(က)-ရေအားလျှပ်စစ်စီမံကိန်းများ (Hydro၊power) နှင့် စပ်လျဉ်း၍သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်က Free Share ၁၀% ရရှိအောင် မည်ကဲ့သို့ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်မပေးနိုင်ပါက ၎င်းတို့၏နစ်နာမှုကို မည်ကဲ့သို့ကုစားပေးမည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၂.၉.၂၀၁၄)

ဒေါ်နန်းဝါနု (ကွန်ဟိန်း)မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဖြင့် ဆောင်ရွက်နိုင်သော အခြေခံကောင်းများ ကောင်းစွာလုံလောက်စွာရှိ၍ မိမိကိုယ်တိုင် ရင်းနှီးမြှုပ်နှံခြင်း၊ ပုဂ္ဂလိက တိုင်းရင်းသားလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်စေခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ခြင်း စသည်တို့ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတော်က ကြိုးပမ်းသကဲ့သို့ ပုဂ္ဂလိကတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ အတွင်း ရေအားလျှပ်စစ်စီမံကိန်းများ (Hydro power) နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံရန် အထူးစိတ်ဝင်စားကြပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏလည်း အလွန်များပြားကာ ပြည်ထောင်စုအစိုးရအနေဖြင့် Free power ၁၀ ရာခိုင်နှုန်း ဓာတ်အားနှင့် Free Share ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုကို လုပ်ကိုင်ခွင့်နှစ် ၄၀ အထိ ခံစားရယူမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ရေအားလျှပ်စစ်စီမံကိန်းများ(Hydro power) ပြုလုပ်နိုင်သည့်နေရာ အနှံ့အပြားရှိနေပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုစနစ်မြင့်မားလာရေး၊ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု လျော့နည်းရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ကြိုးပမ်းနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

ထိုသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုစနစ်မြင့်မားလာရေး၊ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု လျော့နည်းရေးတို့အတွက် ရန်ပုံငွေလိုအပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ပြုလုပ်သော စီမံကိန်းများမှ ၎င်းတို့ကလည်း အကျိုးခံစားခွင့် ရရှိသင့်သဖြင့် အကျိုးခံစားခွင့်ရရှိစေရန် ပြည်ထောင်စုအစိုးရကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြုလုပ်သော ရေအားလျှပ်စစ်စီမံကိန်းများ (Hydro power) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က Free Share ၁၀ ရာခိုင်နှုန်းရရှိစေရန် ပြည်ထောင်စုအစိုးရက မည်ကဲ့သို့ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက ၎င်းတို့၏ နစ်နာမှု၊ အကျိုးအမြတ် ခံစားခွင့် ဆုံးရှုံးမှုကို မည်ကဲ့သို့ ကုစားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးနိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးရရှိရေးအတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်း၊ ဓာတ်အားပို့လွှတ်မှုအပိုင်း၊ ဓာတ်အားဖြန့်ဖြူးမှုအပိုင်းဟူ၍ (၃) ခု အချိုးညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆောင်ရွက်သည့် (၃) ပိုင်းအနက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအဆင့်ဆင့် ဆောင်ရွက်ရာတွင် (က) ကျွမ်းကျင်မှုဆိုင်ရာနှင့် စီးပွားရေးတွက်ခြေကိုက်မှုစိစစ်ခြင်း၊ (ခ) စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့်  လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း၊ (ဂ) ဒေသအတွင်း ကွင်းဆင်း၍ ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းခြင်း၊ (ဃ) ပြည့်စုံပါက အကောင်အထည်ဖော်ခြင်းဟူ၍ အဆင့် (၄) ဆင့်ဖြင့် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်တွင် စူးစမ်းလေ့လာဆဲ၌ ဒေသနှင့်ဆိုင်သော လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခံများကို ထည့်သွင်းပြီး အစီရင်ခံစာတွင် ဖော်ပြစေပါကြောင်း၊ ဒုတိယအဆင့်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု၊ ကွင်းဆင်းစစ်ဆေးပြီးှ အသေးစိတ်ရလဒ်များကို ဆန်းစစ်ကြရပါကြောင်း။ ထိုသို့ ဆန်းစစ်သည့်နေရာတွင် ပိုမိုတိကျသည့် အခြေခံအချက်များရရှိပြီး  ထိခိုက်မှုများအတွက် ရေတိုရေရှည် ဆောင်ရွက်ပေးရမည့် အစီအစဉ်များပါ ရေးဆွဲပါရှိပါကြောင်း၊ တတိယအဆင့်တွင် မိမိတို့ ဒုတိယအဆင့်၌ ရရှိလာသော ရလဒ်များအပေါ် ပြည်သူများကို ကွင်းဆင်းပြီး အကျိုးကျေးဇူး၊ ဒေသတွင်းဖွံ့ဖြိုးလာမည့် အခြေအနေ၊ ထိခိုက် ဆုံးရှုံးမှုများ၊ ထိခိုက်မှုအပေါ်ကုစားမည့် အစီအစဉ်များပါ အသေးစိတ် ရှင်းလင်းတင်ပြပါကြောင်း၊ ယခုအချိန်တွင် ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ရှင်းလင်းပြောကြားမှုကို ပွင့်လင်းမြင်သာစွာနှင့် မီဒီယာများ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအာဏာပိုင်များ၊ ဒေသတွင်းမှ အဖွဲ့အစည်းများ၊ ပြည်သူများ တတ်ရောက်စေရေးအတွက်  စီစဉ်ဆောင်ရွက်ပေးပြီး ရှင်းလင်းပွဲများကို စနစ်တကျ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ရှင်းလင်းပွဲများတွင် စီမံကိန်းကြောင့် ဒေသတွင်းထိခိုက်မှုများအတွက် ဆောင်ရွက်ပေးရမည့် အစီအစဉ်များသာမက ထိခိုက်မှုမရှိသော ဒေသတွင်းရှိ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက်လည်း လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးသည့်အစီအစဉ်များ၊ ဒေသတွင်းမှ ဖွံ့ဖြိုးလာမည့် အခွင့်အလမ်းများကိုပါ မိမိတို့ အသေးစိတ်ရှင်းလင်းတင်ပြပေးကြရပါကြောင်း၊ ဤကိစ္စအတွက် နိုင်ငံတော်ဘက်သာမက အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းရှင်ဘက်ကပါ တာဝန်ယူ အာမခံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော ဖက်စပ်ရေအား လျှပ်စစ်စီမံကိန်းများ တည်ဆောက်ခြင်းကြောင့် နိုင်ငံတော်ဘက်မှ Free Share ၊ Free Power နှင့် ဥပဒေနှင့်အညီ ပေးသွင်းသော အခွန်အခများ ရရှိပါကြောင်း။

