(ဃ)-တကောင်း၊ ပုဂံ၊ အင်းဝ၊ မိုင်းမောနှင့် မြောက်ဦး အစရှိသောအရေးကြီးသည့် ရှေးဟောင်းဒေသများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၂.၉.၂၀၁၄)

ဦးခင်မောင်ညွန့် (သပိတ်ကျင်း) မြန်မာနိုင်ငံမှာ ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့ဟောင်း၊ တောင်တွင်းကြီးမြို့အနီးရှိ ဗိဿနိုးပျူမြို့ ဟောင်း၊ ရွှေဘိုမြို့အနီးရှိ စလင်းပျူမြို့ဟောင်း စသည့်မြို့ဟောင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်စာရင်းများတွင် ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်အတွက် မည်ကဲ့သို့အဆင့်ဆင့် ဆောင်ရွက်ခဲ့ရကြောင်းနှင့် ထပ်မံ၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်များအဖြစ် မန္တလေးတိုင်းဒေသကြီးအနီးရှိ သပိတ်ကျင်းမြို့နယ်မှ တကောင်း၊ ပုဂံ၊ အင်းဝ၊ မိုင်းမော၊ ပျူမြို့ဟောင်း ရခိုင်ပြည်နယ်ရှိ မြောက်ဦး အစရှိသည့် အရေးကြီးသည့် ရှေးဟောင်းဒေသများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်
အဖြေ

