ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်ရှိ အများပြည်သူသွားလာနေသော ဗိုလ်ရာညွန့်လမ်းတွင် ခိုင်မာစွာဆောက်လုပ်ထားသော သံတံခါးကြီးဖြင့် လမ်းပိတ်ဆို့ထားရှိပြီး ဌာနဆိုင်ရာယာဉ်များသာ အဝင်/အထွက်ရှိပါကြောင်း ထို့အပြင် ဝင်/ထွက်ပေါက်လမ်းကြောင်းအား ပိတ်၍ ယာဉ်မရပ်ရ။ တွေ့ရှိပါက ယာဉ်ထိန်းဥပဒေအရ အရေးယူမည်ဖြစ်ပြီး ဒဏ်ငွေပေးလျော်ရမည်ဟူ၍ Myanmar Mobile Money Services ဟုပူးတွဲ ရေးသားထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် (က) အများပြည်သူများ သွားလာရန် လမ်းမကြီးအား ပိတ်ဆို့ထားသော Myanmar Mobile Money Services သည် မည်သည့်အခွင့်အာဏာအရ ပိတ်ဆို့ထားသည်။ (ခ) အများပြည်သူများအား ဖြတ်သန်းသွားလာရန်ခွင့်မပြုဘဲ ဌာနဆိုင်ရာယာဉ်များသာဆိုသည်မှာ မည်သည့်ဌာနမှယာဉ်များဖြစ်သည်။ (ဂ) ယာဉ်ထိန်းဥပဒေအရ အရေးယူမည် ဆိုသည်မှာ မည်သည့်ပုဒ်မဖြင့် အရေးယူမည်။ (ဃ) ယာဉ်မရပ်ရ ဆိုင်းဘုတ်ငယ်များကို အများပြည်သူသွားလာသောလမ်းမကြီးပေါ်တွင် ချထားခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးနန္ဒကျော်စွာ (ဒဂုံ) ကိုယ်စား ဦးစိုးဝင်း (ကျောက်တံတား) က မေးမြန်းပါသည်။
ယခုမေးခွန်းများနှင့် စပ်လျဉ်း၍ မိမိတို့ဘက်မှ ယခင်လုံခြုံရေးအခြေအနေအရ တည်ရှိနေမှုများဖြစ်သည့် အတွက် ယခုအခါ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြီး ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့် လမ်း သံပန်းတံခါးပိတ်ထားခြင်းအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြန်လည် ဖွင့်လှစ်၍ ဖြတ်သန်းသွားလာ ခွင့်ပြုရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
