(ဇ)-ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်(၄)ခု နှင့် ကျေး လက်ဒေ သများဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးနိုင် ရန် ကျိုက်လတ်မြို့တွင် ဓာတ်အားခွဲ ရုံ တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၃.၉.၂၀၁၄)

ဦးစိုးနိုင် (ဖျာပုံ)ဖျာပုံမြို့နယ်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ ၄ မြို့နယ်ပေါင်း လူဦးရေ ၁၀ သိန်းကျော် နေထိုင်လျက်ရှိပါကြောင်း၊ ဖျာပုံခရိုင်သည် စိုက်ပျိုးရေး၊ ဆန်စပါးထုတ်လုပ်ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကိုလည်း ကြိုးပမ်းလျက်ရှိသည့် ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ ဖျာပုံခရိုင်ရှိ မြို့ ၄ မြို့ကို ရန်ကုန်မြို့ လှိုင်သာယာဓာတ်အားခွဲရုံက ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ပေးပါကြောင်း၊ လှိုင်သာယာ- ကွမ်းခြံကုန်း ၅၁ မိုင်၊ ကွမ်းခြံကုန်း-ဒေးဒရဲ ၁၁.၇၅ မိုင်၊ ဒေးဒရဲ-ဖျာပုံ ၁၇.၅ မိုင်၊ ဖျာပုံ-ဘိုကလေး ၁၉.၅ မိုင်၊ ဖျာပုံ-ကျိုက်လတ် ၁၅ မိုင် ရှည်လျားပြီး စုစုပေါင်း ဓာတ်အားလိုင်း ၁၁၄.၇၅ မိုင် ရှည်လျားပါကြောင်း၊ ထို့ကြောင့် ဓာတ်အားရယူသုံးစွဲရာတွင် ဓာတ်အားပျောက်ဆုံးမှု ပုံမှန်ရှိသင့်သည်ထက် ပိုများနေသည့်အပြင် ဗို့အားကျဆင်းမှုများလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ဖျာပုံမြို့ရှိ 33/11 KV ဓာတ်အားခွဲရုံ အများပြည်သူသုံးနေသည့် Peat Load  အများဆုံးအချိန်တွင် 33 KV သည်  40 KV အထိ ကျသွားပြီး ပျောက်ဆုံးမှု 19 KV အထိရှိပါကြောင်း၊ ထို့အတူ ဒေးဒရဲ၊ ဘိုကလေး၊ ကျိုက်လတ်မြို့များတွင်လည်း ကျဆင်းသည်ကို တွေ့ရှိရပါကြောင်း၊ ဖျာပုံခရိုင် မြို့နယ်များအတွင်း လမ်း၊ တံတားဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာခြင်း၊ ကျေးရွာများတွင်လည်း ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေးကော်မတီများ ဖွဲ့စည်းပြီး မီးလင်းရေးများ ဆောင်ရွက်လျက်ရှိခြင်း၊ မြို့နယ်အသီးသီးတွင်လည်း စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်လျက်ရှိခြင်းတို့ကြောင့် ဖျာပုံခရိုင်အတွင်း လျှပ်စစ်ဓာတ်အားဖြည့်တင်းရရှိရန် လိုအပ်နေပါကြောင်း၊ ဒေသအတွင်းနေထိုင်လျက်ရှိသော မြို့နေ၊ ကျေးရွာနေပြည်သူများတွင်လည်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေးကို မျှော်လင့်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဖျာပုံခရိုင်အတွင်းရှိ ကျိုက်လတ်မြို့တွင် ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ပြီး လျှပ်စစ်တိုးမြှင့်ပေးနိုင်မည့် အစီအစဉ်အား သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးလှိုင်သာယာဓာတ်အားခွဲရုံမှ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ညောင်တုန်း၊ မအူပင်၊ ကျိုက်လက်၊ ဖျာပုံ၊ ဘိုကလေးမြို့များသို့ လည်းကောင်း၊ လှိုင်သာယာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံသို့လည်းကောင်း ဓာတ်အား ပို့လွှတ်လျက်ရှိရာ ဓာတ်အားလိုင်းရှည်လျားခြင်း၊ ဝန်အားပမာဏများပြားခြင်း၊ ဗို့အားကျဆင်းမှု ရာခိုင်နှုန်းမြင့်မားခြင်း၊ ဓာတ်အားပျောက်ဆုံးမှုများပြားခြင်း စသည့်ဆိုးကျိုးများကို ဒေသခံပြည်သူများ ခံစားနေကြရသည့်အတွက် လှိုင်သာယာမှ ကျိုက်လတ်ထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၆၅ မိုင်အသစ်ကို ဓာတ်အားခွဲရုံအပါအဝင် ဆောင်ရွက်ရန် ထိုင်းနိုင်ငံ PWH ကုမ္ပဏီမှ Deferred Payment ဖြင့် ပစ္စည်းများဝယ်ယူရန် စာချုပ်ချုပ်ဆိုထားပြီး အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ၎င်းဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း တည်ဆောက်ပြီးစီးပါက ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြင်းကကုန်းမြို့များသို့ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် သဘာဝဓာတ်ငွေ့ရရှိချိန်တွင် ကျိုက်လတ်မြို့တွင် ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို တည်ဆောက်၍ ဓာတ်အားပေးစနစ်နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်‌ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။