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ်များ၊ ယဉ်ကျေးမှုနှင့် သဘာဝရောနှေနေသည့် အမွေအနှစ်များကို ပိုင်ဆိုင်ထားကြရာ အဆိုပါအမွေအနှစ်များကို ရေရှည် တည်တံ့စေရေး၊ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနိုင်ရေးအတွက် ကမ္ဘာကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၁၉၇၂ ခုနှစ်မှာ ကမ္ဘာယဉ်ကျေးမှုနှင့် သဘာဝအ‌မွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း ( Convention concerning the Protection of the World Cultural and Natural Heritage, 1972 )သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အဆိုပါကွန်ဗင်းရှင်းဝင် နိုင်ငံများအနေဖြင့် မိမိနိုင်ငံ၏ အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခွင့် ရှိမှာဖြစ်ပါကြောင်း၊ ယခုအခါ  ကွန်ဗင်းရှင်းအဖွဲ့ဝင်များသည် (၁၈၇)နိုင်ငံရှိပြီး  ကမ္ဘာ့အမွေ အနှစ်ကော်မတီ အဖွဲ့ဝင်အဖြစ် (၂၁)နိုင်ငံကို ၎င်းတို့နိုင်ငံများထဲမှ  ထပ်မံရွေးချယ် တင်မြှောက်ကြပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် World Heritage Convention , 1972 သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းလိုပါက ဦးစွာအဆိုပြုစာရင်း Tentative List ကို တင်သွင်းရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ၁၉၉၆ ခုနှစ်တွင် ရှမ်းပြည်နယ်ရှိ ပြဒါးလင်းဂူ၊ ပုဂံ၊ ပျူမြို့ဟောင်းများ၊ မြောက်ဦး စသည်တို့ပါဝင်သော အမျိုးသားယဉ်ကျေးမှုအ‌မွေအနှစ် (၈) ခုကို ယူနက်စကိုသို့ အဆိုပြုအမည်စာရင်းတင်သွင်းခဲ့ပြီး ၁၉၉၇ ခုနှစ် ယူနက်စကို၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးတွင် မိမိတို့ဘက်က တင်သွင်းထားသော အဆိုပြု စာရင်းများနှင့် ပတ်သက်ပြီး ဦးစွာဆောင်ရွက်ထားရမည်များကို ယူနက်စကိုက မှတ်ချက်ပြုခဲ့ပါကြောင်း၊ မိမိတို့ဘက်က အဓိကဆောင်ရွက်ရမည့်အချက် သုံးချက်ဖြစ်ပါကြောင်း၊ ၎င်းတို့မှာ ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းဥပဒေပြဌာန်းရန်၊ သက်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်ဒေသများအတွက် ဇုန်နယ်နိမိတ်များ သတ်မှတ်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းနိုင်ရန် စီမံခန့်ခွဲမည့် အစီအစဉ်များ ရေးဆွဲရန်ဟူ၍ ဖြစ်ပါကြောင်း ထို့ကြောင့်  ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ထုတ်ပြန်ပြဌာန်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြင်ဆင်သည်‌့ဥပဒေ၊ ၂၀၁၁ ခုနှစ်မှာ နည်းဥပဒေများကိုပါ ဆက်တိုက်ထုတ်ပြန်ပြဌာန်းခဲ့ခြင်း၊  ယဉ်ကျေးမှုအမွေအနှစ်ဒေသအသီးသီးကိုလည်း ဦးစားပေးအလိုက် ဇုန်နယ်နိမိတ်များသတ်မှတ်ပြဌာန်းခဲ့ခြင်းများကြောင့် ယခုဆိုလျှင်  အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ဇုန် (၄၆)ဇုန်အထိရှိပြီဖြစ်ပါကြောင်း၊  ထိန်းသိမ်းစောင့်ရှောက်ခြင်းအနေဖြင့်လည်း မြန်မာ တစ်နိုင်ငံ လုံးရှိ ယဉ်ကျေးမှုအ‌မွေအနှစ်များကို ဦးစားပေးအလိုက် ထိန်းသိမ်းလျက်ရှိပြီး တစ်ဖက်မှလည်း မိမိတို့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့စာရင်းဝင်ရန် ယူနက်စကိုနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၀၈ ခုနှစ်တွင် အဆိုပြုထားသော အမွေအနှစ်စာရင်းတွေကို ပြန်လည်သုံးသပ်၍ ၂၀၁၀တွင် ပျူမြို့ဟောင်း (၃) ခုကို သမိုင်းတင်ခေတ် အစောပိုင်းကာလ ယဉ်ကျေးမှု၏ မြို့ပြယဉ်ကျေးမှု(Urbanization)နှင့် မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့ခြင်းသည် ခိုင်မာသော အထောက်အထားတစ်ရပ်ဖြစ်ခြင်း၊ အထောက်အထားများအရ အရှေ့တောင် အာရှဒေသအတွင်း အစောဆုံးသော ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုနှင့်အတူ ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံပြီးတော့ တည်ဆောက်ထားသော မြို့ပြယဉ်ကျေးမှုတစ်ရပ်ဖြစ်ခြင်း၊ မြေပေါ်၊ မြေအောက် အထောက်အထားများ ကြွင်းကျန်တည်ရှိနေခြင်း၊ ရာစုနှစ်တစ်ခုမက ပြည်တွင်းပညာရှင်များရော၊ ပြည်ပပညာရှင်များ၏ သုတေသနလေ့လာခဲ့မှုတို့ကြောင့် တိကျခိုင်မာသော သက်သေအထောက်အထားများ ရှိနေခြင်း၊ ခေတ်မီနည်းစနစ်ဖြင့် သိပ္ပံနည်းကျ သက်တမ်းတွက်ချက်ရာတွင်လည်း ခိုင်မာသောကာလ ခုနှစ်၊ သက္ကရာဇ် တို့ကို ဖော်ထုတ်တင်ပြနိုင်ခြင်းများကြောင့် ဦးစားပေး ရွေးချယ်တင်သွင်းခဲ့ပါကြောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများဆိုင်ရာ သတင်းအချက်အလက်တွေ၊ အထောက်အထားများ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ စာရင်းပြုစုခြင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းဆိုင်ရာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ တက်ရောက်လေ့လာသင်ကြား အတွေ့အကြုံများယူခြင်းများကို လည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ယူနက်စကိုနှင့် အီတလီ နိုင်ငံတို့၏ နည်းပညာအကူအညီ ဘဏ္ဍာငွေ အထောက်အပံ့ရရှိခဲ့ခြင်းကြောင့် ယူနက်စကိုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များပါဝင်သော အဆိုပြုစာတွဲကို ပြုစုရေးသားခဲ့ကြပါကြောင်း၊

