(ခ)-ပုဂ္ဂလိကအသေးစား ရေနံချက်ဖိုလုပ်ငန်းများကို အဆင့်မီဒီဇယ်ဆီ၊ ဓာတ်ဆီထုတ်လုပ်နိုင်ရန် နည်းပညာကူညီပေးရေး နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၂.၉.၂၀၁၄)

ဦးညွန့်လှိုင် (ဖြူး) ယနေ့ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ဝှမ်းဒေသ၊ ချင်းတွင်းမြစ်ဝှမ်းဒေသများ တွင်းတိမ်ရေနံမှော်များမှ ရေနံများ ထွက်ရှိနေ၍ ပုဂ္ဂလိကရေနံတူးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ရရှိသောရေနံစိမ်းများကို ရေနံချက်ဖိုများတွင် တိုက်ရိုက်မီးထိုးအပူးပေးသောမီး (Direct Fried Order System) ဖြင့် ချက်လုပ်ကြပါကြောင်း၊ ယင်းစနစ်ဖြင့် ချက်လုပ်၍ ထွက်ရှိသော ဒီဇယ်ဆီ၊ ဓာတ်ဆီများမှ တိုက်ရိုက်မီးနှင့်တွေ့ထိထား၍ အပူချိန်မြင့်မားသောကြောင့် အဆင့်မမီခြင်း၊ ဆီထွက် နှုန်း  မကောင်းခြင်း၊ သန့်စင်စနစ်မပါ၍ ဆီမသန့်ခြင်း၊ တိုက်ရိုက်မီးရှို့ထား၍ အလွန်မီးဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ ထင်းများကို လောင်စာအဖြစ်အသုံးပြုနေရ၍ သဘာဝသစ်တောများ ဆုံးရှုံးရခြင်း စသော ဆိုးကျိုးများဖြစ်ပေါ် လျက်ရှိပါကြောင်း၊ ယင်းသို့ ဆိုးကျိုးများမဖြစ်ပေါ်စေရန်အတွက် အသေးစားရေနံချက်စက်ရုံ များကို ဒီဇိုင်းထုတ်၍ နည်းပညာပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ ထုတ်လုပ်ရာတွင် အငွေ့ပျံပူချိန် Boiling Point အလွန်နိမ့်ပါကြောင်း၊ ဥပမာအားဖြင့် ရေသည် ၁၀၀ ဒီဂရီစင်တီဂရိတ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီထုတ်လုပ်မည့် Hydrocarbon Compound သည်  ၁၀၀ ဒီဂရီစင်တီဂရိတ်ထက် နိမ့်ပါကြောင်း၊ ထို့ကြောင့် ချက်လုပ်ရာတွင် လောင်စာဆီ လိုအပ်မှုအလွန်နည်းပါကြောင်း၊ လိုအပ်သောလောင်စာဆီကိုလည်း စက်ရုံမှ ပြန်လည်ထွက်ရှိသော ဆီညံ့များ(ဖာတစ်စမော)၊ ရေနံချိုးများ (Oil Recued) များနှင့် ပြန်လည်အသုံးပြုခြင်းအားဖြင့် Sub Generating System ဖြစ်ပါကြောင်း၊ ပြင်ပလောင်စာထင်းများ သုံးစွဲရန်မလိုအပ်ပါကြောင်းနှင့် မည့်သည်ရေနံချက် စက်ရုံမှာလည်း လောင်စာထင်း သုံးစွဲမှုမရှိကြပါကြောင်း၊ ထို့ကြောင့် သန့်စင်လောင်စာ ထုတ်စနစ် fuel gas production Unit ၊ အပူးကူးရေနွေးငွေ့စနစ် Water Boiling System for Heat Transaction ၊ အဆင့်ဆင့်ဆီသန့်စင်စနစ် Complete Refine Process Unit တို့ပါဝင်သော သင်‌့လျော်သည့် အသေးစား ရေနံချက်စက်ရုံငယ်များ Appropriated Meaning and Small Scale Oil Reference Plant များကို ပုံစံနှင့် နည်းပညာ Designed and Technical များကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
အဖြေ

