ယာဉ်အို၊ ယာဉ်ဟောင်းများအဖြစ်အပ်နှံသည့်အခါ အချို့မော်တော်ယာဉ်များသည် ကောင်းမွန်နေ သည်ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ သင့်တော်ကောင်းမွန်သော မော်တော်ယာဉ်များကို သံရည်ကျိုမည့်အစား နိုင်ငံတော်အတွက် ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည့်နည်းလမ်းများကို စဉ်းစားရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်စက်လက်မှုအထက်တန်းကျောင်းများမှာ စက်မှုပိုင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားနေသော ကျောင်းသားကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများအဖြစ် အသုံးပြုပါက အသိပညာရှင်၊ အတတ်ပညာရှင်များကို ပိုမိုများပြားစွာ မွေးထုတ်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း များစွာအကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် စက်မှုကဏ္ဍသည်လည်း အဓိကဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက နည်းပညာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် စက်လက်မှုအထက်တန်းကျောင်းများကို နိုင်ငံအနှံ့အပြားတွင် တိုးချဲ့ဖွင့်လှစ် ပေးပြီး စက်မှုနည်းပညာရှင်များ မွေးထုတ်ပေးလျက်ရှိပါကြောင်း။ အရည်အချင်းပြည့်ဝသော အသိပညာရှင်၊ အတတ်ပညာရှင် ကျောင်းသားကျောင်းသူများဖြစ်စေရန် ကျောင်းများတွင် သင်ထောက်ကူပစ္စည်းများ ပြည့်ပြည့်စုံစုံနှင့် လက်တွေ့သင်ကြားပို့ချပေးနိုင်ရန် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံလက်ခံရာတွင် ရရှိသော ပြည့်စုံကောင်းမွန်သည့် မော်တော်ယာဉ်များအနက်မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်စက်လက်မှုအထက်တန်းကျောင်းများသို့ လက်တွေ့သင်ကြားရာတွင် အခြေခံအဖြစ်အသုံးပြုနိုင်မည့် တတ်ကျွမ်းနားလည်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျောင်းသားကျောင်းသူများ မွေးထုတ်နိုင်ရန် လုံလောက်သည့် အရည်အသွေးရှိသော မော်တော်ယာဉ်များကို သံအရည်ကျိုခြင်းထက် အထောက်အကူပစ္စည်းများအဖြစ် ပိုမိုအကျိုးရှိအောင် အသုံးပြုခွင့်ရရှိရေးအား နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မှတ်ပုံတင်သက်တမ်း ကြာမြင့်ကာလယာဉ်များကို ယာဉ်ကြံ့ခိုင်မှုအားနည်းသည့်အတွက် ယာဉ်အန္တရာယ် ဖြစ်စေခြင်း၊ လောင်စာဆီသုံးစွဲမှုမြင့်မား၍ ငွေကြေးကုန်ကျမှုများပြားခြင်း၊ ယာဉ်များမှထွက်သော မီးခိုးကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးသဖြင့် လူအများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်း၊ မကြာခဏ ပျက်စီးချို့ယွင်းမှုကြောင့် ပြုပြင်ရခြင်း၊ စက်ကိရိယာအစိတ်အပိုင်းများ ရှားပါး၍ ဈေးနှုန်းကြီးမှုရှိခြင်း စသည့် ဆိုးကျိုးများကြောင့် ယာဉ်ပိုင်ရှင်၏ဆန္ဒအရ မှတ်ပုံတင်ဖျက်သိမ်းလိုလျှင် ခွင့်ပြုပြီး သင့်လျော်သော ယာဉ်နှင့် အစားထိုးဝယ်ယူသုံးစွဲစေသည့် စနစ်ကို ၂၀၁၁ ခုနှစ်တွင် စတင်ကျင့်သုံးဆောင်ရွက်ခဲ့ပါကြောင်း။