အဆိုပြုစာတွဲရေးသားပြုစုရာတွင် ပျူမြို့ဟောင်းများရှိ အမွေအနှစ်ပစ္စည်းများ၊ အဆောက်အအုံတစ်ခုချင်း အသေးစိတ် ဓာတ်ပုံ၊ ပုံဆွဲ၊ မြေပုံမှတ်တမ်း မှတ်ရာအချက်အလက်များနှင့် ဖော်ပြခြင်း၊ သုတေသနပြုထားမှုများ၊ ကာကွယ်ထိန်းသိမ်းထားရှိမှုများ၊ ပထဝီမြေပြင်ဆိုင်ရာ အထောက်အထားများနှင့် ဆက်စပ်လျက်ရှိတဲ့ လူမှုအဖွဲ့အစည်း၏ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်မည့် အစီအစဉ် စီမံခန့်ခွဲမှုများကိုပါ သတ်မှတ်ထားသော စာတွဲပုံစံကို ရေးသားတင်ပြခဲ့ပြီး တစ်ဖက်ကလည်း ဒေသခံပြည်သူများ နားလည်လာပြီး ဝိုင်းဝန်းပါဝင်နိုင်ရေးအတွက် ဆက်တိုက် ်ကွင်းဆင်း အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရှေးဦးစွာ စာတွဲမူကြမ်းကို ယူနက်စကို၊ ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန ကို စတင်တင်သွင်းခဲ့ပါကြောင်း၊  ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများမှာ ၎င်းစာတွဲမူကြမ်းကို ထပ်မံပြီး ဖြည့်စွက်၍လည်းကောင်း၊ ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလတွင် ပြီးပြည့်စုံသော စာတွဲကို လည်းကောင်း အချိန်မီတင်သွင်းနိုင်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် ဧပြီလတွင် စာတွဲကို လက်ခံလိုက်ပြီး စစ်ဆေးရေးအဖွဲ့ စေလွှတ်ကာ ပျူမြို့ဟောင်းများကို ကွင်းဆင်းစစ်ဆေးပါကြောင်း၊

ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Committee)၏ စစ်ဆေးအကြံပေးအဖွဲ့ (Advisory Bodies of ICOMOS – INTERNATIONAL COUNCIL ON MONUMNTS AND SITES ) က ကျွမ်းကျင်ပညာရှင်များသည် ၂၀၁၃ခုနှစ် အောက်တိုဘာလတွင် ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ဟန်လင်းမြို့ဟောင်းကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင်လည်း သေချာစွာ လေ့လာစစ်ဆေးနိုင်ရန်အတွက် နိုင်ငံတော်က ရဟတ်ယာဉ် ပံ့ပိုးခဲ့ခြင်းကြောင့် ကောင်းကင်နှင့် မြေပြင်များတွင်ပါ ကောင်းစွာလေ့လာ စစ်ဆေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ဘက်ကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပြီးတော့မှ (Additional Information II) ဆိုပြီးတော့မှ စာတွဲကို ထပ်မံဖြည့်စွက်တင်သွင်းပေးပို့ခဲ့ပါကြောင်း၊ ၂၀၁၄ခုနှစ် ဧပြီလတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ အကြံပေးအဖွဲ့ ဆုံးဖြတ်ချက်သည် Deferredဟူ၍ ဆုံးဖြတ်ဟု အကြောင်းကြားခဲ့ပါကြောင်း၊

အမွေအနှစ်စာရင်းတင်သွင်းသော အမွေအနှစ်များကို နှစ်စဉ် ဇွန်လတွင် ကျင်းပသော ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Convention)တွင် ဆုံးဖြတ်ကြေညာကြပါကြောင်း၊

ထိုသို့ ဆုံးဖြတ်ကြေညာရန်အတွက် ပထမဦးဆုံး စစ်ဆေးအကြံပေးအဖွဲ့ (ICOMOS) က မိမိတို့ တင်ပြသော စာတွဲကို စစ်ဆေးခြင်း၊ ကွင်းဆင်းခြင်းဆောင်ရွက်၍ သုံးသပ်ချက်များကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနကို ပေးပို့၍ ထိုမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံကို အကြောင်းကြားပါကြောင်း၊

 စစ်ဆေးရေးအဖွဲ့၏ မှတ်ချက်များနှင့် ပတ်သက်၍  သက်ဆိုင်ရာနိုင်ငံက ပြန်လည ရှင်းလင်းချေပခွင့် ရှိပါကြောင်း၊

ထိုသို့ ရှင်းလင်းချေပအပြီးတွင် ကမ္ဘာ့အမွေအနှစ်ညီလာခံ၌ နောက်ဆုံးအဆင့်အနေဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် (၂၁)နိုင်ငံက ဆုံးဖြတ်ပေးလေ့ရှိပါကြောင်း၊

အမွေအနှစ်များနှင့် ပတ်သက်၍ OUB (Outstanding Universal Value) ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်နှင့်လည်းကောင်း စီမံခန့်ခွဲမှုအပိုင်းနှင့်လည်းကောင်း ကြည်ရှု့ဆုံးဖြတ်ပါကြောင်း၊ 

