(င)-မိမိနိုင်ငံနှင့် အာဆီယံ နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများ တန်ဖိုးနှိုင်းယှဉ်ဖော်ပြချက်အား သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုများမှ ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၄.၁၀.၂၀၁၄)

ဦးတင်မောင်ဦး (ရွှေပြည်သာ) ဒီမိုကရေစီနိုင်ငံထူထောင်သည့်အခါ အဓိကျသည့် ပြည်သူလူထု၏ Mind Set ပြောင်းလဲရန်နှင့် ပတ်သက်ပြီး့ တာဝန်ရှိ အစိုးရအဖွဲ့အနေဖြင့် ပြည်သူကိုသတင်းအမှန် ပေးမှသာလျှင် ပြည်သူများအသိမှန်၊ အတွေးမှန်၊ အလုပ်တွေမှန်မည်ဖြစ်ပါကြောင်း၊ ပြည်သူများကို သတင်းမပေးနိုင်သည့်အတွက် ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆများ ပြောင်းလဲပေးလို့မရနိုင်သည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိဌာနအနေဖြင့် ပြည်သူလူထုကို ရုပ်မြင်သံကြား၊ ဂျာနယ်၊ သတင်းစာများမှ ဦးဆောင်မှုပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေးကဏ္ဍမှာတင်ပြရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ မည့်သည့်ဂျာနယ်၊ မည်သည့်သတင်းဌာနမှ အသေးစိတ်ဖော်ပြထားခြင်းမရှိပါကြောင်း၊

ယနေ့ နိုင်ငံတကာမှာ စီးပွားရေးသည် နိုင်ငံရေးနှင့် ဆက်နွယ်နေပါကြောင်း၊ စီးပွားရေးတိုးတက်မှ နိုင်ငံတော်တိုးတက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏  ပြုပြင်ပြောင်းလဲမှုကြောင့် ရွှေဈေး၊ စက်သုံးဆီဈေး၊ ဆန်ဈေးများစသဖြင့် ကျဆင်းနေပြီဖြစ်ပါကြောင်း၊ သို့သော် ပြည်သူများကို သတင်းအမှန်မပေးနိုင်သည့် အတွက်ကြောင့် နိုင်ငံအတွင်း စီးပွားရေး ကြပ်တည်းနေပါသည်။ ထို့ကြောင့် နိုင်ငံတော်ဘက်မှ ပြည်သူလူထုကို အာဆီယံနိုင်ငံများနှင့် ချိန်ထိုးပြီးသော်လည်းကောင်း၊ ကမ္ဘာအတွင်းမှာရှိသည့် နိုင်ငံကြီးများနှင့်ချိန်ထိုးပြီးသော် လည်းကောင်း နိုင်ငံ၏ဈေးနှုန်းကို ပြည်သူများသိအောင် နေ့စဉ်ရှင်းပြနိုင်မည်ဆိုပါက နိုင်ငံရေးအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာကိစ္စရပ်များသည် နိုင်ငံရေးနှင့် ဆက်နွယ်လျက်ရှိရာ နိုင်ငံတော်အတွင်း ပြည်သူအများစု အသုံးပြုလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများနှင့် အာဆီယံနိုင်ငံအတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ၏ နှိုင်းယှဉ်ဖော်ပြချက်များကို ပြည်သူများသိရှိစေခြင်းအားဖြင့် မိမိနိုင်ငံအတွင်းတွင် နိုင်ငံတော်တည်ငြိမ်မှုအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးကျေးဇူးရရှိမည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မိမိနိုင်ငံနှင့်အာဆီယံနိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများ တန်ဖိုးနှိုင်းယှဉ်ဖော်ပြချက်တွေကို နေ့စဉ် သို့မဟုတ် အပတ်စဉ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုများတွင် ထုတ်လွှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကုန်ဈေးနှုန်းသတင်းများကို ပြည်သူများသိရှိနိုင်ရန်အတွက် ကုန်စည်ဒိုင်များ နေ့စဉ်ကုန်ဈေးနှုန်း သတင်းထုတ်ပြန်မှုကို မန္တလေး FM၊ ချယ်ရီ FM တို့မှ ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ ဒါ့အပြင် Sky Net ရုပ်သံလိုင်းမှလည်း ရွှေဈေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်း အပါအဝင် ဈေးနှုန်းများကို စာတန်းထိုးပြီးမှ ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တောင်သူလယ်သမား ရုပ်သံလိုင်းမှလည်း ပြည်တွင်း၊ ပြည်ပကုန်ဈေးနှုန်း သတင်းအချက် အလက်များကို အခါအားလျော်စွာ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှလည်း ဆန်၊ ဆီ၊ သား၊ ငါး အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်း သတင်းအချက်အလက်များကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများမှ နေ့စဉ်သတင်းရယူပြီး ရရှိသည့်သတင်းအချက်အလက် အပေါ် စိစစ်သုံးသပ်၍ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်နှင့် အခြေခံစားသောက်ကုန် အပါအဝင် ကုန်ဈေး နှုန်းများ တည်ငြိမ်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများကို အပတ်စဉ် ထုတ်ဝေသည့် Commerce Journal တွင်လည်း ဈေးကွက်သတင်းများအဖြစ် ဖော်ပြပေးလျက်ရှိပြီး ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.commerce.gov.mm တွင်လည်း ဖော်ပြပေးပြီး trade.gov.mm website တစ်ခုကို ထူထောင်ပြီး နေ့စဉ်ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ကုန်စည်ဈေးနှုန်းများ၊ ပြည်ပတွင်ဖြစ်ပေါ်နေသည့် ဈေးနှုန်းများကို အများပြည်သူသိရှိနိုင်ရန် စီမံဆောင်ရွက်ထားပါကြောင်း၊ တောင်သူလယ်သမားများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပြည်သူများအပါအဝင် ဈေးကွက်ဈေးနှုန်းနှင့် ဆက်စပ်သည့် သတင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အလွယ်တကူသိရှိနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပပေါက်ဈေးနှင့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးမည့်အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ကုန်ဈေးနှုန်းနှင့် ငွေကြေးဈေးနှုန်းသတင်းများကို စနေ၊ တနင်္ဂနွေနေ့များမှအပ ကျန် (၅)ရက်ကို နေ့စဉ် မွန်းလွဲ ၃ နာရီအချိန်တွင် ပုံမှန်ထုတ်လွှင့် ပေးလျက်ရှိပါကြောင်း၊ ပြောင်းလဲမှုရှိနိုင်သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများကို ဖော်ပြရာတွင် တိကျခိုင်မာသည့် သတင်းများရရှိရန် လိုအပ်သဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အချက်အလက်များကို နေ့စဉ် သို့မဟုတ် အပတ်စဉ်ရယူ၍ မြန်မာ့အသံတွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်း၊ စာတန်းပြေးဖော်ပြခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တောင်းခံစုစည်းပြီး မိမိတို့သတင်းစာများမှာ လိုအပ်သလို ထည့်သွင်းဖော်ပြသွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။