လုပ်ငန်းခွင်ဝင်ရောက်ကြမည့် ကာယ၊ ဉာဏလုပ်သားများအတွက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး သည် အရေးကြီးပါကြောင်း၊ လုပ်ငန်းခွင်မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သလို နိုင်ငံ့ အတွက် ကုန်ထုတ်လုပ်မှုများထိခိုက်သလို လျော်ကြေး၊ နစ်နာကြေးစသည့် ဆိုးကျိုးများလည်း ဖြစ်ပေါ်စေ ပါကြောင်း၊၂၀၁၄-၁၅ ခုနှစ်တွင် မတော်တဆမှုပေါင်း ၇၁ မှု ဖြစ်ပွားခဲ့ရာတွင် ၂၀ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၃၇ ဦး ၊၂၀၁၅-၁၆ ခုနှစ်တွင် မတော်တဆမှု ၁၂၃ မှုတွင် ၁၆ ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၇၄ ဦး ၊ ၂၀၁၆-၁၇ ခုနှစ် သြဂုတ်လအထိ မတော်တဆမှု ၈၁ မှုတွင် ၁၅ ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၃၆ ဦး တို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ သင်္ဘောကျင်းများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက်ကြမည့် ကာယ၊ ဉာဏလုပ်သား များအား လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးသင်တန်းများတက်ရောက်စေရေး၊ သင်တန်းဆင်းလက်မှတ်များရရှိပြီးမှ လုပ်ငန်း ခွင် ဝင်ရောက်ပါက လုပ်ငန်းခွင်ဘေးအန္တရာယ်များ လျော့ပါးသွားစေ နိုင်မည်ဖြစ်သည့်အတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် ဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ပါက ပိုပြီးထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုအတွက် လုပ်ငန်းရှင်မှ လုပ်ငန်းခွင်ဝတ်စုံ၊ Helmet, Saving Shoes, မျက်နှာမှန်ကာ၊ မျက်မှန်၊ နားကြပ်၊ နှာခေါင်းစည်း၊ လက်အိတ် စသည့် အန္တရာယ်ကင်းရှင်းရေး ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ လုပ်ဆောင်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် စက်ရုံများ၊ လုပ်ငန်းခွင်များ၊ ယန္တရားပစ္စည်းကိရိယာများ၊ တိကျသည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်မှု များ လုပ်ဆောင်ပေးရန်တို့ လိုအပ်ပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်များအတွက် စိန်ခေါ်မှုများရှိနေသည်ကို သိရှိရပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်များပြားလာပြီး ကျွမ်းကျင်လုပ်သားလိုအပ်မှုနှင့်အတူ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ လိုအပ်လာပြီဖြစ်သည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ၊ သင်္ဘောကျင်းများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက်ကြမည့် အလုပ်သမားများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Safety Course သင်တန်းများကို တိုင်းနှင့်ပြည်နယ် လိုက်ပို့ချ၍ သင်တန်းဆင်းလက်မှတ်များ ရရှိအောင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကိုသိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများတွင် ရှိသည့်အလုပ်သမားများအတွက် ဥပဒေပါရပိုင်ခွင့်များကို မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝခံစားနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ကြဉ်းပေးရေး ဆိုသည့် ရည်မှန်းချက်များချမှတ်ပြီး အလုပ်သမားများကို ကာကွယ်စောင့်ရှောက်မှုများပေးလျက် ရှိပါ ကြောင်း၊ အလုပ်သမားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေများအရ စည်းကြပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေတွင် ဆောက်လုပ်ရေး လုပ်ငန်း များ၊ သင်္ဘောကျင်းလုပ်ငန်းများသည် အကျုံးဝင်မှုမရှိသေးပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ကုန်ထုတ် လုပ်ငန်းများနှင့်ပတ်သက်ပြီး ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပုဒ်မ ၄၃ ပုဒ်မခွဲ(က)တွင် လုပ်ငန်းခွင် ပိုင်ရှင်သည် အလုပ်သမားများ၊ ကြီးကြပ်သူများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေး သင်တန်းများကို လိုအပ်သလိုတက်ရောက်စေရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သင်္ဘောကျင်းလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ လိုအပ်ချက်များသည် လုပ်ငန်းအမျိုးအစားအလိုက် ကွဲပြားခြားနားမှု များစွာရှိနေပါကြောင်း၊ သင်တန်းဖွင့်လှစ်မည်ဆိုပါက သင်တန်းတစ်ခုချင်းစီ၏ Career Clan များ၊ နည်းပြများ စသည့်တို့ကို သီးခြားပြဋ္ဌာန်းပြီးမှ စီစဉ်ဆောင်ရွက်ရမည့်အနေအထားဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်နိုင်ရန်အတွက် လက်ရှိမိမိတို့ဝန်ကြီး ဌာနတွင်ရှိသည့် အဆိုပါများပြား ကွဲပြားသည့် လုပ်ငန်းနယ်ပယ်များအလိုက် ကျွမ်းကျင်သည့် ဝန်ထမ်းအင်အားအကန့်အသတ်ရှိနေပါကြောင်း၊ အလားတူ သင်တန်းအထောက်အကူ ပစ္စည်းများလည်း အကန့်အသတ်ရှိနေသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဝန်ကြီးဌာန အနေဖြင့် သင်တန်းများဖွင့်လှစ်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခြင်းမရှိခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးအရာထမ်းများအနေဖြင့် စစ်ဆေးစည်းကြပ်ခြင်းလုပ်ငန်းများအပြင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိအမြင်မြှင့်တင်ရေးဟောပြောပွဲများကို စက်ရုံ၊ အလုပ်ရုံများသို့သွားရောက် ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အလုပ်ရုံ၊ စက်ရုံ ပေါင်း ၃၆၅၀ ရုံမှ အလုပ်သမားပေါင်း ၁၂၉၂၃၅ ဦးတို့ကို အသိပညာပေးဟောပြောဆွေးနွေးပို့ချနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တွင် ဧပြီလမှ ဒီဇင်ဘာလအထိ စက်ရုံ၊ အလုပ်ရုံ ၃၈၆၂ ရုံမှ အလုပ်သမား ၉၈၃၁၃ ဦးတို့ကို ဆွေးနွေးပို့ချခဲ့ပြီး ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောက်လုပ် ရေး ဝန်ကြီး ဌာနအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်း များ၊ သင်္ဘောကျင်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဝင်ရောက်မည့်အလုပ်သမားများလုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Safety Course သင်တန်းများကို ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ)တွင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ အင်ဂျင်နီယာများ၏ ရာထူးအဆင့် အလိုက် သင်တန်းများပြုလုပ်ပြီး သင်ကြားပေးခြင်း၊ သင်တန်းဆင်းလက်မှတ်များ ထုတ်ပေးခြင်း၊ ပုဂ္ဂလိက သင်တန်းများနှင့်ပူးပေါင်းပြီး သင်တန်းများ အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ သင်္ဘောကျင်းများ၊ စက်ရုံအလုပ်ရုံ များတွင် လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Safety Course သင်တန်းများကို တိုင်းနှင့်ပြည်နယ်အလိုက်ပို့ချ၍ သင်တန်းဆင်းလက်မှတ်များရရှိအောင် ဆောင်ရွက်ပေးရန် လောလော ဆယ် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