OUB အပိုင်းတွင် တင်ပြထားသော အမွေအနှစ်သည် ခိုင်မာမှုရှိ/မရှိ၊ စစ်မှန်မှုရှိ/မရှိကို စစ်ဆေးခြင်း၊  ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်ထဲတွင် ယဉ်ကျေးမှုအမွေအနှစ် အတွက်ဆိုပါက Criteria ခြောက်ချက်သတ်မှတ်ပြီး  ဘောင်ဝင်ရန် အချက် တစ်ချက်နှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊

ယခု ပျူသုံးမြို့သည် အချက်သုံးချက်ပါကြောင်း၊  

Management အပိုင်းနှင့် ပတ်သက်၍ အမွေအနှစ် နယ်နိမိတ်များ လုံလောက်စွာသတ်မှတ်ထားရှိရန် ယင်း နယ်နိမိတ်အတွင်း မြို့ပြများ၊  ရပ်ရွာ၊ ရပ်ကွက်၊ကျေးရွာများ၏ နယ်နိမိတ်များကို အတိအကျ သတ်မှတ်ထားရန် လိုအပ်ပြီး ယင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ စနစ်တကျဆောင်ရွက်ပြီးစီးမှု၊ ထိန်းသိမ်းထားမှုစနစ်သည် စံဝင်ခြင်း၊ International Normနှင့် ကိုက်ညီခြင်း၊ ကာကွယ်စောင့်ရှောက်မှုအပိုင်းများတွင် လုံလောက်မှုရှိခြင်း သဘာဝ အန္တရာယ်များမှ ကာကွယ်မည့် Disaster Risk Management အပိုင်းကို ဆောင်ရွက်ထားရှိမှု၊ ဧည့်သည်များ လာရောက်ချိန်တွင်လည်း ဧည့်သည်တွေဘက်ကလည်း အဆင်ပြေစေရန်နှင့်  အမွေအနှစ်များ မထိခိုက်စေရန် အတွက် Visitor Management စီစဉ်ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးပါကြောင်း၊  ကျွန်မတို့ကို ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ခိုင်မာမှု Integrity၊ စစ်မှန်မှု Authenticityများရှိခြင်း၊  Criteria သုံးချက်လုံးနှင့် ကိုက်ညီမှုရှိခြင်းများ တွေ့ရှိရပါကြောင်း၊  Management အပိုင်းတွင် Boundaries သတ်မှတ်ပြီးဖြစသောလည်း ၎င်းဧရိယာအတွင်းရှိ ရပ်ရွာကျေးရွာများကိုကျွန်မတို့ နယ်နိမိတ်နှင့်ပတ်သက်၍  အတိအကျဖြစ်ရန် ထပ်မံသတ်မှတ်ဖို့ ကျန်ရှိပါသေးကြောင်း၊ Conservationများ၊ Protectionများကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ Management အပိုင်းဖြစ်သော Disaster Risk Management၊ Visitor Management များကို ဆောင်ရွက်ထားရှိခြင်းမရှိသေးပါကြောင်း၊  

သို့သော်လည်း မိမိတို့တင်ပြလိုက်ခဲ့သည့် စာတွဲတွင် International Expertsများနှင့် မိမိတို့၏ Experts များ ပူးပေါင်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် Master Plan ကိုထည့်သွင်းပြီးတော့ ရေးသားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပဏာမစစ်ဆေးသော ICOMOS အဖွဲ့အနေဖြင့် တချို့ကိစ္စရပ်များတွင်  အားနည်းမှုများ ရှိနေခြင်းကြောင့် Deferredဟုသတ်မှတ်ပါကြောင်း၊ ထိုသို့သတ်မှတ်ရာတွင် လေးမျိုးသတ်မှတ်ပါကြောင်း၊ တစ်ခါတည်း ကမ္ဘာ့စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းကို Inscribe၊ အနည်းငယ်ဖြည့်စွက်ရန်လိုအပ်ပါက Referred၊ ကမ္ဘာ့စာရင်းဝင်နိုင်တဲ့ စံချိန်စံညွှန်းများရှိသော်လည်း အချို့လိုအပ်ချက်များနှင့် စီမံခန့်ခွဲမှုများ လိုအပ်သည်ဆိုပါက  Deferred ဟူ၍ ဖြစ်ပြီး နှစ်နှစ်မှ သုံးနှစ်အထိ ထပ်မံကြာမြင်‌့မည်ဖြစ်ပါကြောင်း လုံးဝကိုစံမီခြင်းမရှိပါက Not to be Inscribed ဖြစ်ပါကြောင်း။

