နိုင်ငံတော်မှ လိုက်နာကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့်တာဝန်၊ မဏ္ဍိုင်ကြီးသုံးရပ်၏ ဆောင်ရွက်ချက်များအပါအဝင် တိုင်းရင်းသားပြည်သူများ မှန်မှန်ကန်ကန်သိသင့်သည်များ အပေါ် မီဒီယာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံသား ပြည်သူလူထုများအကြား ခိုင်မာသောစုစည်းမှုကိုရရှိ၍ အေးချမ်းတည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်သော လူမှုဘဝဖြစ် ထွန်းစေရန်ရည်ရွယ်၍ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲဖော်ဆောင်နေချိန်တွင် သတင်း၊ စာနယ်ဇင်းမီဒီယာများ၏ လုပ်ဆောင်ခွင့်များပေါ် ဖြေ လျော့ပေးခဲ့ပါကြောင်း၊ သို့သော်လည်း အချို့သောမီဒီယာများ လက်ဦးမှု၊ လွတ်လပ်ခွင့်များကို အလွဲအသုံးချ၍ လှုံ့ဆော်မှုပုံသဏ္ဍာန် လိုရာစွဲ၍ အသုံးချမှုတွေကြောင့် ပြည်သူလူထု၏ လူမှုစီးပွားရေး၊ နိုင်ငံတော်အနာဂတ်၊ ခရီးဖော်ဆောင်မှုများတွင် ထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်လာသည်ကို တွေ့နေရပါကြောင်း၊ သတင်း၊ စာနယ်ဇင်း မီဒီယာများသည် ပြည်သူများ အားကိုးယုံကြည်မှု တည်ဆောက်ရာတွင် မိမိတို့ နေထိုင်ဆောင်ရွက်နေသော နိုင်ငံတော်၏ နိုင်ငံသားတာဝန်၊ မူလအခွင့်အရေးများကို မဖောက်ဖျက်မကျူး လွန်မိစေရန်လည်း လိုအပ်ပါကြောင်း၊ မှန်ကန်သည့် အချက်အလက်တွင် ပူးပေါင်းကူညီမှုများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ တာဝန်ဝတ္တရားများအပေါ်တွင် လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများကြောင့် ပုဂ္ဂလိက တစ်ဦးချင်းအစပြုပြီး လူမျိုးရေး၊ ဘာသာရေးအထိဂရုန်းများဖြစ်ပွားလျှက်ရှိရာ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ထိပါးနိုင်ခြင်းများလည်း မြင်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ယခုထက်ပိုမို၍ သိရှိနိုင်ရေး၊ မီဒီယာကဏ္ဍမှ မည်ကဲ့သို့ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများ လေ့လာသိရှိနိုင်ရန်အတွက် အမျိုးသားညီလာခံတွင် ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အခြေခံမူများ အသေးစိတ်ဆွေးနွေးမှုများကို နေ့စဉ်သတင်းအစီအစဉ်တွင် ထုတ်လွှင့်ဖော်ပြပေးခဲ့ပါကြောင်း၊ အမျိုးသား ညီလာခံမှ ရေးသားပြီးစီးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများကို ၂၀၀၈ ခုနှစ်မှ စတင်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် မေလအထိ တေးသီချင်း ၄၂ ပုဒ်၊ ဇာတ်လမ်းတို ၆ကား၊ ဆွေးနွေးခန်း ၈ခုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပါ ပုဒ်မများကို အခြေခံသည့် ပညာအဆင့်နှင့် လင်းလက်ဝေပညာပေး ဇာတ်လမ်းကို ၂၀၁၂ ခုနှစ်တွင် ရိုက်ကူးထုတ်လွှင့်ခဲ့ပါကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားရာတွင် သိရှိသင့်သည့် အချက်များကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေံဥပဒေနှင့် ပတ်သက်၍ ပြည်သူများသိရှိနားလည်နိုင်စေရန် အတွက် ၁၄-၁၀-၂၀၁၃ ရက်နေ့၊ ၂၁-၁၀-၂၀၁၄ ရက်နေ့နှင့် ၂၂-၁၀-၂၀၁၄ ရက်နေ့တို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် ဥပဒေစကားဝိုင်း ဆွေးနွေးပွဲ အပိုင်း(၁) နှင့် အပိုင်း(၂)ကို ထုတ်လွှင့်ဖော်ပြပေးခဲ့ပါကြောင်း၊ ထို့အပြင် ပြည်သူလူထုအတွက် ဗဟုသုတလည်းရရှိ၊ စိတ်ဝင်စားဖွယ်လည်းဖြစ်မည့် ပြည်သူ့နီတိ ရုပ်သံအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်း မြို့နယ်တိုင်းတွင် ပြည်သူ့စာကြည့်တိုက်များ ရှိပါကြောင်း၊ အဆိုပါ ပြည်သူ့စာကြည့်တိုက်များတွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်းမှ ပုံနှိပ်ဖြန့်ချိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ စာအုပ်ထားရှိပြီး ပြည်သူများ လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေးလုပ်ငန်းအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား မှတ်တမ်းမှတ်ရာအဖြစ် ကိုးကားနိုင်ရန် မဂ္ဂဇင်းအရွယ်စာအုပ်ကို မြန်မာ၊ အင်္ဂလိပ်ပူးတွဲ၍ လည်းကောင်း၊ သယ်ယူမှုလွယ်ကူစေရန် အိတ်ဆောင်အရွယ်စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ ခွဲ၍လည်းကောင်း ပုံနှိပ်ထုတ်ဝေဖြန့်ချိပေး လျက်ရှိပါသည်။ အဆိုပါ ဥပဒေစာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာန၏ Website တွင်လည်း အများပြည်သူလေ့လာဖတ်ရှုနိုင်ရန် ဖော်ပြထားရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးချိန်မှစ၍ စာနယ်ဇင်းဆိုင်ရာ ဖြေလျှော့ပေးမှုများ၊ သတင်း မီဒီယာလွတ်လပ်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအနေနှင့်လည်း ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များကိုလည်း ဖော်ပြပေးလျက်ရှိပါကြောင်း၊
၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတစ်ဦး၏ တာဝန်၊ အခွင့်အရေး နှင့် နိုင်ငံသားတိုင်း လိုက်နာစောင့်ထိန်းရမည့် အချက်များစသည်တို့နှင့် ပတ်သက်ပြီး ပြည်သူလူထု သိရှိသင့်သည်များကို ၂၀၁၀ ပြည့်နှစ်မှ စတင်၍ နေ့စဉ်ထုတ်သတင်းစာများဖြစ်သည့် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာတို့တွင် ဖော်ပြပေးလျက်လည်းရှိပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဆောင်းပါးများကို အလျဉ်းသင့်သလိုဖော်ပြ ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
