(င)-ကျေးသီးမြို့နယ်တွင် လဝက ဦးစီးအရာရှိတစ်ဦးနှင့် မိုင်းနောင်မြို့တွင် လဝကမှူးတစ်ဦးအား အစားထိုးခန့်အပ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၅.၂.၂၀၁၈)

ကျေးသီးမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်အတွင်းပါဝင်ပြီး လူဦးရေ ၇၅၅၈၉ ဦး ခန့်နေထိုင်လျက်ရှိပါကြောင်း၊ ကျေးသီးမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ဦးစီးအရာရှိတစ်ဦးနှင့် မိုင်းနောင်မြို့တွင် လဝကမှူးတစ်ဦး လစ်လပ်ရှိနေသည်မှာ တစ်နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သည့် တွက် ကျေးသီးမြို့နယ်ပြည်သူလူထုများအနေဖြင့် မှတ်ပုံတင်အသစ် ပြုလုပ်ခြင်း၊ လဲလှယ်ခြင်း၊ လိုအပ်သည့်ထောက်ခံချက်များတောင်းခံခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်ကြရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် ထောက်ခံလက်မှတ်ထိုးပေးနိုင်ရန်အတွက် မိုင် ၇၀ ခန့်ကွာဝေးသော မှိုင်းရှူး မြို့သို့ အထောက်အထားများကိုယူဆောင်ကာ သွားရောက်ဆောင်ရွက်နေကြရပါကြောင်း၊ မှတ်ပုံတင် ပြုလုပ်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် ခရီးသွားလာရာတွင် အဆင်မပြေခြင်း၊ မှတ်ပုံတင်ပြသနိုင်ခြင်းမရှိသည့်အတွက် မှားယွင်းအထင်လွဲ စွတ်စွဲခံရခြင်းများကို ကြုံတွေ့ ခံစားနေရပါကြောင်း၊ ထို့ကြောင့် ကျေးသီးမြို့နယ်တွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိတစ်ဦးနှင့် မိုင်းနောင်မြို့တွင် လဝကတစ်ဦးအား အစားထိုးခန့်အပ်ပေးနိုင်ခြင်းရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်ကာလ၌ ခန့်ထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ အမြဲတမ်းအတွင်းဝန်ရုံးအောက်တွင် ဦးစီးဌာန(၃)ခု၊ သင်တန်းကျောင်းနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခရိုင်မြို့နယ်ဦးစီးမှူးရုံးများ ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ မြို့နယ်ဦးစီးမှူးရုံး၏ ဖွဲ့စည်းပုံသည် အရာထမ်းတစ်ဦး၊ အမှုထမ်း ၂၄ ဦး စုစုပေါင်း ၂၅ ဦးဖြစ်သော်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဖွဲ့စည်းပုံ ခွင့်ပြုအင်အား၏ ၅၄ ရာခိုင်နှုန်းသာရှိသည့်အတွက် အချို့မြို့နယ်များတွင် ဖွဲ့စည်းပုံအင်အားကို  အပြည့်အဝချထားပေးနိုင်ခြင်း မရှိပါကြောင်း၊

ဖွဲ့စည်းပုံအရ မြို့နယ်ဦးစီးမှူး ရုံးများအား ရှေ့တန်းရုံးအဖြစ်ပြောင်းလဲပြီး ဝန်ထမ်းအင်အားများကို သက်ဆိုင်ရာမြို့နယ်ဦးစီးမှူး ရုံးများတွင် ထည့်သွင်းဖွဲ့စည်းထားပြီး အလှည့်ကျတာဝန် ထမ်းဆောင် လျက်ရှိပါကြောင်း၊ မိုင်းနောင်မြို့ ဦးစီးရုံးသည် ရှေ့တန်းရုံးသာဖြစ်သည့်အတွက် ကျေးသီးမြို့နယ် ဦးစီးရုံး အင်အားတွင် ပါဝင်ပါကြောင်း၊ စုစုပေါင်း ဝန်ထမ်းအင်အား (၉) ဦးဖြင့် တာဝန်ထမ်းဆောင်လျက် ရှိပါ ကြောင်း၊  မြို့နယ်ဦးစီးမှူးရုံးများ၏ ဝန်ထမ်းဖွဲ့စည်းပုံသည် အရာထမ်းတစ်ဦး၊ အမှုထမ်း ၂၄ ဦး စုစုပေါင်း ၂၅ ဦးဖြစ်သော်လည်းပဲ ဝန်ထမ်းခန့်ထားသည့်မူအရ အများဆုံး သုံးပုံတစ်ပုံသာ ခန့်ထားနိုင်ပါကြောင်းနှင့် နှစ်စဉ်ပြုန်းတီးအင်အားများဖြစ်ပေါ်နေခြင်းကြောင့်လည်း သက်ဆိုင်ရာဒေသအလိုက် လုပ်ငန်းတာဝန် အနည်းအများအပေါ်မူတည်ပြီး လက်ရှိအင်အားဖြင့် ချင့်ချိန်လျက် ဝန်ထမ်းများအား တာဝန်ချထား ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးရှိ ဝန်ထမ်းများ၏ ဒေသပြောင်းရွှေ့ရေးနှင့် နေရာချထားရေးကို အရာထမ်း အဆင့်ဝန်ထမ်းစီမံခန့်ခွဲရေး ကော်မတီ အမှုထမ်းအဆင့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုကော်မတီများနှင့် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက် လျက်ရှိပါကြောင်း၊

 ကျေးသီးမြို့နယ် ဦးစီးမှူးရုံးတွင် လိုအပ်လျက်ရှိသော အရာထမ်းဝန်ထမ်း ဦးစီးအရာရှိတစ်ဦးနှင့် အမှုထမ်း ဝန်ထမ်း လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးတစ်ဦးတို့ကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ဦးစားပေးပြီး အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။