မိမိတို့ ကျောက်တန်းမြို့နယ်တွင် ကျေးရွာအုပ်စု စုစုပေါင်း (၅၇)အုပ်စု လူဦးရေ တစ်သိန်းခြောက်သောင်းကျော် သည် လယ်ယာလုပ်ငန်းနှင့် ရေထွက်လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပါကြောင်း၊
ကျေးရွာအုပ်စုများကို မှော်ဝန်းချောင်းဖြင့် တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းဟူ၍ ပိုင်းခြားထားပါသည်။ မှော်ဝန်းချောင်း တောင်ဘက်ကမ်းမှာရှိသည့် ကျေးရွာများတွင် တည်ရှိပြီး မုတ္တမပင်လယ်ကွေ့နှင့် ဆက်စပ်နေသဖြင့် ကျေးရွာအများစုသည် သွားလာရေးခက်ခဲသည့် ကျေးရွာများ ဖြစ်ပါကြောင်း၊ မှော်ဝန်းချောင်း တောင်ဘက်ကမ်းမှာရှိ ကျေးရွာများဖြစ်သည့် ပန်းတော၊ ဘော်ကလွတ်၊ ချောင်းဝ၊ မီးပြ၊ ဇွဲဘာကုန်းတန်း၊ ကွနှီး၊ ကမာကလုတ်၊ ကုလားတန်းစသည့် ကျေးရွာများမှ မိဘပြည်သူများအား ပန်းတောကူတို့ဆိပ်မှတစ်ဆင့် စက်လှေများဖြင့် မှော်ဝန်းချောင်းကိုဖြတ်ပြီး ကျောက်တန်းမြို့နှင့် သန်လျင်-ရန်ကုန်များကို နေ့စဉ်သွားလာနေကြပါကြောင်း၊ ထို့ကြောင့် အချိန်တိုအတွင်း သွားလာနိုင်ရန်အတွက် မှော်ဝန်းချောင်းကကိုဖြတ်ပြီး တံတားသစ်တစ်စင်း တည်ဆောက်ပေးရန် အထူးဆောင်ရွက်လျက် ရှိကြပါကြောင်း၊ တံတားသစ်တစ်စင်း တည်ဆောက် ပေးရမည်ဆိုပါက ဒေသထွက်၊ ရေထွက်ပစ္စည်းများနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ သွားလာနိုင်မည်ဖြစ်ပြီး ဒေသကိုများစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တန်းမြို့နယ်၊ မှော်ဝန်းမြို့ကိုဖြတ်ပြီး တံတားသစ်တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ မှော်ဝန်းချောင်း ချောင်းကူးကွန်ကရစ်ဘိုး တိုင်တံတားသစ်တစ်စင်း ၁၅၅၀ပေ၊ ၃၁ ပေနှင့် ၃၀ ပေ တည်ဆောက်မည်ဆိုလျှင် ငွေကျပ်သန်းပေါင်း ၆၂၀၀ သန်း ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၁၅ ရွာရှိ လူဦးရေ ၃၁၃၄၉ ဦးတို့ကို အကျိုးပြုမည် ဖြစ်ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ်သန်းပေါင်း ၃၉၉၃.၄ သန်းဖြင့် ကွန်ကရစ်လမ်း ၁၈ မိုင် ၇ ဖာလုံ၊ ကျောက်ချောလမ်း ၇ မိုင် ၁ ဖာလုံ၊ မြေသားလမ်း ၂၄ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်တံတား ၁၃၀ ပေ၊ သစ်သားတံတား ၈၀၈ ပေနှင့် Box Culvet ၁၈၅ ပေ တို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ကျောက်တန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၇၆၇.၈၅၃ သန်းနှင့် ကွန်ကရစ်လမ်း ၂ မိုင် ၁ ဖာလုံ၊ ကျောက်ချောလမ်း ၄ မိုင်၊ မြေသားလမ်း ၄ ဖာလုံနှင့် သစ်သားတံတား ၁၉၀ ပေ တို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေနှင့် ကျောက်တန်း-ဝဲကြီး-တံတား-သုံးခွလမ်းပေါ်ရှိ မှော်ဝန်းတံတားကြီးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်းစတင်ဆောင်ရွက်ခဲ့ပြီး (၁၂.၇.၂၀၁၅) ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုတံတားကြီးသည် အရှည်ပေ ၉၀၀ကျော်ရှိပြီး အကျယ် ၂၄ ပေရှိ ကျေးရွာအုပ်စု ၃၀၊ ကျေးရွာပေါင်း ၄၅ ရွာမှာရှိသည့် လူဦးရေ ၈၁၄၇၈ ဦးတို့ကို အကျိုးပြုလျက်ရှိပါကြောင်း၊ ထို့အပြင် လယ်ယာထွက်ကုန် စီးဆင်းမှုအတွက် အထောက်အကူပြုစိုက်ပျိုး မြေဧက ၁၂၇၇၁၂ ဧက၊ သားငါး အလွယ်တကူပို့ဆောင်ရေး အထောက်အကူပြု (ငါး+ပုဇွန်) မွေးမြူရေးကန်၁၂၃၈၉ ဧက၊ စာသင်ကျောင်း ၇၃ ကျောင်း၊ ကျောင်းသားဦးရေ ၁၃၂၃၅ ဦးကို အကျိုးပြုလျက်ရှိသည့် တံတားကြီးဖြစ်ပါကြောင်း၊ တံတားမဆောက်မီ အချိန်က ကျောက်တန်းမှ သန်လျင်-သုံးခွ-တံတားမြို့အထိ တစ်နာရီခွဲခန့် အချိန်ယူသွားလာခဲ့ရပြီး ယခုအခါတွင် ကျောက်တန်း မြို့မှ တံတားမြို့သို့ နာရီဝက်အတွင်း အချိန်တိုတိုနှင့် အလွယ်တကူသွားလာနိုင်ပြီ ဖြစ်ပါကြောင်း၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာနှင့် စင်မကော်ကျေးရွာဖြတ် မှော်ဝန်းချောင်းကူး တံတားတစ်စင်း တည်ဆောက် ဖွင့်လှစ်ပြီးဖြစ်ပါသဖြင့် မှော်ဝန်းချောင်းကူး သစ်တံတားတစ်စင်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် လျာထားတင်ပြထားခြင်း မရှိပါသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိ သေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