စက်မှုဇုန်ထုတ်ယာဉ်များ၊ ယာဉ်တိုက်မှု၊ ယာဉ်မှောက်မှု၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသည့်ယာဉ်များ သုံးဘီးဆိုင်ကယ်မပါ၊ သုံးဘီးယာဉ်များနှင့် ထုတ်လုပ်မှုသက်တမ်း အနှစ် ၂၀ ကျော်သော ယာဉ်များအထိ အဆင့်ဆင့်သတ်မှတ်ပြီး ယာဉ်အို/ယာဉ်ဟောင်းအဖြစ် အပ်နှံသည့် အစားထိုးယာဉ် ဝယ်ယူတင်သွင်းခွင့် ပြုခဲ့ပါကြောင်း၊ အပ်နှံသည့်ယာဉ်များကို အထက်မြန်မာနိုင်ငံတွင် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အောက်မြန်မာနိုင်ငံတွင် သီလဝါသင်္ဘောဖျက်စက်ရုံ(သန်လျင်) တွင် လက်ခံပြီး ဖျက်ဆီးဆောင်ရွက်လျက် ရှိပါကြောင်း။
အပ်နှံယာဉ်အို/ယာဉ်ဟောင်းများအနက် သင့်တင့်ကောင်းမွန်သော မော်တော်ယာဉ်အချို့ကို သံရည်ကျိုမည့် အစား ပညာရပ်ပိုင်းဆိုင်ရာ သင်ကြားမှုအထောက်အကူပစ္စည်းအဖြစ် အသုံးပြုပါက သံရည်ကျိုရလဒ်ထက် အသုံးဝင်တန်ဖိုးမြင့်မား၍ ပိုမိုထိရောက်စွာ အကျိုးရှိမည်ဖြစ်ပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ ကျောင်းများတွင် သင်ကြားလျက်ရှိသော Internal Combustion Engine ဘာသာရပ်၊ Petrol and Diesel Engine ဘာသာရပ်၊ Automotive Technology ဘာသာရပ်များအတွက် လက်တွေ့သင်ကြားမှုများကို အထောက်အကူပြုစေနိုင်မည်ဖြစ်ခြင်း၊ ကျောင်းသားများအချိန်တိုအတွင်း လက်တွေ့သင်ခန်းစာများကို ထိရောက်လျင်မြန်သော နားလည်မှုများ၊ ကျွမ်းကျင်မှုများ ရရှိနိုင်မည်ဖြစ်ခြင်းတို့ကြောင့် အပ်နှံဖျက်သိမ်းမည့် မော်တော်ယာဉ်များအနက် သင့်လျော်သည့်ယာဉ်များကို သင်ထောက်ကူပစ္စည်းများအဖြစ် ပြောင်းလဲဖြည့်ဆည်းပေးခြင်းသည် ကျောင်းသူကျောင်းသားများအတွက် အမှန်တကယ်အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း။
ဖျက်သိမ်းအပ်နှံသော ယာဉ်အို/ယာဉ်ဟောင်များအနက် အစားထိုးပြန်မရနိုင်သော ရှေးဟောင်းမော်တော်ယာဉ် Antique များကို အမျိုးအစားအလိုက် အကောင်းဆုံးမော်တော်ယာဉ်များကို စိစစ်ရွေးချယ်ပြီး သိမ်းဆည်းထားခဲ့သည်များ ရှိပါကြောင်း၊ အပ်နှံလာသော ယာဉ်အို/ယာဉ်ဟောင်းများအနက် သင့်တင့် ကောင်းမွန်သည့် ယာဉ်များကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တောင်းဆိုသော ယာဉ်အရေအတွက်အတိုင်း နည်းပညာတက္ကသိုလ် ၂၈ ကျောင်း၊ အစိုးရနည်းပညာကောလိပ် ၃ ကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၁၁ ကျောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း ၃၆ ကျောင်းများရှိ ကျောင်းသားကျောင်းသူများ လက်တွေ့သင်ကြားရေးနှင့် သင်ထောက်ကူပစ္စည်းများအဖြစ် အသုံးပြုနိုင်ရန် ဖျက်စီးအပ်နှံမည့် မော်တော်ယာဉ်ဟောင်း Saloon ၇၈ စီး၊ Pick Up(Diesel) ၇၈ စီး၊ Pick Up(Petrol) ၇၈ စီး၊ စုစုပေါင်း ၂၃၄ စီး ထုတ်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ၁၈-၉-၂၀၁၄ ရက်နေ့အထိ ၁၅ စီး ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသောယာဉ်များ ထုတ်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
