(င)-နိုင်ငံပိုင်The New light of Myanmar သတင်းစဉ် တွင် ပြည်သူ့လွှတ်တော်အား Lower House၊ အမျိုးသားလွှတ်တော်ကို Upper House ဟု ရေး သားနေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၃.၉.၂၀၁၄)

ဦးကြည်သာ (ဂွ)လွန်ခဲ့သော နှစ်လခန့်က နိုင်ငံပိုင် The New Light of Myanmar သတင်းစာတွင် ပြည်သူ့လွှတ်တော်ကို Lower House၊ အမျိုးသားလွှတ်တော်ကို Upper House ဟူ၍ ရေးသားထားသည်ကိုလည်းကောင်း သို့သော် ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော် ဟူ၍ လည်းကောင်း ရေးသားထား ပြန်သည်ကို တွေ့ရှိရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တရားဝင် အင်္ဂလိပ်လို ဘာသာပြန်ဆိုမှုသည် ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကို အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်ကိုလည်း ပြည်ထောင်စုလွှတ်တော်ဟူ၍ အင်္ဂလိပ်စာဖြင့် ပြဋ္ဌာန်းထားပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၏ အင်္ဂလိပ် Version တွင် ပြည်သူ့လွှတ်တော်ကို Chamber Of Deputies၊ လူမျိုးစုလွှတ်တော်ကို Chamber Of Nationalities ဟု ရေးသားထားသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့အတူ အိန္ဒိယနိုင်ငံတွင်လည်း မိမိတို့နိုင်ငံ၏ ဘာသာစကားမျိုးကို လေးစားသောအားဖြင့် Lok Saba, Reijh Saba ဟုလည်းကောင်း ရေးသားထားသည်ကိုတွေ့ရှိရခြင်းကြောင့် နိုင်ငံတော်ပိုင်သတင်းစာသည် ပြည်သူ့ လွှတ်တော်ကို Lower House၊ အမျိုးသားလွှတ်တော်ကို Upper House လို့ရေးရခြင်းသည့် မည်သည့်ရေးထုံးများကို မှီပြီး ရေးသားခြင်းဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက ပုံနှိပ်ဖြန့်ချိသော The New Light of Myanmar သတင်းစာတွင် လွှတ်တော်များ လုပ်ငန်းစတင်ကတည်းက ပြည်ထောင်စုလွှတ်တော်ကို အင်္ဂလိပ် ဘာသာဖြင့် မြန်မာအသံထွက် Pyidaungsu Hluttaw ဟုလည်းကောင်း၊ အမျိုးသားလွှတ်တော်ကို အင်္ဂလိပ်ဘာသာဖြင့် မြန်မာအသံထွက် Amyotha Hluttaw ဟုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ကို အင်္ဂလိပ်ဘာသာဖြင့် မြန်မာအသံထွက် Pyithu Hluttaw ဟုလည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိသည့်အတိုင်း သုံးနှုန်းဖော်ပြခဲ့ပါသော်လည်း The New Light of Myanmar သတင်းစာတွင်  အထက် တင်ပြပါ အသုံးနှုန်းများအတိုင်း ရေးသားဖော်ပြခြင်းဖြင့် နိုင်ငံခြားသားအများစု ဖတ်ရှုရာတွင် နားမလည်နိုင်ကြောင်း အကြံပြုချက်များရရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့ကစတင်ကာ ပြည်ထောင်စု လွှတ်တော်ကို အင်္ဂလိပ်ဘာသာဖြင့် Pyidaungsu Hluttaw ဟု လည်းကောင်း၊ အမျိုးသားလွှတ်တော်ကို အင်္ဂလိပ်ဘာသာဖြင့် Upper House ဟု လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကို အင်္ဂလိပ်ဘာသာဖြင့် Lower House ဟု လည်းကောင်း ပြင်ဆင်သုံးနှုန်းခဲ့ပါကြောင်း၊ နိုင်ငံတကာ လွှတ်တော်များဖြစ်သော အမေရိကန်လွှတ်တော်၊ ဂျပန်လွှတ်တော်၊ အိန္ဒိယလွှတ်တော် တို့တွင်လည်း အထက်လွှတ်တော်ကို The Upper House ဟုလည်းကောင်း၊ အောက်လွှတ်တော်ကို The Lower House ဟုလည်းကောင်း ရေးသား သုံးနှုန်းထားသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊  ပြည်သူ့လွှတ်တော် အင်္ဂလိပ်ဘာသာဖြင့် မြန်မာအသံထွက် Pyithu Hluttaw ဆိုသည့် အသုံးအနှုန်းသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းက The Working People's Daily သတင်းစာတွင် သုံးနှုန်းခဲ့ခြင်းဖြစ်သော်လည်း ပြောင်းလဲလာသော အခြေအနေများ၊ စာဖတ်သူများ၏ အကြံပြုချက်များအရလည်းကောင်း၊ နိုင်ငံတကာအသုံးအနှုန်းများနှင့် ကိုက်ညီစေရန်အတွက် လည်းကောင်း၊ မိမိနိုင်ငံအတွင်းရှိ စာဖတ်ပရိသတ်များ အလွယ်အကူနားလည်စေရန်အတွက်လည်းကောင်း လွှတ်တော်ဆိုင်ရာ ဝေါဟာရများအား အနီးစပ်ဆုံးသော အင်္ဂလိပ်ဆိုင်ရာ ဝေါဟာရများကိုယူ၍ သတင်းစာတိုက်၏ ကိုယ်ပိုင်ဟန် House Style အဖြစ်ပြောင်းလဲ သုံးစွဲခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် The New Light of Myanmar သတင်းစာတွင် ပြည်တွင်း၊ ပြည်ပစာဖတ်ပရိတ်သတ်များ အလွယ်တကူ နားလည်စေမည့် အမျိုးသားလွှတ်တော် (The Upper House )ဟု လည်းကောင်း၊ ပြည်သူ့လွှတ်တော် (The Lower House )ဟု လည်းကောင်း နှစ်မျိုးလုံးဖော်ပြလျက် ပြောင်းလဲအသုံးပြုလျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။