မြန်မာနိုင်ငံတွင် ဥတုသုံးပါးရှိတဲ့အနက် အပူပြင်းဆုံးနွေရာသီတွင် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကို မကြာခဏစိုးရိမ်ထိတ်လန့်နေရပါသဖြင့် မီးသတ်ဌာနအနေနှင့် နွေရာသီရောက်လျှင် မီးဘေးအန္တရာယ်ကိုကာကွယ်ရန် မည်ကဲ့သို့အစီအမံများ ဆောင်ရွက်ထားရှိသည်ကို သိလိုပါကြောင်း၊ မွန်ပြည်နယ် ရော်ဘာစိုက်ခင်းအများဆုံး စိုက်ပျိုးထားသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ ရော်ဘာပင် လောင်စာကျွမ်းမှုကို အားပေးသောလောင်စာ ပင်တစ်မျိုးလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရေးမြို့နယ်သည် နှစ်စဉ်နှစ်တိုင်း ရော်ဘာခြံများစတင်ပြီး မီးလောင်ကျွမ်းမှုအများဆုံး နှင့် မီးပေါ့ဆခြင်းကြောင့်ဖြစ်စေ၊ မတော်တဆမီးကြောင့်ဖြစ်စေ လောင်ကျွမ်းမှုဖြစ်လျှင် မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ကား အလုံအလောက်မရှိသည်ကိုလည်း မိမိအနေဖြင့် လေ့လာသိရှိခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် စုစုပေါင်း မီးသတ်ယာဉ်မည်မျှရှိပါသနည်း၊ ၎င်း မီးသတ်ယာဉ်များထားရှိမှုကို တိုင်းနှင့်ပြည်နယ်များတွင် မည်ကဲ့သို့ စီစဉ်ထားပါသနည်း၊ ရေးမြို့နယ်ရှိ မြို့နယ်ခွဲနှစ်ခုနှင့် ဖွဲ့စည်းထားသော မြို့နယ်သုံးမြို့နယ်အတွင်း မီးသတ်ယာဉ်မည်မျှရှိကြောင်းနှင့် လူဦးရေထူထပ်၍ မီးသတ်ယာဉ်မရှိသော ကျေးရွာများကို မီးသတ်ယာဉ် ထားရှိရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတွင် မီးငြိမ်းသတ်ယာဉ် (၇၆၀)စီး၊ မီးသတ်ရေသယ်ယာဉ် (၅၈၂)စီး၊ မီးသတ်စက်ယာဉ် (၃၆၇)စီး၊ အထောက်အကူပြုယာဉ် (၇၄)စီး စုစုပေါင်းမီးသတ်ယာဉ် (၁၇၃၈)စီး ရှိပါကြောင်း၊ ၁-၉-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ စာအမှတ်၊ ၅/၂၅၇ အဖရ (၃၄/၂၀၁၃) မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်စခန်း(၃၃၀)ခု၊ နယ်မြေမီးသတ်စခန်း (၄၂၈)ခုတို့ကို တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုးချဲ့ဖွဲ့စည်းရန် ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မြို့နယ်မီးသတ်စခန်း တစ်ခုတွင် ဦးစီးအရာရှိ (၉)ဦး ပါဝင်သည့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ရုံး (၁)ရုံး၊ ဒုတိယမီးသတ်ဦးစီးမှူး အင်အား(၂၈)ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၄ စီးပါဝင်သော မြို့နယ်မီးသတ်စခန်းတစ်ခုဖြင့်လည်းကောင်း၊ နယ်မြေမီးသတ် စခန်းတစ်ခုတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးစီးအင်အား (၉)ဦး၊ မီးငြှမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၂ စီးဖြင့်လည်းကောင်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနကွပ်ကဲမှု အောက်မှာရှိသည့် မီးသတ်စခန်းများ၏ အသုံးစရိတ်များကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာငွေမှ ကျခံသုံးစွဲရန် ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်သည့် အတွက်ကြောင့် ဖွဲ့စည်းပုံနဲ့အညီ လိုအပ်ချက်များကို ထပ်မံဖြည့်တင်းနိုင်ဖို့အတွက် မီးသတ်ဦးစီး ဌာနမှူးများမှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ထံသို့ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေတင်ပြတောင်းခံ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မွန်ပြည်နယ်အတွင်း မီးသတ်စခန်းနဲ့ မီးသတ်ယာဉ်များ တာဝန်ချထားမှုအခြေအနေမှာ မော်လမြိုင်မြို့နယ်တွင် ပြည်နယ်ရုံး ၁ရုံး၊ မီးသတ်စခန်း ၅ခု၊ မီးသတ်ယာဉ် ၁၅ စီး၊ မုဒုံမြို့နယ် မီးသတ်စခန်း ၆ခု၊ မီးသတ်ယာဉ် ၁၂ စီး၊ သံဖြူဇရပ်မြို့နယ် မီးသတ်စခန်း ၅ခု၊ မီးသတ်ယာဉ် ၁၁ စီး၊ ရေးမြို့နယ် မီးသတ်စခန်း ၁၁ ခု၊ မီးသတ်ယာဉ် ၁၄ စီး၊ ကျိုက်မရောမြို့နယ် မီးသတ်စခန်း ၆ခု၊ မီးသတ်ယာဉ် ၉စီး၊ ချောင်းဆုံမြို့နယ် မီးသတ်စခန်း ၁ခု၊ မီးသတ်ယာဉ် ၃စီး၊ သထုံမြို့နယ် မီးသတ်စခန်း ၃ခု၊ မီးသတ်ယာဉ် ၆စီး၊ ဘီးလင်းမြို့နယ် မီးသတ်စခန်း ၂ခု၊ မီးသတ်ယာဉ် ၄စီး၊ ပေါင်မြို့နယ် မီးသတ်စခန်း ၃ခု၊ မီးသတ်ယာဉ် ၅စီး၊ မုတ္တမမြို့နယ် မီးသတ်စခန်း ၁ခု၊ မီးသတ်ယာဉ် ၂စီး၊ ကျိုက်ထိုမြို့နယ် မီးသတ်စခန်း ၄ခု၊ မီးသတ်ယာဉ် ၈စီး တို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့သုံးမြို့၊ ရပ်ကွက် ၁၄ ရက်ကွက်၊ ကျေးရွာအုပ်စု ၃၀ စု၊ ကျေးရွာပေါင်း ၁၃၉ ရွာ၊ အိမ်ခြေ ၃၇၉၇၆ လုံး၊ အိမ်ထောင်စု ၄၂၁၅၅ စု၊ လူဦးရေ ၂၃၅၂၄၄ ဦးနှင့် ဌာနဆိုင်ရာအဆောက်အဦ ၇၃ လုံးရှိပါကြောင်း၊ (၁၀)နှစ်အတွင်း မီးလောင်မှု ၄၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ၂၁၄၈၃၅၈၀၀ ကျပ် ဖြစ်ပါသည်။ လက်ရှိ ရေးမြို့နယ်တွင် ဒုတိယ မီးသတ်ဦးစီးမှူး ဦးစီးအင်အား ၁၁ ဦး၊ မီးသတ်ယာဉ် ၂ စီး၊ အရန်မီးသတ်စခန်း ၁၀ ခုမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၀၇၃ ဦး၊ မီးသတ်ယာဉ် ၁၂ စီးတို့နဲ့ ရေးမြို့နယ်၏ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ခွင့်ပြုမိန့်ရရှိထားသည့် ဖွဲ့စည်းပုံအသစ်အရ ရေးမြို့နယ်တွင် မြို့နယ်မီးသတ်စခန်း ၁ခု၊ လမိုင်နှင့် ခေါဇာမြို့နယ်များမှာ နယ်မြေမီးသတ်စခန်း ၁ခုစီ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ အဆောက်အဦနဲ့ ဝန်ထမ်း နေအိမ်များ ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာရရှိရေး မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံး၏ ၁၅-၇၂၀၁၄ ခုနှစ် ရက်စွဲပါစာအမှတ်၊ ၁၀၇၇/၁၅၊၁၊ ထောက်-၃(ခ)ဖြင့် မွန်ပြည်နယ်အစိုးရ အဖွဲ့ကို တင်ပြဆောင်ရွက်ထားရှိပြီး မြေနေရာရရှိပါက ဖွဲ့စည်းပုံနှင့်အညီ အဆောက်အဦနှင့် မီးသတ်ယာဉ်များ ဖြည့်တင်းနိုင်ရန်အတွက် နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့သို့ ဘဏ္ဍာငွေတင်ပြတောင်းခံဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန အနေနှင့် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များ ဖြည့်တင်းရေး ဦးစားပေးအဆင့် သတ်မှတ်သည့် နေရာတွင် တိုင်းဒေသကြီး/ပြည်နယ်၊ မြို့တော်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စု အစရှိုသည့် အစီအစဉ်အပြင် အိမ်ခြေနှင့် လူဦးရေထူထပ်မှု၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ရှိမှု၊ (၁၀)နှစ်အတွင်း မီးလောင်မှုအကြိမ်အရေအတွက်၏ ဆုံးရှုံးမှုတန်ဖိုး၊ မီးသတ်ယာဉ်ဝင်နိုင်၊ ထွက်နိုင်သောလမ်းများစသည့် အချက်များပေါ် မူတည်ပြီး ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာအဆင့်များကို မီးသတ်ယာဉ် ဖြည့်ဆည်းပေးရန် အစီအစဉ်မရှိသေးသော်လည်း အရန်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းထားရှိကာ ကိုယ့်အား ကိုယ်ကိုး မီးသတ်စက်များနှင့် စီမံဆောင်ရွက်နိုင်ရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
