(င)-ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ မြို့နယ်တိုင်းတွင် 'မိုးပွင့်' စီမံချက်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၂.၉.၂၀၁၄)

ဦးသန်းဝင်း (တောင်တွင်းကြီး)မိုးပွင့်စီမံချက်ကာလဟာ သတ်မှတ်ကာလ ဇူလိုင်လမှ စက်တင်ဘာလအထိ ၂ လ သတ်မှတ်ထားကြောင်း အကြမ်းဖျင်းသိရှိရပါသည်။ ဒီသတ်မှတ်ထားသည့် ကာလမှာလည်း ၁ လကို ၂ ကြိမ် ကျေးရွာများနှင့် ကွင်းဆင်းပြီးနေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်းလည်း သိရှိရပါသည်။ တင်ပြလိုသည်မှာနိုင်ငံသား မှတ်ပုံတင်မရှိသူ ပြည်သူ၏လိုအပ်ချက်နှင့် ဆောင်ရွက်ပေးသည့် စီမံချက်ကာလ တိုတောင်းသည့် အတွက် ပြည့်စုံမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် မိမိတို့မြို့နယ်ဆိုလျှင် ကျေးရွာ ၂၉ ရွာကနေပြီး လူဦးရေ ၁၁၀၀ ကျော် နိုင်ငံသားမှတ်ပုံတင်ကတ်များ မပြည့်စုံသေးသည်ကို မိမိတို့ တင်ပြပြီးထားရှိပါကြောင်း၊ နိုင်ငံသားမှတ်ပုံတင်ကိစ္စသည် စီမံချက်ကာလအတွင်းမှာပင် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲနှင့် သက်ဆိုင်ရာဌာန၏ နေ့စဉ်နှင့်အမျှ ဆောင်ရွက်ရမည့်လုပ်ငန်းများဟု ယူဆပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်များမှလည်း ကျန်ရှိကျေးရွာများကို ဆက်လက်ဆောင်ရွက်ပေးပါမည် ကာယကံရှင်များကို လိုအပ်သည့်အချက်အလက်များ၊ အထောက်အထားများ ပြည့်စုံစွာယူ ဆောင်လာပြီးဌာနကို ဆက်သွယ် ဆောင်ရွက်စေလွှတ်ပေးစေလိုပါကြောင်း၊ ဆောင်ရွက်ပေးပါမည်ဟု တာဝန်ရှိသူများကလည်း ပြောဆိုထားပါကြောင်း၊ သို့ရာတွင် နိုင်ငံသားလက်မှတ်သည် ပြည်သူများအတွက် အသက်တမျှအရေးကြီးပါကြောင်း၊ ဒီနေ့ဒီအချိန်အခါ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး ခြင်းသည်သာလျှင် ပွင့်လင်းထင်သာမြင်သာဖြစ်ပြီး အစိုးရကပြည်သူ့၏ လိုအပ်ချက်များကိုဖြည်‌့ ဆည်းပေးနေခြင်းဆိုသော အနှစ်သာရ၏ အသွင်သဏ္ဍာန်ကို ပီပြင်စေခြင်းကြောင့် သက်ဆိုင်ရာဌာနမှ မိုးပွင့်စီမံချက်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်မိမိတို့ နိုင်ငံတော်အစိုးရသစ်လက်ထပ်တွင် နိုင်ငံ့တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ချိန်ကစပြီး ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရအဖြစ် ဖော်ဆောင်ပေးရန်နှင့် ပြည်သူ့ဆန္ဒ သဘောထားကို အလေးထားပေးပါဆိုသည့် လမ်းညွှန်ချက်အတိုင်း ပြည်သူများ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် စိတ်အေးချမ်းသာဆန္ဒပြည့်ဝလိုသည့် နိမိတ်ပုံကိုယူ၍ မိုးပွင့်စီမံချက်ဟု ခေါ်ဆိုသုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်း၊