ရေအားလျှပ်စစ်စီမံကိန်းများ ရင်းနှီးမြှုပ်နှံသည့်နေရာတွင် ဒေသ၏ အခြေအနေ၊ ရာသီဥတု၊ ဘူမိဗေဒ အခြေအနေ၊ တစ်နှစ်ပတ်လုံးရေရနိုင်မှုအခြေအနေ၊ မြေမျက်နှာပြင်ကွာခြားချက်၊ လမ်းပန်းဆက်သွယ်ရေး၊ ဓာတ်အားလိုင်းသွယ်တန်းမှုအကွာအဝေး စသည့် အခြေခံအချက်များ မတူကြသည့်အတွက် ရင်းနှီးမြျုပ်နှံမှု ပမာဏကွဲပြားသကဲ့သို့ ရရှိသည့်အကျိုးအမြတ်များလည်း ကွဲပြားကြပါကြောင်း။  စီမံကိန်းဖြစ်မြောက်နိုင်စွမ်း စိစစ်သည့်နေရာတွင် အထက်ပါအခြေခံအချက်များအပေါ် ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အတွက်  ရေရှည်အကျိုးရှိစေမည်အထိ အဆင့်ဆင့် ညျိနှိုင်းဆောင်ရွက်ကြရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကြောင့်  ရရှိသည့်ရလဒ်ထဲတွင် နိုင်ငံတော်အတွက် ရယူသုံးစွဲမည့် ဓာတ်အားအတွက် ဓာတ်အားခသည် သင့်တင့်မျှတသည့် ဓာတ်အားခဈေးနှုန်းဖြစ်စေရန် ထည့်သွင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကြောင့်  Free Share နှင့် Free Power နှစ်ခုပေါင်း အနည်းဆုံး ၂၀ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်းအထိ ကွဲပြားစွာရရှိပါကြောင်း။