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်းများအား ခွင့်ပြုထားခြင်း မရှိသေးသော်လည်း အချို့သော တိုင်းဒေသကြီးများတွင် ဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါသည် ဒေသန္တရရေနံချက်လုပ်ခြင်းလုပ်ငန်းကို တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ပြည်ထောင်စု အစိုးရအဖွဲ့မှသာ ဆောင်ရွက်ခွင့်ရှိသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ယင်း လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူ လူထုများအလုပ် အကိုင်ရရှိစေခြင်း၊ လယ်ယာကုန်ထုတ်ကဏ္ဍနှင့် ကျေးလက်ခရီးသွားလာရေး ကဏ္ဍများတွင် အမှန်တကယ် အကျိုးရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ထုတ်လုပ်မှု၊ ချက်လုပ်မှုနည်းစဉ်များ စနစ်တကျဖြင့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ချက်လုပ်ခွင့်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲများကို ၃၀-၇-၂၀၁၄ ရက်နေ့ စွမ်းအင်ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော ညှိနှိုင်းဆွေးနွေးချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့မှ အမိန့်ကြော်ငြာစာထုတ်ပြန်ကာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရများကို အသိပေးထားပြီး သဘောထားမှတ်ချက်များ တောင်းခံဆောင်ရွက်လျက်ရှိပါကြောင်း၊

အရည်အသွေးပြည့်မီတဲ့ စက်သုံးဆီထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းတွင် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုအဖြစ် Myanmar Chemical Engineers Group မြန်မာနိုင်ငံ ဓာတုအင်ဂျင်နီယာများအဖွဲ့မှ မုံရွာခရိုင်၊ လက်ပံကျေးရွာမှာ တစ်ရက်လျှင် ဂါလန် ၁၅၀၀ ချက်လုပ်၍ စံချိန်မီဓာတ်မီနှင့် ဒီဇယ်ဆီထုတ်လုပ်ပေးနိုင်မည့် အသေးစားရေနံချက်စက် တည်ဆောက်နိုင်ရန် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ တင်ပြခြင်းစာတမ်းနှင့် စက်ရုံတည်ဆောက် လည်ပတ်မှုတို့အရ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ မှန်ကန်သင့်လျော်သည့် ရေနံချက်လုပ်နည်းစနစ်များဖြင့် ဆောင်ရွက်ထားသဖြင့် သင့်လျော်မှုရှိကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ ရေနံချက်ဖို တည်ဆောက်လိုသူများအနေနှင့် အဆိုပါ Myanmar Chemical Engineers Group ကဲ့သို့ ပြည်တွင်းရေနံချက်စက် တည်ဆောက်လည်ပတ်မှု အတွေ့အကြုံရှိသည့် အင်ဂျင်နီယာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နည်းပညာအထောက်အကူများကိုလည်း ရယူနိုင်ပါကြောင်း၊