မိုးပွင့်စီမံချက်ဆိုသည်မှာ မွေးရာပါ နိုင်ငံသားများဖြစ်သော ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းဆိုင်ရာ ဆောင်ရွက်ပေးမှုများနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို ယခင်ကထက် ပိုမိုလွယ်ကူစေသော ဖြေလျှော့နည်းများ အသုံးပြု၍ တစ်နေရာထဲတွင် စုစည်းပြီး နိုင်ငံတစ်ဝှမ်းကွင်းဆင်း၍ ပွင့်လင်းမြင်သာစွာဖြင့် စနစ်သစ်အရ သတ်မှတ်နှုန်းထားအတိုင်းလျင်မြန်စွာ ဆောင်ရွက်ပေးမည်ဆိုသော အင်္ဂါရပ်များနှင့် ပြည့်စုံအောင် ဆောင်ရွက်ပေးရမည့် အစီအမံ တစ်ရပ်အဖြစ်လည်း ရည်ရွယ်ပြီးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်ထုတ်ပေးရာတွင် မှန်ကန်မြန်ဆန်စွာ  ဆောင်ရွက်နိုင်ရန် ယခင်အိမ်ထောင်စု လူဦးရေစာရင်းတစ်စောင် ဖြည့်စွက်နိုင်ရေးအတွက် လိုအပ်သော အထောက်အထား အချက် ၁၀ ချက်အစား ၅ ချက် ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ၎င်းအချက်များမှ လူဦးရေစာရင်း လျှောက်ထားရာတွင် အိမ်ထောင်စုဝင်အတွင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတစ်ဦးမှ ကိုယ်စားလာရောက်လျှောက် ထားနိုင်ခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တစ်ခု တည်းကိုသာ ယူဆောင်လာရန်လိုအပ်ခြင်း၊ အိမ်ခန်း၊ အိုးအိမ်ဦးစီးဌာန၏ ထောက်ခံချက်၊ စည်ပင်သာယာရေးကော်မတီ၏ ထောက်ခံချက်စသည်တို့ပါရှိမည်ဆိုသော အချက်များကို ပယ်ဖျက်ခဲ့ခြင်း၊ လက်ရှိနေထိုင်သောအိမ်ခန်း (သို့မဟုတ်)နေအိမ်အား ပိုင်ဆိုင်သည့် အထောက်အထား မူရင်း၊ မိတ္တူများ တင်ပြရမည်ဆိုသည့် အချက်ကိုလည်း ပယ်ဖျက်ခဲ့ပြီး မည်သည့်အခြေအနေတွင်  နေထိုင်ကြောင်းကိုသာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ထည့်သွင်းဖော်ပြပေးရန်လိုအပ်ခြင်း၊ လျှောက်ထားသူအား အိမ်ငှားနေထိုင်သူဖြစ်ပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူး၏ ထောက်ခံချက်အတွင်းမှာပင် အမှန်တကယ် နေထိုင်ကြောင်းကိုသာ ထည့်သွင်းစေခြင်းဖြင့် ဖြေလျှော့ဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရာတွင် တိုင်းရင်းသားများအား မြို့နယ်ဦးစီးဌာနမှူး လက်မှတ်ရေးထိုး ထုတ်ပြန်ခွင့်ပြုခြင်း၊ မွေးရာပါနိုင်ငံသားများဖြစ်သော တိုင်းရင်းသားများအတွက် အထောက်အထားပြည့်စုံပါက အများဆုံး ၂၈ ရက်အတွင်းအပြီး ဆောင်ရွက်ပေးခြင်းစသည့် ဖြေလျှော့မှုများအပြင် ပြည်သူများလွယ်ကူ လျင်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၁-၇-၂၀၁၁ ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ အရောက်ကွင်းဆင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

မိုးပွင့်စီမံချက်အား ၂၀၁၁ခုနှစ် မှစတင်ကာ အဆင့် ၆ ဖြင့်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်း အိမ်ထောင်စုလူဦးရေ စုစုပေါင်း ၅၀၉၃၁၃ စုနှင့် အသက် ၁၀ နှစ်ပြည်‌့ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၁၇၂၀၆၃၈ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၉၁၂၄၈၈ ဦး စုစုပေါင်း ၃၆၃၃၁၂၆ ဦး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

မိုးပွင့်စီမံချက် ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းများအား ဆောင်ရွက်ရာတွင် နောက်ဆက်တွဲ ရုံးလုပ်ငန်းများမှတ်တမ်းများဆောင်ရွက်ရန်နှင့် ဌာန၏ အခြားလုပ်ငန်းတာဝန်များကိုလည်း လုပ်ငန်းဆောင်ရွက် နိုင်ရန်အတွက် တစ်လလျှင်  သုံးရက် ကွင်းဆင်း ဆောင်ရွက်၍ ကျန်ရက်များအတွက် မြို့နယ်ရုံးများတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြည်သူ့လိုအပ်ချက်များ များလက်ခံသော လုပ်ငန်းဖြစ်သဖြင့် ပြည်သူ့လိုအပ်ချက်များ ပြည့်မီစေရေးအတွက် ပြည်မီစေရန် မိုးပွင့်စီမံချက်ကို မြန်မာနိုင်ငံတစ်ဝှမ်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။