လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တွင် သက်ကြီးရွယ်အိုများအတွက် အထောက်အပံ့ဖြစ်စေရန် Day Care Centre များ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ၎င်း Centre များသည် အောင်မြင်မှုများစွာ ရရှိနေတာကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဤကဲ့သို့ Day Care Centre များကို ရန်ကုန်မြို့တွင်ရှိသော အခြားခရိုင် ၃ ခရိုင်တွင် ထပ်မံဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မဖွင့်လှစ်နိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာတို့၏ ထုံးတမ်းစဉ်လာနှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ သက်ကြီးရွယ်အို အိမ်တွင်ရှိခြင်းသည် မင်္ဂလာရှိခြင်း၊ အားကိုးအားထားမှုအပြည့်နှင့် လူမှုဘဝနယ်ပယ်တွင် ယုံကြည်မှု အပြည့်ရှိခြင်း၊ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ခြင်းဖြင့် ကုသိုလ်ယူနိုင်ခြင်းကြောင့် တန်ဘိုးထားမှုတွင် အခြားသော တိုင်းပြည်များထက် သာလွန်မှုရှိသည်ကို တွေ့ရပါကြောင်း၊ လက်ရှိအခြေအနေအရ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းကို မိသာစုစောင့်ရှောက်မှုပုံစံဖြင့် စောင့်ရှောက်ပေးလျက်ရှိပြီး ရပ်ရွာအခြေပြု သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုပေးရာတွင် ရိပ်သာအခြေပြု စောင့်ရှောက်ရေးလုပ်ငန်းအဖြစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသာ တည်ထောင်ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာများအား အသိအမှတ်ပြု၍ ပထမအဆင့်တွင် လူတစ်ဦးတစ်နှစ်လျှင် ဆန်ဖိုးငွေ ၃၀၀၀၀၊ ဒုတိယအဆင့်တွင် ဆန်ဖိုးငွေအပြင် စားစရိတ် ၃၀၀၀၀ နှင့် ဝတ်စရိတ် ၁၃၀၀၀ ကို လည်းကောင်း၊ တတိယအဆင့်တွင် ဆန်ဖိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ်အပြင် ဂေဟာမှူးလစာ ၃၆၀၀၀၀ ကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ရပ်ရွာအခြေပြု သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းအဖြစ် ၂၀၀၄ ခုနှစ်မှစ၍ နိုင်ငံတကာစောင့်ရှောက်မှု နည်းလမ်းဖြစ်သော စေတနာ့ဝန်ထမ်း အခြေခံ အိမ်တိုင်ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း Home Care for Older People နှင့် အသက်အရွယ်ကြီးမြင့်ပြီး လုပ်ကိုင်နိုင်စွမ်းရှိသော သက်ကြီးရွယ်အိုများအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ Older People Self-Help Groups ကို မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် နိုင်ငံတကာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ပုံစံတစ်ခုဖြစ်သော သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာ Day Care Centre for the Aged ကို ၂၀-၁၁-၂၀၁၃ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွင့်လှစ်ပြီး အသက် ၇၀ နှင့်အထက် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည် လူမှုရေးအရ စောင့်ရှောက်မှုပေးရန် လိုအပ်သော သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုပေးခြင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများတွင် နေ့ပိုင်းစောင့်ရှောက်ရေး အစီအစဉ်ကို သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်လုပ်ငန်းကို ဆောင်ရွက်လိုသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် စံနမူနာဖြစ်ရန် ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် လူမှုရေး စောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ သက်ကြီးဘဝဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ပေးခြင်း၊ အပန်းဖြေအနားယူနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ဘဝတသက်တာ ပညာလေ့လာစေခြင်း၊ သက်ကြီးဘဝ ကိုယ်စိတ်နှစ်ပါး ချမ်းသာသုခပြည့်စုံစွာဖြင့် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ အာဟာရကျွေးမွေးခြင်း အစီအစဉ်များဖြင့် စောင့်ရှောက်မှုပေးလျက်ရှိရာ လက်ရှိဘိုးဘွားဦးရေ ၁၂၅ ဦးကို စောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၆၄၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်တွင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး၊ ရန်ကုန်မြို့ရှိ အခြားခရိုင် ၃ ခုမှ ဘိုးဘွား ၈၅ ဦးကို ဂေဟာသို့ ကားဖြင့် ကြိုပို့ပေးခြင်း၊ ၎င်းတို့အစီအစဉ်ဖြင့် လာရောက်ခြင်းများ ရှိပါသဖြင့် ရန်ကုန်တစ်မြို့လုံး လွှမ်းခြုံမှုရှိသောကြောင့် ထပ်မံဖွင့်လှစ်ရန် လတ်တလောအစီအစဉ် မရှိပါသေးပါကြောင်းနှင့် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်သည့် ရည်ရွယ်ချက်ပါအတိုင်း စောင့်ရှောက်မှုပုံစံအား စံနမူနာပုံစံအနေဖြင့်သာ ဆောင်ရွက်ထားရှိဖွင့်လှစ်ခြင်းဖြစ်ပြီး ကျန်ရှိနေသော တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လိုပါက နည်းပညာနှင့် အထောက်အပံ့အကူအညီများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