အဆိုပါစီမံကိန်းများတွင် ရရှိလာသောဝင်ငွေကို နိုင်ငံတော်ရန်ပုံငွေအတွင်းကိုသာ ထည့်ဝင်ပေးသွင်းလျက်ရှိပြီး နိုင်ငံတော်မှ ရန်ပုံငွေကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စနစ်တကျ ခွဲဝေခွင့်ပြု သုံးစွဲနေခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကြောင့် ဒေသတွင်းထိခိုက်မှုများအတွက် မူလအခြေအနေထက် ပိုမိုကောင်းမွန်သောအခြေအနေ ဖြစ်ပေါ်လာစေရေး၊ ဒေသခံများ၏ လက်ရှိလူမှုရေး၊ စီးပွားရေးအခြေအနေများ ပိုမိုကောင်းမွန်လာစေရေးအထိ မိမိတို့ ဒေသခံများနှင့် နှစ်ဦးနှစ်ဖက်ပြေလည်သည်အထိ ညျိနှိုင်း ဆောင်ရွက်သည့် စနစ်ကို ကျင့်သုံးလျက်ရှိပါကြောင်း၊ ဖက်စက်လုပ်ငန်းဖြစ်စေ၊ တိုင်းရင်းသားလုပ်ငန်းရှင် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်စေ၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်စေ ယင်းမူအတိုင်း မိမိတို့ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းကြောင့် ထိခိုက်မှုမရှိသော်လည်း စီမံကိန်းပတ်ဝန်းကျင်ရှိ ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ထည့်သွင်းစီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စက်ရုံအနီးပတ်ဝန်းကျင်တွင် ထွက်ရှိလာသည့် ဓာတ်အားကို စက်ရုံက တိုက်ရိုက်ပေးပို့ခြင်း၊ စက်ရုံကတစ်ဆင့် မဟာဓာတ်အားလိုင်းကြီးများနှင့် ပေးပို့သွားသည့် လမ်းတစ်လျှောက်ရှိ ဒေသအတွင်း၌ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်သော နေရာများတွင် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ ထုတ်လွှတ်သည့်ဓာတ်အားမှာ ကြီးမားသော ဓာတ်အားလိုင်းကြီးများနှင့် သွယ်တန်းပြီး ပေးပို့ရခြင်းများရှိသကဲ့သို့ အဆင့်ဆင့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားချပြီး ပေးပို့သည့်စရိတ်အားလုံးကို နိုင်ငံတော်ရန်ပုံငွေက စနစ်တကျ ရယူသုံးစွဲပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားပေးရေးစီမံကိန်းများမှ ရရှိလာသော ဝင်ငွေအားလုံးကို နိုင်ငံတော်၏စီမံမှုဖြင့် လိုအပ်သည့်ဒေသ၊ လိုအပ်သည့်ကဏ္ဍများတွင် စနစ်တကျလျာထား၍ ပြန်လည် သုံးစွဲလျက်ရှိပါကြောင်း၊ စီမံကိန်းများကြောင့် တိုက်ရိုက်ထိခိုက်မှုအတွက် ဒေသခံများနှင့် အကြိမ်ကြိမ် ကွင်းဆင်းဆွေးနွေး၍ မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေး အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိခိုက်မှုမရှိသည့်ဒေသအတွင်း ဓာတ်အားလိုင်းများ သွယ်တန်းကာ စနစ်တကျစီစဉ်ဆောင်ရွက်ပေးပြီး ရန်ပုံငွေများကျခံသုံးစွဲ လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်နန်းဝါနု (ကွန်ဟိန်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းခဲ့ခြင်း မရှိသေးသကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများလည်း ပြဋ္ဌာန်းနိုင်ခဲ့ခြင်း မရှိသေးပါကြောင်း၊ ယခု ယင်းဥပဒေများ ပြဋ္ဌာန်းပြီးသည့်အချိန်တွင် Rule of Law အရ နိုင်ငံတော်အကျိုးအလို့ငှာ အဆိုပါစာချုပ်များ MOU များကို ခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိစေရန်၊ ပြန်လည်ညိနှိုင်းချုပ်ဆိုရန် အစီအစဉ်ရှိ/မရှိနှင့် ရေအားလျှပ်စစ်စီမံကိန်းများအပါအဝင် အခြားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများနှင့် စပ်လျဉ်း၍ မချုပ်ဆိုမီ၊ ချုပ်ဆိုပြီးသော MOU များ၊ စာချုပ်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ သဘောတူညီချက်ရယူရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး

မိမိတို့ ယင်ခင်က ချုပ်ဆိုထားသော စာချုပ်များအပေါ် ခေတ်ကာလအခြေအနေ၊ အချိန်အခါနှင့် မကိုက်ညီတော့သည့် စာချုပ်များကို ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ပြောင်းလဲ ဆောင်ရွက်သင့်သည့် ကိစ္စများကို ပြောင်းလဲဆောင်ရွက်နေပြီဖြစ်ကြောင်းကို လာရောက် တင်ပြပြီးဖြစ်ပါကြောင်း။ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရအဖွဲ့တွင် အသေးစိတ်ဆွေးနွေးပြီး မိမိတို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။