ပြည်ပနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံနှင့် ပပူးဝါးနယူးဂီနီနိုင်ငံတို့တွင် တစ်ရက် ဂါလန် ၅၂၅၀ မှ ဂါလန် ၁၄၀၀၀၀ အထိ ချက်လုပ်နိုင်သော ခေတ်မီသိပ္ပံနည်းကျ ရေနံချက်စက်ငယ်များရှိကြောင်း လေ့လာတွေ့ရှိရပြီး နေရာရွှေ့ပြောင်းရန်လွယ်ကူခြင်း၊ တပ်ဆင်ပစ္စည်းများ စိတ်ချရခြင်းနှင့်ထွက်ရှိသော စံချိန်မီ ချက်ဆီများ ရရှိနိုင်ခြင်းတို့ကြောင့် အဆိုပါရေနံချက်စက်ငယ်မျိုးအား ဝယ်ယူချက်လုပ်မည်ဆိုပါက နည်းပညာပိုင်းအရ သင့်လျော်မှုရှိကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ရေနံချက်ဖိုများ အပူချိန်မြင့်နှင့် ဖိအားမြင့် သမာရိုးကျချက်လုပ်မှုနည်းစဉ် ထင်းနှင့် ရေနံချိုးလောင်ဆီကို အဓိကထား အသုံးပြုချက်လုပ်ခြင်းဖြစ်ပြီး ထွက်ရှိသည့် ချက်ဆီများ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့မှာ သတ်မှတ်မော်တော်ယာဉ် စက်မောင်းဆီအဆင့်ကို မပြည့်မီဘဲ ဆာလ်ဖာ (Sulfur)နှင့် နိုက်ထရိုဂျင်(Nitrogen) ပါဝင်နေခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုနှင့် ခေတ်မီ မော်တော်ယာဉ် အင်ဂျင်များ ပျက်စီးစေနိုင်သောကြောင့် ပြည်ပနိုင်ငံများရှိ ခတ်မီသိပ္ပံနည်းကျ ရေနံ ချက်စက်ငယ်များ၏ အသုံးပြုချက်လုပ်နည်းစဉ်များအတိုင်း လေ့လာဆောင်ရွက်သင့်ပါကြောင်း၊        စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းအနေနှင့် အသေးဆုံးချက်လုပ်ခဲ့သည့် မလွန်ရေနံချက်စက်ရုံသည် တစ်ရက်လျှင် ရေနံစိမ်း ဂါလန် ၈၀၀၀၀ ခန့် ချက်လုပ်နိုင်ခဲ့ပါကြောင်း၊ ပုဂ္ဂလိကပိုင် Gasoline Plant ငယ်ကို ဝယ်ယူပြီး ပြည်တွင်းမှာရှိသည့် စက်ကို ပစ္စည်းအဟောင်းများ အသုံးပြုပြီး မြန်မာအင်ဂျင်နီယာများ စွမ်းဆောင်မှုနှင့် ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခု ဇူလိုင်လအထိ သုံးနှစ်လည်ပတ် ချက်လုပ်နိုင်ခဲ့ပါကြောင်း၊ ကုန်ချောထုတ်ရှိမှုစံနှုန်း Yield Percentage က ဓာတ်ဆီ ၂၄.၃၈ ရာခိုင်နှုန်း၊ ရေနံဆီ ၁.၁၇ ရာခိုင်နှုန်း၊ ဒီဇယ်ဆီ ၄၃.၆၈ ရာခိုင်နှုန်းနှင့် မီးထိုးဆီ ၂၈.၈၆ ရာခိုင်နှုန်းတို့ဖြစ်ပြီး မန်းရေနံမြေမှ သဘာဝဓာတ်ငွေ့ကို ဘွိုင်လာမီးထိုးရန်နှင့် ရေနံစိမ်းအပူပေးရန် သုံးစွဲ ခဲ့ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ ရေနံချက်စက်ရုံ(မလွန်)ကို တည်ဆောက်လည်ပတ်ခဲ့သည့် အတွေ့အကြုံများအရ ပုဂ္ဂလိကအသေးစားရေနံချက် လုပ်တည်ဆောက် ဆောင်ရွက်လိုသူများ၏ တင်ပြလာမှုအပေါ်တွင် စက်တည်ဆောက်မှု ဒီဇိုင်း၊ ချက်လုပ်မည့်နည်းစဉ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု ထွက်ရှိချက်ဆီများ၏ အရည်အသွေးစံချိန်စံညွှန်းကိုက်ညီမှု စသည့် အချက်များဖြင့် ဆောင်ရွက်သင်‌့/မသင့်ကို နည်းပညာပိုင်းဆိုင်ရာ စိစစ်မှုအားဖြင့် အထောက်အကူပြု အကူအညီ ပေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။