(စ)-မင်းတုန်းမြို့ရေပေးဝေမှုအားတိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၃.၉.၂၀၁၄)

ဦးစိုးနိုင် (မင်းတုန်း)မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်၊ အိမ်ခြေ ၁၂၃၂ ၊ လူဦးရေ ၄၅၆၈ ဦးရှိပါကြောင်း၊ မြို့ပေါ်လူဦးရေ၏ တစ်နေ့ရေလိုအပ်ချက်မှာ ဂါလံ ၁၅၀၀၀၀ ခန့်ဖြစ်ပါကြောင်း၊ မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ရေပေးရေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်တွင် ရေတိုင် ၃၈၀ အား ပေးဝေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့ပေါ်နေပြည်သူများ၏ ရေသုံးစွဲရန် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ လက်ရှိရေပေးဝေရေး စနစ်မှာ မင်းတုန်းချောင်းမှ ရေကိုတိုက်ရိုက်စုတ်ယူ၍ ဂါလံ ၁၀၀၀၀ ဆံ ရေကန်မှတစ်ဆင့် အမှတ် ၄ ရပ်ကွက်ရှိ ဂါလံ ၁၀၀၀၀ ဆံ ရေကန်သို့ ရေဖြည့်၍ ၎င်းရပ်ကွက်ရှိ ရေတိုင် ၁၁၂ တိုင် ဖြန့်ဝေပေးပြီး ဂါလံ ၁၀၀၀၀ ဆံ မူလရေကန်မှ အမှတ် ၂ နှင့် အမှတ် ၃ ရပ်ကွက်ရှိ ရေတိုင် ၂၆၈ တိုင်သို့ရေများ တိုက်ရိုက်မောင်းတင် ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ရှိရေပေးဝေနိုင်မှု အခြေအနေမှာ တစ်နေ့ ရေဂါလံ ၅၀၀၀၀ ခန့်သာ ပေးဝေနိုင်ပါသဖြင့် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်ရှိ ပြည်သူများသို့ အပြည့်အဝ ရေပေးဝေနိုင်ရေးအတွက် ဂါလံ ၅၀၀၀၀ ဆံ့ ရေဂါလံတစ်ခု ထပ်မံတည်ဆောက်ရန် လိုအပ်နေပါကြောင်း၊ ယခုအခါ ပြည်ထောင်စုအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ မင်းတုန်းမြို့သို့ ၂၄ နာရီ မီးလင်းနိုင်ရေးအတွက် ဥသျှစ်ပင်မင်းတုန်း ၆၆ ကေဗီကေ ဓာတ်အားလိုင်းသစ်များသွယ်တန်းခြင်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းတို့ကို စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း မီးလင်းနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးရရှိသည့်အချိန်တွင် ဂါလံ ၅၀၀၀၀ ဆံ့ ရေကန်သို့ မော်တာများ တပ်ဆင်ပြီး ရေပေးဝေမည်ဆိုပါက မင်းတုန်းမြို့ပေါ်ရှိ ရပ်ကွက် ၄ ရပ်ကွက်လုံးသို့ ပြည့်ပြည့်ဝဝ ရေများဖြန့်ဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မင်းတုန်းမြို့၊ မြို့ရေပေးရေး တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သော ရေဂါလံ ၅၀၀၀၀ ဆံံ့ ရေလှောင်ကန်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းသည် နိုင်ငံတော်မှ ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းကို  ဒသမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်းအဖြစ် မေးမြန်းခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြေကြားရာတွင် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၄-၁၅ ဘဏ္ဍာဝင်ငွေ လျာထားချက်တွင် ကျပ် သိန်း ၆၈၀ ဖြစ်ပါကြောင်း၊ လမ်း၊ တံတား၊ ရေပေးရေးနှင့် အခြားလုပ်ငန်းများအတွက် အသုံးစရိတ်သည် ကျပ် ၃၄၀.၁၅ သိန်းသာဖြစ်သောကြောင့် အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်းနှင့် နိုင်ငံတော်မှ သီခြားရန်ပုံငွေ ချမှတ်ပေးမှသာ ဆောင်ရွက်နိုင်မည်ဟု ဖြေကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မင်းတုန်းမြို့၊ မြို့ရေပေးရေး တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သော ဂါလံ ၅၀၀၀၀ ဆံ့ရေလှောင်ကန်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်းအား နိုင်ငံတော်မှ သီးခြားရန်ပုံငွေချမှတ်ပေးပြီး ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

ဒုတိယဝန်ကြီး ဦးတင်ငွေ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန  လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံများဖြစ်သော လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ တန်ဖိုးနည်းအိမ်ရာနှင့် ယင်လုံအိမ်သာများကဲ့သို့သော တည်‌ဆောက်ရေး လုပ်ငန်းများအပြင် ကျေးလက်နေပြည်သူများ၏  လူမှုစီးပွားဘဝ မြင့်မားရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အထောက်အကူပြုသင်တန်းများကိုလည်း နိုင်ငံတော်၏ခွင့်ပြုငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်းတုန်းမြို့တွင် ရေပေးဝေရေးလုပ်ငန်းကို မင်းတုန်းမြို့ စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ရေပေးဝေရေးစနစ်မှာ မင်းတုန်းချောင်းမှရေကို စက်ဖြင့်စုပ်ယူပြီး အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်ကို ဂါလန် ၁၀၀၀၀ ဆံ့ရေကန် နှစ်ကန်မှတစ်ဆင့် မြို့ပေါ်ရပ်ကွက် (၂၊ ၃၊ ၄) ရပ်ကွက် ၃ ရပ်ကွက်ကို အိမ်သွယ်ရေတိုင် ၃၈၀၊ နေ့စဉ် ရေဂါလန် ၅၀၀၀၀ ပေးပို့လျက်ရှိပါကြောင်း၊ အဆိုပါရပ်ကွက် (၃) ရပ်ကွက်နှင့် အမှတ် (၁) ရပ်ကွက်တွင် တိုးချဲ့ရေပေးဝေနိုင်ရန်အတွက် ဂါလန် ၅၀၀၀၀ ဆံ့ ဖိုက်ဘာရေလှောင်ကန်နှင့် ရေတင်ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် ခန့်မှန်းကုန်ကျငွေ ကျပ် ၄၄.၁၃ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ မင်းတုန်းမြို့တိုးချဲ့ မြို့ရေပေးရေးလုပ်ငန်းသည် မြို့ပြလုပ်ငန်းဖြစ်သည့်အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် အဆိုပါလုပ်ငန်းအတွက် မကွေးတိုင်းဒေသကြီးစည်ပင်သာရာအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနှင့် မြို့နယ်အထောက်အကူပြုကော်မတီများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးပြီး ရန်ပုံငွေ တောင်းခံရရှိမှုအပေါ် မူတည်၍ ဆက်လက်တင်ပြပြီး ရရှိပါက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။