ပဏာမစစ်ဆေးရေး (ICOMOS) အဖွဲ့က Deferred လို့သတ်မှတ်ခဲ့ခြင်းကြောင့် ဒီလိုသတ်မှတ်ခဲ့တဲ့ အတွက်ကြောင်မို့လို့ ကျွန်မတို့က ပြန်လည်ဖြေရှင်းခွင့်ရှိသည်အတွက် မိမိတို့က ပြန်လည်ပြီး ဖြေကြား ချေပနိုင်ခဲ့ပါကြောင်း၊

ထို့နောက် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို လည်းကောင်း ၊ICOMOS အဖွဲ့ကိုလည်းကေင်း၊ အမွေအနှစ်ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံဖြစ်သော သံအမတ်ကြီးများကိုလည်းကောင်း၊ တွေ့ဆုံပြီး  ပျူမြို့ဟောင်းများ၏ အရေးပါမှု၊ နှစ်ပေါင်းတစ်ရာကျော်မက ပြည်တွင်းပြည်ပပညာရှင်တွေအ သီးသီး သုတေသနပြု ဖော်ထုတ်ထားရှိမှု၊ လက်ရှိကာကွယ်ထိန်းသိမ်းထားရှိမှုများကို အထောက်အထားများ ပြည့်စုံစွာဖြင့် Presentation လုပ်ပြီး ရှင်းပြခြင်း၊ အပြုသဘောမေးမြန်းတိုင်ပင်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ Inscribe ရရှိရေးအတွက် ကော်မတီဝင် ၂၁ နိုင်ငံအနက် အနည်းဆုံး ၁၂ နိုင်ငံက ထောက်ခံ ပေးမည်ဆိုပါက Inscribe အဖြစ် ကမ္ဘာ့အမွေအနှစ် စာရင်းရရှိမည်ဖြစ်ပါကြောင်း၊  ယခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် မိမိတို့အမွေအနှစ်ကို ဆုံးဖြတ်ရာ၌ နိုင်ငံအသီးသီးကနေ ထောက်ခံကြခြင်းကြောင့် ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်အဖြစ် ပေးလိုက်ခြင်းဖြစ်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီးရှိ သပိတ်ကျင်းမြို့နယ်မှ တကောင်း မြို့ဟောင်း၊ ပင်လယ်ခေါ် မိုင်းမော ပျူမြို့ဟောင်းများနှင့် ဆက်လက်ပြီး တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထပ်မံ၍ ပုဂံ၊ အင်းဝ၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦး အစရှိ ထင်ရှားသော ရှေးဟောင်းဒေသများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 ယခုအခါ ပုဂံယဉ်ကျေးမှုအမွေအနှစ် အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ရရှိရေးအတွက် ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက် Outstanding Universal Values များ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် သတ်မှတ်ခြင်းမခံရခင်နှင့် သတ်မှတ်ခံရပြီးချိန်များတွင် စီမံခန့်ခွဲမှုဆိုင်ရာအပိုင်းများသည်လည်း စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သကဲ့သို့ လိုက်နာရန် ကန့်သတ်ချက်များလည်းရှိပါကြောင်း၊ ထို့ပြင် ဝန်ထမ်းအင်အား၊ ပြည်သူလူထုအင်အား၊ ဒေသခံတို့၏အား၊ ငွေကြေးရန်ပုံငွေ စွမ်းဆောင်နိုင်မှုများ လိုအပ်သလို အစိုးရ၊ ပြည်သူလူထုနှင့် လုပ်ငန်းရှင်များ၊ တာဝန်ရှိအဖွဲ့အစည်းများ နားလည်စွာပူးပေါင်းဆောင်ရွက်မှုနှင့် တွန်းအားပေးမှုများကလည်း အရေး ကြီးလိုအပ်လှပါကြောင်း၊  အထူးသဖြင့် လူနေထိုင်မှုနေရာများနှင့် ရောယှက်နေပါက ပိုမိုနက်နဲခက်ခဲဖြေရှင်းရမည်ဖြစ်ပါကြောင်းနှင့် ယခုနှစ်ပိုင်းတွင် ပုဂံကို စတင် ဆောင်ရွက် နေပြီး ကျန်အမွေအနှစ်များကို သတ်မှတ်ချက်များကိုက်ညီသည်များကို ဦးစားပေးပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။