မိမိတို့နိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေကို နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က အစီရင်ခံသည့်အခါ ၁၇၇ နိုင်ငံတွင် ၁၅၇ အဆင့်တွင် ရှိသည့်အကြောင်းကို ၇-၈-၂၀၁၄ ရက်နေ့က Eleven သတင်းစာတွင် ဖော်ပြခဲ့ပါကြောင်း၊ ယခင်အခြေအနေထက် တစ်စုံတစ်ရာ တိုးတက်လာသော်လည်း အဂတိလိုက်စားမှုသည် အဂတိလိုက်စားမှုများသောတိုင်းပြည်သည် တရားကို မတရားလုပ်ပြီး မတရားတာကို တရားလုပ်သည့်အတွက် တိုင်းပြည်ပျက်စီးမည်ဆို၍ ထောက်ပြလမ်းညွှန်ခဲ့သည့် အထောက်အထားများ ရှိပါကြောင်း၊ နှစ်ပေါင်းများစွာ အဂတိလိုက်စားမှုကြီးထွားလာသည့်အတွက် သယံဇာတကြွယ်ဝသော မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးရေးအနိမ့်ကျဆုံးနှင့် အဆင်းရဲဆုံးပြည်သူများ ယနေ့အထိ ယင်းအကျိုးဆက်ကို ခံနေကြရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ထူထောင်မည်ဟု မူဝါဒချတာကို လွှတ်တော်တက်ကတည်းက မိမိတို့ ထောက်ခံခဲ့ပါကြောင်း၊ ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ မှန်ကန်သောဦးဆောင်မှုအောက်မှ ပြည်သူ့လွှတ်တော်တွင် အဂတိတားမြစ်ရေးကော်မရှင်ဖွဲ့စည်းရန် အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေကြမ်းများ တင်သွင်းနိုင်သော အခွင့်အလမ်းရခဲ့ပါကြောင်း၊ ၇-၈-၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် ပါဝင်သော အဖွဲ့ဝင်စာရင်းကို နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသော အခြေအနေတွေအပေါ်မှာမူတည်ပြီး (က) ၇-၈-၂၀၁၃ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းပြီးနောက် ယနေ့အထိ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားမှုပေါင်း အရေအတွက် မည်မျှရှိပါသနည်း။ (ခ) ၂၅-၂-၂၀၁၄ ရက်နေ့တွင် လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင်၊ ယခု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းပြီးနောက် တိုင်ကြားစာများနှင့် ပေါ်လွင်ထင်ရှားသော အမှုအရေအတွက် မည်မျှရှိပါသနည်း။ (ဂ) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာမှုကြောင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားပါသနည်း။ (ဃ) အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခွင့်အာဏာအလွဲသုံးစားမှုများအပေါ် နိုင်ငံသားများ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူများကို မည်ကဲ့သို့ ကာကွယ်ပေးထားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိအနေဖြင့် မေးခွန်း(က)နှင့်စပ်လျဉ်း၍ မိမိတို့ကော်မရှင် စတင်ဖွင့်လှစ်ခဲ့သော ၁၀-၃-၂၀၁၄ ရက်နေ့မှ ၂၁-၈-၂၀၁၄ ရက်နေ့အထိ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး တိုင်ကြားခြင်းအပါအဝင် တိုင်ကြားစာပေါင်း ၅၃၃ စောင် ရရှိခဲ့ပြီး တိုင်ကြားစာများမှာ မြေယာမှု ၁၇၀ မှု၊ တရားရေး ၉၅ မှု၊ အုပ်ချုပ်ရေး ၂၃၈ မှုနှင့် အထွေထွေ ၃၀ မှု တို့ဖြစ်ပါကြောင်း၊ မေးခွန်း(ခ)နှင့်စပ်လျဉ်း၍ တိုင်ကြားစာ ၅၃၃ စောင်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ(ခ)အရ အရေးကြီးသော သက်သေခံချက်များမပါသော တိုင်စာ ၁၆၇ စောင် ရှိပါကြောင်း၊ တိုင်ကြားစာတွင် အရေးကြီးသော သက်သေခံချက်များ မပါရှိသည့်အပြင် ဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ(ဂ) အရ အရေးကြီးသော သက်သေခံချက်အသစ်မပါရှိသည့် ထပ်မံတိုင်ကြားစာ ၁၀၈ စောင်ရှိပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လွှဲပြောင်းပေးပို့ထားသော တိုင်ကြားစာ ၉ စောင်ရှိပြီး ကော်မရှင်အား မိတ္တူသာပေးပို့ထားသည့် တိုင်စာ ၉၈ စောင်၊ ပစ်စာ ၁၄ စောင် ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကို ဆောင်ရွက်ရန် လွှဲပြောင်းပေးပို့သည့်တိုင်စာ ၄၂ စောင်ရှိပြီး ဆောင်ရွက်မှုအခြေအနေကို ပြန်ကြားရန် ၁၇ စောင်တောင်းခံထားသည့်အနက် ၁၃ စောင်မှာ ပြန်ကြားချက်ရရှိပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအသီးသီးကို အရေးယူဆောင်ရွက်ရန် ပေးပို့သည့်တိုင်စာ ၉၂ စောင်ရှိပြီး ဆောင်ရွက်မှုအခြေအနေကို ပြန်ကြားရန် ၄၈ စောင်ရှိသည့်အနက် ၂၃ စောင် ပြန်ကြားချက် ရရှိပြီးဖြစ်ပါကြောင်း၊ ပေးပို့လာသည့် တိုင်ကြားစာများမှ ပေါ်လွင်ထင်ရှားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသည့်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည့်အမှု ၃ မှုရှိပါကြောင်း၊ မေးခွန်း(ဂ)နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၉၊ ပုဒ်မ ၂၀၊ ပုဒ်မ ၂၈ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၅၁၊ ပုဒ်မ ၅၂၊ ပုဒ်မ ၅၃ တို့နှင့်အညီ အရေးယူဆောင်ရွက်သွားရမည့်ဖြစ်ပြီး ဆောင်ရွက်ရမည့်နည်းလမ်းနှင့် လုပ်ကိုင်ရမည့် အစီအစဉ်အသေးစိတ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေ(မူကြမ်း)တွင် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ မေးခွန်း(ဃ)နှင့်စပ်လျဉ်း၍ အခွင့်ထူးခံစီးပွားရေး လုပ်ငန်းရှင်များနှင့် အခွင့်အာဏာအလွဲသုံးစားမှုများအပေါ် နိုင်ငံသားများက တိုင်ကြားနိုင်ရေးအတွက် ကော်မရှင်က ၁၀-၄-၂၀၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာချက်ကို ပြည်သူများသိရှိအောင် ထုတ်ပြန်ခဲ့ပြီး အပိုဒ် ၆၊ အပိုဒ် ၇၊ အပိုဒ် ၈ တို့တွင် တိုင်ကြားရာ၌ ပြည့်စုံစွာ ပါရှိရမည့်အချက်များကို ဖော်ပြထားပါကြောင်း၊ တိုင်ကြားသည့်နေရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ဖျောက်ဖျက်ကျူးလွန်ကြောင်း အရေးကြီးသော သက်သေခံချက်ပါရှိရန် လိုအပ်ပါကြောင်း၊ ခိုင်လုံသောအထောက်အထားနှင့် သတင်းပေးသည့်အတွက် ဖော်ထုတ်အရေးယူနိုင်သောကိစ္စများတွင် သတင်းပေးသူကို လိုအပ်သည့် အကာအကွယ်ပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဈ)တွင် ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်ကို မူတည်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (မူကြမ်း) တွင် ထည့်သွင်းရေးဆွဲ ထားပါကြောင်း၊ တိုင်ကြားသူအပေါ် အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေပေါ်ပေါက်လာပါက လိုအပ်သော အကာအကွယ်၊ စောင့်ရှောက်မှုကို ပြုနိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(င)နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အကူအညီရယူဆောင်ရွက်သွားရန် စီမံထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းညွန့် (သင်္ဃန်းကျွန်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ကော်မရှင်ဥက္ကဋ္ဌဖြေကြားချက်တွင် နည်းဥပဒေမူကြမ်းပြုစုနေပြီဖြစ်သည့်အတွက် တိုင်ကြားသူများဘက်က ပြည့်ပြည့်စုံစုံဆောင်ရွက် နိုင်တော့မည့်အခြေအနေ ပေါ်ပေါက်သည့်အတွက် ဥပဒေမူကြမ်းကို မည်သည့်အချိန်တွင် လွှတ်တော်ကို ပေးပို့နိုင်မည်နှင့် အရေးကြီးသော သက်သေခံချက်ဟု ပြောသည်အခါ လာဘ်ပေးလာဘ်ယူဆိုသည်မှာ အခန်းထဲတွင် နှစ်ကိုယ်ချင်းပေးရန် လမ်းကြောင်းအမျိုးမျိုးနှင့် ယူခဲ့သည့် ပုံသဏ္ဌာန်များလည်း ကြားသိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် သွယ်ဝိုက်သော သက်သေခံချက် သို့မဟုတ် ကျော်ဇောသတင်းရှိသော ပုဂ္ဂိုလ်များကို ကော်မရှင်အနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥက္ကဋ္ဌ ဦးမြဝင်း
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသော နည်းဥပဒေပြီးစီးမည့်အခြေအနေမှာ မိမိတို့ ကော်မရှင်အဖွဲ့အနေဖြင့် စတင်ဖွင့်လှစ်သည့် မတ်လ ၁၀ ရက်နေ့နောက်ပိုင်းတွင် နည်းဥပဒေရေးဆွဲရေးကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ဥပဒေပညာရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ပြီး ၈-၈-၂၀၁၄ ရက်နေ့တွင် ရှေ့နေချုပ်ရုံးကို ဥပဒေအကြံပြုချက် တင်ပြသတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ ဆက်လက် တင်ပြမှုဆောင်ရွက်ပြီးသည့်အချိန်တွင် နည်းဥပဒေက ပြီးပြတ်သွားမည်ဖြစ်ပါကြောင်း၊ တရားသူကြီး တစ်ယောက်ကိစ္စနှင့်ပတ်သက်၍ ဥပဒေပုဒ်မ ပုဒ်မ ၂၂(က)၊ (ခ)၊ (ဂ)ကို အခြေခံပြီးတော့ မိမိတို့ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ယင်းအချက်ပေါ်မူတည်ပြီး ခိုင်မာသောအထောက်အထား၊ အရေးကြီးသည့် သက်သေခံချက်ရှိပါက မိမိတို့ဆောင်ရွက်၍ရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
