အဂတိလိုက်စားမှုများသည် အာဏာရှင်နိုင်ငံ စနစ်တစ်ခုမှ စနစ်တစ်ခုသို့ ကူးပြောင်းနေဆဲနိုင်ငံ ဒီမိုကရေစီ တစ်ပိုင်းတစ်စနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသည်ဆိုသည်ကို ပညာရှင်များက သတ်မှတ်ကြပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း Transparency International အဖွဲ့ကြီးက အဂတိလိုက်စားမှုအကဲဖြတ်ညွှန်းကိန်းအရ နိုင်ငံအနှံ့အပြား အဂတိလိုက်စားမှုများကြောင့် နိုင်ငံတကာအလယ်တွင် တိုင်းပြည်၏ ပုံရိပ်ကို ထိခိုက်စေပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုးကျိုးများလည်း သက်ရောက်စေပါကြောင်း၊ အလေးအနက်ထား ဆောင်ရွက်ရမည့် အမျိုးသားရေးကိစ္စတစ်ရပ်ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း ဦးစီးပြီး တာဝန်ပေးအပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို တိတိကျကျလိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေအာနိသင်ရှိမည်မဟုတ်သကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှုမရှိလျှင် ဥပဒေ၏ ရည်ရွယ်ချက်ပေါက်မြောက်အောင်မြင်မည် မဟုတ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများအတွက် အဟန့်အတား ဖြစ်စေပြီး တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့စေပါကြောင်း၊ နိုင်ငံရေးမတည်မငြိမ် ဖြစ်ပွားမှုကို ဦးတည်စေပါကြောင်း၊ အဂတိလိုက်စားသော ကိစ္စများသည် အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူများထံ ဖြစ်ပေါ်တတ်ကြသဖြင့် စနစ်တကျစိစစ်ပြီး အရေးယူသင့်ပါကြောင်း၊ မသိကျိုးကျွန်ပြုနေခြင်း၊ သက်သာခွင့်တို့၊ ချွင်းချက်တို့ ပေးထားခြင်းတို့ရှိနေပါက သက်ဆိုင်ရာတာဝန်ရှိသူများ အပြစ်မကင်းနိုင်ပါကြောင်း၊ လက်ဆောင်ပစ္စည်းများ လက်ခံရယူရာတွင် ကျပ်သုံးသိန်းကျော်လွန်သည့် ပစ္စည်းလက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည်ဆိုသည့် စကားသည် ပြည်သူတွေကြားတွင် ရေပန်းစားနေပါသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီ/မညီ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းထားမှုနှင့် ဆီလျော်မှုရှိ/မရှိနှင့် ဤဥပဒေအား မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၆၇ ဖြင့် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရန် အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်များအရ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း ၇-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄ တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်မှာ -
(က) လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ဆောင်ရွက်ရန်၊
(ခ) သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းရန်၊
(ဂ) အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက် လာစေရန်၊
(ဃ) လာဘ်ပေးလာဘ်ယူများကြောင့် နိုင်ငံတော်ျပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊
(င) လာဘ်ပေးလာဘ်ယူမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်၊
(စ) တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် တို့ဖြစ်ပါကြောင်း။
ပြဋ္ဌာန်းထားရှိသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် ရက်စွဲပါအမိန့်အမှတ် (၆/၂၀၁၄)နှင့် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ သို့ရာတွင် ဥပဒေပါအမည်၊ အခေါ်အဝေါ်များပြောင်းလဲရန်နှင့် ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များ၏ အဆင့်အတန်း သတ်မှတ်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၂)ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြင်ဆင်ချက်ဥပဒေတွင် လာဘ်ပေးလာဘ်ယူမှုစကားရပ်ကို အဂတိလိုက်စားမှု ဟူ၍လည်းကောင်း လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးစကားရပ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဟူ၍လည်းကောင်း အသီးသီးအစားထိုး ပြဋ္ဌာန်းထားရှိပါကြောင်း၊ ထိုကဲ့သို့ ပြင်ဆင်ချက်များအရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၁၉/၂၀၁၄)ဖြင့် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်များကို ပုဒ်မ ၁၇ ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ(ဈ)အထိ ပြဋ္ဌာန်းသတ်မှတ်ထားပါကြောင်း၊ ကော်မရှင်သည် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရဖြစ်စေ၊ ရရှိသည့် အခြားခိုင်လုံသော သတင်းအချက်အလက်အရဖြစ်စေ တရားစွဲဆိုခြင်းနှင့်ပတ်သက် ယင်းဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့တွင် ပြဋ္ဌာန်းထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မရှင်အနေဖြင့် ပြဋ္ဌာန်းထားရှိသော တည်ဆဲဥပဒေနှင့်အညီ အဂတိလိုက်စားမှုများနှင့်တိုက်ဆိုင်သည့် တိုင်စာများကို လက်ခံစိစစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းဥပဒေကြမ်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းမြင့် (ပုသိမ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိသိရှိလိုသည်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ (က)တွင် လာဘ်ပေးလာဘ်ယူမှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ထားပြီး တံစို့လက်ဆောင်ကို မိမိအတွက်၊ အခြားသူအတွက်၊ အဖွဲ့အစည်းအတွက်ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန်အားထုတ်ခြင်းစသည်ဖြင့် ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော် ပြည်သူများကြားတွင် ရေပန်းစားနေသော လက်ဆောင်ပစ္စည်းများ လက်ခံရယူရာတွင် ကျပ်သုံးသိန်းကျော်လွန်သည့်ပစ္စည်းများ လက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည်ဆိုသည့် စကားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းစကားရပ်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်နှင့်ညီ/မညီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့စည်းထားမှုနှင့် ဆီလျော်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
ပြည်ထောင်စုအစိုးရအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအခန်း(၃) ကော်မရှင်ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့်လုပ်ပိုင်ခွင့်များထဲမှ ကော်မရှင်နှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အသီးသီးကိုလည်း သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မရှင်က ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စရပ်သာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
