိပြီး မြစ်ကြီးနှစ်စင်းဖြစ်သော မေယုမြစ်၊ မုံဆင်းမြစ်နှင့် ဘင်္ဂလားပင်လယ်တို့ဖြင့် အနားသတ်ထားခြင်း၊  ယင်းသဘာဝအရင်းအမြစ်တို့ကို အသုံး မချနိုင်ခြင်းတို့သည် မြို့နယ်၏ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့် အတားဖြစ်စေသကဲ့သို့ ရသေ့တောင်မြို့နယ်၏ မြောက်ပိုင်းမှစတင်ရာ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်အထိ ဘင်္ဂါလီလူမျိုးများက နယ်မြေကို ဝိုင်းပယ်ထိန်းချုပ်ထားခြင်း၊ တောင်ဘက်ပိုင်း စစ်တွေမြို့တစ်ခုတည်းသို့သာလျှင် ရေလမ်းဖြင့် ထွက်ပေါက် ရှိခြင်းတို့သည်လည်း ဖွံ့ဖြိုးမှုကို အားနည်းစေသော အကြောင်းအရင်းများဖြစ်ပါကြောင်း၊  ရသေ့တောင် မြို့နယ်ကို ဝေးလံခေါင်သီဒေသ အဖြစ် သတ်မှတ်ပေးနိုင်ပါရန် အခြေခံအချက်အလက်များဖြစ်သော လုံခြုံရေးအခြေအနေ တည်ငြိမ် အေးချမ်းမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဆက်သွယ်ရေးစနစ် ခက်ခဲခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမရခြင်း၊ ပညာရေးစနစ် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာမရရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ ရာသီဥတု ဆိုးရွားခြင်း၊ လူမှုပတ်ဝန်းကျင် အခက်အခဲများရှိခြင်း စသည့် လူမှုရေး အနိမ့်ကျဆုံး၊ အခက်ခဲဆုံး မြို့နယ် တစ်ခုဖြစ်သည့်အပြင် နယ်မြေဒေသတစ်ဆက်တည်း တည်ရှိနေပြီး မေယုတောင်တန်းတစ်ခုသာ ပိုင်းခြားထားသော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများမှာ လစာနှစ်ဆ ခံစားခွင့်ရရှိနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အား လူမှုရေး ခက်ခဲသော မြို့နယ်အဖြစ် သတ်မှတ်၍ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား လစာနှင့်ညီမျှသော ငွေကို ဒေသစရိတ်အဖြစ် ပြင်ဆင်ခံစားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၅၁၃/၂၀၁၃)နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိသော ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲ သည့်မြို့အပါအဝင် မြို့နယ်စုစုပေါင်း ၁၁၀ တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော နိုင်ငံဝန်ထမ်းများကို လစာနှင့်ညီမျှသောငွေကို ဒေသစရိတ်အဖြစ် ခံစားခွင့်ပြုခဲ့ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် လည်း ကျန်ရှိသော မြို့များကို ဝေးလံခေါင်သီဒေသအဖြစ် ဆက်လက်သတ်မှတ် နိုင်ရန် သင့်လျော် သော အချက် အလက်များကို ပြုစုပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးပို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၁၃)တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို ဝေးလံခေါင်သီရှားပါးဒေသအဖြစ် သတ်မှတ်ပေးရန် ဆုံးဖြတ်ချက်အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက် ရက်စွဲပါ စာအမှတ်၊ ပထရ/အဖခ-၂(၁၇၇၃)/ရေး ၁ဖြင့် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသအဖြစ် ထပ်မံသတ်မှတ်ပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနကို ထောက်ခံ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊  ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အပါအဝင် လူမှုရေးခက်ခဲသော မြို့များကို ဒေသစရိတ် ခံစားခွင့်ပြုနိုင်ရန် ယခင်ဒေသစရိတ် သုံးစွဲမှုအခြေအနေနှင့် လက်ရှိဒေသစရိတ်အတွက် ပိုမိုသုံးစွဲရမည့် အသုံးစရိတ်များကို တွက်ချက်ပြီး လက်ရှိဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေအပေါ်မူတည်ကာ စိစစ်သုံးသပ်မှုများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန် ဆောင်ရွက်လျက်ရှိသည် သိရှိရပါကြောင်း ပြန်လည်ဖြေကြားပါသည်။